Thursday 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၇)

 အခုက ဘုန်းဘုန်းတို့ ဆရာသမား ဆရာတော်ကြီးတွေရဲ့ လက်ထက်ကနဲ့စာရင် အများကြီး စားစရာသောက်စရာတွေလည်း ပိုပြီးတော့ ကောင်းတယ်။ ပိုပြီးတော့ ပေါတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ပိုပြီးတော့ ကောင်းတယ်။

 ဘုန်းဘုန်းတို့ ပဲခူးသာသနာ့မဏ္ဍိုင်က ဒုတိယမြောက်ဆရာတော်ကြီး (သက်တော် ၈၇ နှစ်) ဒီနှစ်အစောပိုင်းက ပျံလွန်တော်မူသွားတယ်။ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သံဝရဆိုတာ အဘိဓမ္မာအဋ္ဌကထာ သင်ကြားရေးမှာ နိုင်ငံကျော်ပဲ။

 ဆရာတော်က ဘာအမိန့်ရှိလဲဆိုတော့ မန်းလေးမှာ စာသင်တုန်းကတဲ့ သူတို့ ဆရာက မိန့်တယ်။
"မင်းတို့ ထမင်းတစ်လုတ်၊ ပဲတစ်စေ့ဆိုရင် မွဲရောပေါ့ကွာ"တဲ့..

 ဘာပြောတာတုန်းဆိုတော့ "ထမင်းတစ်လုတ် ဘုဉ်းပေးတိုင်း စွန်တာနီပဲတစ်စေ့ ဘုဉ်းလို့မရဘူး"။ "ထမင်းနှစ်လုတ်လောက်မှ ပဲတစ်စေ့" အဲ့လို ဘုဉ်းရတယ်တဲ့။

 ဘုန်ဘုန်းတို့ ခေတ်မှာကျတော့ ပဲခူးမှာနေတာ။ ဆွမ်းတစ်လုတ်ကို ပဲတစ်ဇွန်းဘုဉ်းတယ်။ အဲ့ဒီပဲကလည်း မုံရွာ အရာတော်ဘက်ကနေပြီး တစ်နှစ်စာ သံဃာလေးငါးရာအတွက် ပို့တယ်။

 ဘုန်းဘုန်းတို့ကျောင်းတင်မဟုတ်ဘူး။ တခြားကျောင်းတွေလည်း ဒီလိုပဲ တော်တော်ပြည့်စုံတယ်။ ခုခေတ်ဆို ပိုပြီးတော့တောင် ပြည့်စုံသေးတယ်။

 ဒါပေမယ့် မေးကြည့်တယ်။
နှစ်ပေါင်း ၇၀, ၈၀အတွင်းမှာ ဘုန်းဘုန်းတို့ နိုင်ငံသူ နိုင်ငံသားတွေ ပိုပြီးတော့ ပျော်လာသလား?
အင်အားသုံးပြီးတော့ တစ်ဦးအပေါ်တစ်ဦးဆက်ဆံတာတွေ နည်းလာလား?
ထစ်ခနဲဆို ဒေါသဖြစ်တာတွေ.. ကားနည်းနည်းကြပ်တာနဲ့ ထစ်ခနဲ မီးတောက်တာတွေ အဲ့ဒါတွေ နည်းလာလား?
မနည်းဘူး။

 ဒါ့ကြောင့်မို့ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ရော၊ မိသားစုအနေနဲ့ရော၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ရော၊ တစ်ကမ္ဘာလုံး အနေနဲ့ရော ဘုန်းဘုန်းတို့က စဉ်းစားရမှာက အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်။

 အရင်တုန်းက ရေနံမတွေ့သေးဘူး။ ကားတွေလည်း မရှိသေးဘူး။ အခု ကားတွေပေါ်လာတာ နှစ်ပေါင်း ၁၀၀ စွန်းစွန်းပဲ ရှိသေးတယ်။ သုံးနေတဲ့ ရေနံတွေက ဘယ်အချိန်ကုန်မယ်ဆိုတာ သိပံ္ပပညာရှင်တွေက တွက်လို့ရနေပြီ။ ဆိုလာနဲ့ကားတွေ စပြီ တီထွင်နေပြီ။

 အဲ့ဒီလို ဘာဖြစ်လို့ တီထွင်ရတာလဲဆိုတော့ ရေနံက တစ်ချိန်မဟုတ် တစ်ချိန်မှာ ကုန်မှာ။ ဘုန်းဘုန်းတို့ လက်ထက်မှာ ဘုန်းဘုန်းတို့ တစ်သက်မှာ မကုန်ရင်လည်း Next Generation မှာ ကုန်ဖို့ အနေအထားရှိတယ်။ အရာရာတိုင်းက limit ရှိတယ်။

