Thursday 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၃)

အခု Globalization ဖြစ်တယ်။ အင်မတန်မှ စီးပွားရေးမှာ ကျွမ်းကျင်တဲ့ International co-operate တွေ သူတို့က အမြတ်အစွန်းတွေ အများကြီးရတယ်။ တချို့ဆိုရင် ရှေ့နေကောင်းကောင်းတွေ ငှားပြီးတော့ ဘယ်လို အခွန်မပေးရအောင် အဲ့လိုတွေ လုပ်တယ်။

အဲ့လို လုပ်တဲ့အခါကျတော့ သူတို့က ပိုက်ဆံတွေ အများကြီးရထားတယ်။ မရှိတဲ့သူတွေက မရှိဘူးဆိုရင် လူတန်းစား မညီမျှဘူး။

ဒ့ါကြောင့် တခြားနိုင်ငံတော့ မသိဘူး။ ဘုန်းဘုန်း အခု အနှစ်၂၀ကျော်ကျော်နေလာခဲ့တဲ့ အင်္ဂလန်နိုင်ငံမှာ လခများတဲ့သူဆိုရင် အခွန်က ရာခိုင်နှုန်း ၄၀ ကောက်တယ်။ လခ ၁၀၀ရရင် ၄၀ အခွန်ဆောင်ရတယ်။

အဲ့ဒီအခွန်ထဲကနေ ကျောင်းတွေ ပြန်ဆောက်တယ်။ ဆေးရုံတွေ ဆောက်တယ်။ လမ်းတွေ ပြန်ဆောက်တယ်။ အဲ့ဒီဟာကို လူတိုင်းအသုံးပြုတယ်။

အင်္ဂလန်နိုင်ငံမှာ ဆေးရုံသွားရင် တစ်ပြားမှ မပေးရဘူး။ Welfare State ခေါ်တာပေါ့။ မပေးရဘူး။ ဒါတွေဟာ ပစ္စည်းဥစ္စာ သယံဇာတ မြေပေါ်မြေအောက် အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ မျှဝေတဲ့နေရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကောင်းအောင်၊ မျှတအောင်၊ ငြိမ်းချမ်းအောင်၊ ဆူပူမှုမဖြစ်အောင် ကြိုးစားပြီးတော့ လုပ်တဲ့ နမူနာလေးပြောပြတာ။ ဘုန်းဘုန်းက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့သူလည်း မဟုတ်ဘူး။ တရားဓမ္မရှုထောင့်ကနေပြီးတော့ ဒါလေးပြောပြတာ။

ဒါဖြင့် မိမိရဲ့လိုအပ်ချက်က တစ်ယောက်တည်းလိုအပ်ချက် မဖြစ်နိုင်ဘူး။ မိမိရဲ့ လိုအပ်ချက်က သူများလိုအပ်ချက်နဲ့ ပတ်သက်နေတယ်။ ဆက်နွယ်နေတယ်။ ကိုယ်ကလည်း အတန်းကျောင်းတွေ လိုအပ်တယ်။ ဆေးရုံတွေ လိုအပ်တယ်။ ကိုယ်တစ်ယောက်ထဲလည်း မဆောက်နိုင်ဘူး။ အဲ့ဒီဟာတွေကို စုပေါင်းပြီးတော့ ဆောက်ရမယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့သူ သုံးနိုင်အောင်၊ ပိုက်ဆံ ရှိရှိ မရှိရှိ သုံးနိုင်အောင် ဆောက်ရမယ်။ ဒီလို စနစ်တွေ၊ ဒီလိုအပ်ချက်တွေ..

ဘုန်းဘုန်းက လိုအပ်ချက်တွေအကြောင်းပြောနေတာ။ ပထမဆုံး ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်ချက်၊ စားဝတ်နေရေး ကျန်းမာရေး၊ အဲ့ဒီကနေတဆင့် ချဲ့ပြီးတော့ လူမှုရေးအဆင့်အနေနဲ့ တွေးလိုက်တယ်ဆိုရင် မိသားစုတစ်စုအနေနဲ့ လိုအပ်တာ ပညာရေးအတွက်၊ ကျန်းမာရေးအတွက်၊ မြို့နယ်တစ်မြို့နယ်အနေနဲ့၊ တိုင်းတစ်တိုင်းအနေနဲ့၊ ပြည်နယ်တစ်ပြည်နယ်၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ လိုအပ်တာ။ အဲ့ဒီလိုအပ်ချက်တွေဟာ သူက ဆက်စပ်နေတယ်။ အစိုးရရဲ့တာဝန်ထဲမှာ Public Saftey နဲ့ wealth distribution ဆိုတာ နိုင်ငံသူနိုင်ငံသား လုံခြုံမှုအတွက်နဲ့ ပစ္စည်းဥစ္စာ မျှမျှတတဝေငှဖို့အတွက်ဆိုတဲ့ တာဝန်နှစ်ခုပဲ။