 အဲ့ဒီ တစ်ထွာက လိုအပ်ချက်ဖြစ်ခဲ့တယ်ဆိုရင် ဒီဝမ်းတစ်ထွာကို ဖြည့်ဆည်းရတာ မခက်ဘူး။ ဒါပေမဲ့ အဲ့ဒီဝမ်းတစ်ထွာက လိုချင်မှု ဖြစ်တယ်ဆိုရင် အဲ့ဒီဝမ်းတစ်ထွာက တစ်ယောက်တည်းဝမ်းတစ်ထွာကိုတောင်မှ ဖြည့်လို့ မရပါဘူးတဲ့။

 ဒါ့ကြောင့် မြတ်စွာဘုရားက "ယမ္ပိစံ္ဆ န လဘတိ တမ္ပိ ဒုက္ခံ" ဓမ္မစကြာထဲမှာ ပထမဆုံးတရားဟောကတည်းက, ပထမဆုံး First Lecture ကတည်းက မြတ်စွာဘုရားဟောထားတယ်။ "လိုချင်တာ မရတဲ့ဒုက္ခ"။

 ဒီဟာကို ဘာလုပ်ရမလဲဆိုတော့ "လိုချင်ရင် လိုချင်မှန်းသိရမယ်"တဲ့။ "ပြိုင်ချင်တယ်ဆိုရင် ပြိုင်ချင်မှန်းသိရမယ်"။ သူဝတ်ရတဲ့အခါ ကိုယ်မဝတ်ရလို့ ကိုယ့်စိတ်ထဲမှာ တစ်ခုခုဖြစ်ရင် ဒါ perception ကြောင့်ဖြစ်တာ။ ဒါလေးကို လိုက်သိရမယ်။

 အဲ့ဒီလို လိုက်ပြီးသိတယ်ဆိုရင် ကိုယ့်မှာ ဘာမှ စိတ်ညစ်စရာမရှိဘူး။ စိတ်ဆင်းရဲစရာမရှိဘူး။
ကိုယ့်မှာ ရှိတဲ့အင်အား၊ ကိုယ့်မှာရှိတဲ့ စွမ်းအင်ကို မိမိအတွက်တင် မကဘဲနဲ့ လောကကြီးအတွက်ပါ လုပ်ပေးနိုင်ရင်..

 ဥပမာ စီးပွားရေး အများကြီးလုပ်တယ်။ အဲ့ဒီထဲကနေ အခွန်တွေ အများကြီးပေးနိုင်တယ်ဆိုရင် ဒီအခွန်က ကျောင်းဆောက်ဖို့အတွက်၊ ဆေးရုံဆောက်ဖို့အတွက် infrastructure တွေ ဆောက်ဖို့အတွက် အဲ့ဒါတွေမှာ ပါသွားတယ်။ နိုင်ငံကို တည်ထောင်တဲ့ ပုဂ္ဂိုလ်ထဲမှာ ကိုယ်ပါသွားတယ်။

 အဲ့ဒီထဲမှာ မြတ်စွာဘုရား အမိန့်ရှိတာက ဉာတ္ထစရိယ - မိမိရဲ့ဆွေမျိုးတွေ ပညာတတ်အောင်၊ ကျန်းမာရေးကောင်းအောင် ကျန်းမာရေးတွေ စစ်ပေးနိုင်တယ်။ ဗီတာမင်တွေ ဝယ်ပေးနိုင်တယ်။ အစားအသောက်တွေကောင်းအောင် ၊ မျှတအောင် ကျွေးနိုင်တယ်။

 လောကတ္ထစရိယ - အများအကျိုးအတွက် နိုင်ငံနဲ့ချီပြီးတော့ ဖြစ်နိုင်ရင် ကမ္ဘာနဲ့ ချီပြီးတော့ အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်၊ အဲဒီလို လုပ်နိုင်ဖို့အတွက်က ဘာစဉ်းစားရမှာတုန်းဆိုတော့ လူ့ဘဝရဲ့သက်တမ်း အတိုင်းအတာရှိတယ်။ အချိန်ကလည်း အတိုင်းအတာရှိတယ်။