အခု ဘုန်းဘုန်းတို့ခေတ်မှာ အားလုံးသိတဲ့အတိုင်း ကမ္ဘာကြီးက ရွာလေးတစ်ရွာလောက်သာ ဖြစ်လာတဲ့အခါကျတော့ ဟိုဘက်နိုင်ငံက၊ တခြားတစ်နိုင်ငံက မီးတွေရှို့တယ်ဆိုရင် သူတို့ရဲ့ မီးခိုးတွေ ကိုယ့်ဆီရောက်လာတယ်။ သူတို့ဆီမှာ ဆူပူတယ်ဆိုရင် ကိုယ့်ဆီကို ဒုက္ခသည်တွေရောက်လာတယ်။ ကိုယ့်ဆီမှာ ဆူပူတယ်ဆိုရင် သူတို့ဆီကို ဒုက္ခသည်တွေ ရောက်သွားတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဒီလိုပဲ အချင်းချင်း ကောင်းတာ၊ ဆိုးတာ အကျိုးသက်ရောက်မှု ရှိတယ်။ Effect ဖြစ်တယ်ပေါ့။ Impact တွေရှိတယ်။

လိုအပ်မှုတွေထဲမှာ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်မှုက လိုချင်မှုထဲကို ရောက်သွား၊ ရောက်သွားတယ်ဆိုရင် ဒီ အားလုံးရဲ့ လိုအပ်မှုကို သွားပြီးတော့ Negative impact သွားပြန်ရောက်တယ်။

ဘုန်းဘုန်းက တကယ်လို့ ပိုက်ဆံတတ်နိုင်လို့ စင်္ကာပူနိုင်ငံရဲ့ မြေတဝက်လောက်ကို တစ်ပါးတည်း ဝယ်ထားတယ်ဆိုပါတော့။ ကျန်တဲ့သူတွေ ဘယ်လိုလုပ်မှာတုန်း။

ကျဉ်းကျဉ်းကြပ်ကြပ်နေရတဲ့အတွက်ကြောင့်မို့လို့ ဆူပူမှုဖြစ်နိုင်တယ်။ တချို့နိုင်ငံတွေမှာ ပိုက်ဆံအရမ်းရှိတဲ့သူတွေကလေ မရှိဆင်းရဲသားတွေကို ဆိုင်ကယ်မဝယ်ချင်ရင် ဝယ်ချင်အောင်၊ ရေခဲသေတ္တာမလိုအပ်ဘဲနဲ့ လိုချင်အောင်၊ ကား မလိုအပ်ဘဲနဲ့ လိုချင်အောင် အဲ့လိုမဲဆွယ်ပြီးတော့ သူတို့ကိုအကြွေးနဲ့ရောင်းတယ်။

ကြာလာတဲ့အခါကျတော့ မဆပ်နိုင်ရင် မြေနေရာပါ ပါသွားတယ်။ အိမ်နေရာပါ ပါသွားတယ်။ ဒီလိုနဲ့ တောတွေမှာ အိမ်မဲ့ယာမဲ့ဖြစ်သွားတယ်။ သူ့ရဲ့လိုအပ်မှုထက် ပိုပြီးတော့ သူ့ရဲ့လိုချင်မှုနောက်ကို လိုက်သွားတဲ့အခါကျတော့ တခြားလူတွေ နစ်နာတာပေါ့။

ဥရောပမှာ ရိုးသားတဲ့သူတွေ တချို့ပြောတဲ့စကားရှိတယ်။ ဥရောပနိုင်ငံတွေက ချမ်းသာကြွယ်ဝတာ အာရှထက်စောတယ်လေ။ အင်္ဂလန်နိုင်ငံတို့၊ ပြင်သစ်နိုင်ငံတို့၊ ဂျာမနီနိုင်ငံတို့၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပေါ်တူဂီ အဲ့ဒီနိုင်ငံတွေက စောစောစီးစီးချမ်းသာတဲ့နိုင်ငံတွေ။

သူတို့က ဘာပြောလဲဆိုတော့ For every rich nations in Europe, there is one nation destroyed in the other site of the world - ဥရောပမှာ နိုင်ငံတစ်နိုင်ငံ ကြီးပွားချမ်းသာဖို့အတွက် ကမ္ဘာရဲ့ တခြားအခြမ်းမှာ အဖျက်ဆီးခံရတဲ့ နိုင်ငံရှိတယ်။ တခြားနိုင်ငံမှာ သယံဇာတတွေ သွားယူလာပြီးတော့ သူတို့နိုင်ငံကို လာဆောက်ထားတာကိုး။ အဲ့ဒီလို ပြောတယ်ဆိုရင် အာဃာတထားပြီးတော့ တိုက်ခိုက်ပေးရာရောက်တယ်။

ဆိုလိုတာက ဗုဒ္ဓတရားတော်က သင်ပေးတဲ့ထဲမှာ "လိုအပ်မှု"နဲ့ "လိုချင်မှု"ထဲမှာ လိုအပ်မှုကို ကိုယ်က တရားသဖြင့်ရှာဖွေစုဆောင်းနိုင်တယ်။

လိုချင်မှုကတော့ လိုချင်လာပြီဆိုရင် အတောမသတ်နိုင်တော့ဘူး။ လိုအပ်မှုက အတိုင်းအတာရှိတယ်။ ဖြည့်ဆည်းနိုင်တယ်။ လိုချင်မှုကတော့ ဖြည့်ဆည်းလို့ မရဘူး။ မပြည့်နိုင်ဘူးပေါ့။

ခန္ဓာကိုယ်က ဗီတာမင်ဘယ်လောက်လိုလဲဆိုတာ တစ်နေ့တာ တွက်ချက်ပြီးတော့ စားလို့ရတယ်။ ဗီတာမင်ဒီဘယ်လောက်လိုလဲ။ စီ ဘယ်လောက်လိုလဲ၊ ဗီတာမင် အီး ဘယ်လောက်လိုလဲ၊ ပရိုတင်းဘယ်လောက်လိုလဲ၊ သံဓာတ်ဘယ်လောက်လိုလဲ ဒါတွေ တွက်ချက်ပြီးတော့ စားလို့ရတယ်။ ဒါက လိုအပ်ချက်။

လိုချင်မှုကျတော့ မဟုတ်တော့ဘူး။ ဒီနေ့ဒါကို စားတယ်။ မနက်ဖန်ဒါကို မစားချင်တော့ဘူး။ ဒီအထဲက ဗီတာမင် ဘယ်လောက်ပဲ လိုအပ်လိုအပ် ကိုယ်က မစားချင်တော့ဘူး။ ဘာလို့ မစားချင်တာလဲဆိုတော့ စိတ်က reject လုပ်တယ်။

တစ်နပ်စားပြီးသားဟင်းဆိုရင် အလိုလိုနေရင် ငြင်းပယ်၊ reject လုပ်တဲ့အကျင့်က ပါပြီးသား။ ဒါ့ကြောင့် လူသားတွေမှာ ရှိတဲ့တင်းတိမ်မှုကလည်း ထမင်းတစ်နပ်ထက် ပိုပြီးတော့ အသက်မရှိဘူး။ ဒီတစ်နပ် ဘာကြိုက်တုန်း၊ ကြိုက်တဲ့ဟာလေး စားလိုက်တယ်။ နောက်တစ်နပ်ကျရင် မစားချင်တော့ဘူး။ စားတယ်ဆိုရင် စိတ်ထဲမှာ တမျိုးကြီးဖြစ်နေတယ်။

တရားဟောတိုင်း ဘုန်းဘုန်းက ဒါကိုပြောတာ။ ဘာကြောင့် အဲ့လို ပြောလဲဆိုတော့ အရှေ့နိုင်ငံ အနောက်နိုင်ငံ နေရာတိုင်းမှာ ဒါပဲ တွေ့ရလို့။
Menu ထပ်လို့ မရဘူး။ ထပ်တယ်ဆိုရင် အလိုလိုနေရင်းနဲ့ စိတ်ထဲမှာ နေမထိ ထိုင်မသာဖြစ်တယ်။ နောက် ကိုယ့်ဟာကိုယ်လည်းပဲ လူတန်းမစေ့သလို ခံစားရတယ်။ ဟုတ်တယ်မလား။ ဒီနေ့ကြက်သားစားတယ်။ နောက်နေ့လည်း ကြက်သားပြန်စားရမယ်ဆိုရင် မတူအောင်၊ လုံးဝမတူအောင်ချက်မှ စားတာ။ မဟုတ်ရင် မစားချင်ဘူး

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့်
ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

No comments:

Post a Comment