 Time is limited Limit ဖြစ်တဲ့အချိန်အတွင်းမှာ ငါ့အတွက်လည်း အကျိုးရှိအောင်၊ အကျိုးစီးပွားဖြစ်အောင်၊ မိသားစုအတွက်လည်း အကျိုးစီးပွားဖြစ်အောင်၊ နိုင်ငံနဲ့ လူမျိုးအတွက် ဖြစ်နိုင်ရင် ကမ္ဘာကြီးအတွက်အကျိုးဖြစ်အောင် ငါဘာလုပ်နိုင်တုန်း။ အဲ့ဒီလို စဉ်းစား။

 စဉ်းစားတဲ့နေရာမှာ အဓိကလိုအပ်တဲ့ consideration စဉ်းစားတွေးခေါ်မှုက မိမိမှာ လိုအပ်ချက်က ဘယ်လောက်ရှိပြီးတော့ လိုချင်မှု Desire ဘယ်လောက်ရှိတုန်း။

 လိုချင်မှု Desire နောက်ကိုပဲ လိုက်နေတယ်ဆိုရင် အများအကျိုးဆောင်ဖို့အတွက် အချိန်မရှိတော့ဘူး။
အများအကျိုးဆောင်ဖို့အတွက်လည်း မရှိတော့ဘူး။
အဲ့ဒီ အလိုဆန္ဒနောက်ကို လိုက်နေတာနဲ့ ဘဝက ဒီအတိုင်းကုန်သွားတာပဲ။

 သူဌေးကြီးတစ်ယောက် ဒီလိုပဲ Desire လိုချင်တဲ့နောက်ကို အများကြီးလိုက်သွားတော့ ကာမဂုဏ်တွေ အများကြီးလိုက်စားတယ်။ ဒီကြားထဲ လိုချင်တာက ရလေ လိုလေဆိုတော့လေ.. ပစ္စည်းတွေ၊ အခြံအရံတွေ အများကြီးရှိတာကို မကျေနပ်နိုင်ဘဲ နောက်ပိုင်းမှာ စိတ်ဖြေဖျောက်နည်းကို လိုက်ရှာရင်း ဖဲရိုက်တယ်။ ဖဲကို အရမ်းစွဲသွားတယ်။ အသက်ရှစ်ဆယ်ကျော် သေခါနီးမှာ လက်က မလှုပ်နိုင်တော့ဘူး။

 အဲ့ဒါ ဘေးနားက လူတစ်ယောက်ကို ဖဲလာကစားခိုင်းတယ်။ သူ့ရှေ့မှာဖဲလေးပြ။ နောက် ဟိုတစ်ချပ်ချလိုက်။ ဟိုတစ်ချပ် ယူလိုက် သေခါနီးမှာ ဒါပဲ စိတ်ရောက်နေတယ်။ သူ့မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ သူ့မှာရှိတဲ့ သြဇာအာဏာနဲ့ အများအကျိုး ဒီဘဝအတွက်ရော နောက်ဘဝအတွက်ရော လုပ်နိုင်ပါလျက်နဲ့ လုပ်နိုင်ခွင့် ယူမသွားဘူး။

 ဘာလို့ ယူမသွားတာတုန်းဆိုတော့ သူ့ရဲ့ ဘဝမှာ လိုအပ်ချက်ကို မေ့ပြီးတော့ လိုချင်မှု နယ်ထဲမှာပဲ သံသရာလည်နေလို့.. အဲ့ဒီလိုနဲ့ပဲ သူက ဘဝလမ်းလျှောက်တာလေ လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားတယ်ဆိုပါတယ်။

 ဒါ့ကြောင့် ဒီနေ့ စကားလုံး နှစ်လုံး တရားနာပရိတ်သတ်များ မှတ်မိပါစေ။ လိုအပ်ချက်နဲ့ လိုချင်မှု..

 လိုချင်မှု အလိုဆန္ဒမပြည့်တဲ့ အချိန်မှာ ဘာ့ကြောင့် မပြည့်တာတုန်း။ လိုအပ်ချက် မပြည့်လို့ဆိုရင်တော့ ကိုယ်ပိုကြိုးစားရမှာပေါ့။ ပိုလေ့လာရမှာပေါ့။ လိုချင်မှု မပြည့်ဘူးဆိုရင်တော့ အဲ့ဒါကို သတိပဋ္ဌာန်တရားနဲ့ ကြည့်ရမယ်။ အဲ့ဒီလို လုပ်တဲ့အခါကျမှ လောကအနေနဲ့လည်း ပြည့်စုံမယ်။ ဓမ္မအနေနဲ့လည်း ပြည့်စုံမယ်။ ဘဝပျော်ရွှင်မှုရှိမယ်တဲ့။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား www.facebook.com/Sayardawsdhammatalkcollections မှ ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment