Saturday 25 February 2017

ပါရမီ (၁၀) ပါး

နမော ဗုဒ္ဓဿ
ပါရမီ (၁၀) ပါး
အဓိကအားဖြင့် ဝိသုဒ္ဓိ (၇) ပါး သင်တန်းပေးမှာ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာများအနေနဲ့  တရားအားထုတ်မယ်ဆိုတဲ့အခါတိုင်း  "ပါရမီနည်းတယ်၊ ပါရမီမပြည့်သေးဘူး" ဆိုတဲ့ ဆင်ခြေစကားတွေကို ကြားကြားနေရလို့  ပါရမီ(၁၀) ပါးနဲ့ ပတ်သက်လို့လည်း အကျဉ်းချုပ်လေး သိသာရုံ ပြောပါဦးမယ်။
အမှန်ကတော့ ဗောဓိဉာဏ်ရရာ ရကြောင်း အခြေခံ ဗောဓိပက္ခိယတရား (၃၇) ပါး ဆိုတဲ့ ထဲမှာ ပါရမီဆိုတာတော့ မပါပါဘူး။ အဲဒီထဲက ဗလငါးပါးမှာ ပါတဲ့ သဒ္ဓါ တရားသည်ပင် ပါရမီကို ကိုယ်စားပြုတဲ့ တရားလို့တော့ ယူနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရား တရားဦး စဟောတော့မယ်လို့ ကြောငြာချက် ထုတ်တဲ့အခါ "အပါရုတာ တေသံ အမတဿ      ဒွါရာ = အားလုံး အတွက် အမြိုက်တံခါး ဖွင့်လိုက်ပြီ" "ယေသောတဝန္တော ပမုဉ္စန္တဝ သဒ္ဓံ = နားကြားနိုင်စွမ်းရှိသူတိုင်း သဒ္ဓါတရားကို လွတ်ကြ" လို့ ကြွေးကြော်သံကို ထောက်ရင် ပါရမီရှိရင် သဒ္ဓါရှိတယ်၊ သဒ္ဓါရှိရင် ပါရမီပြည့်တယ်လို့ အဓိပ္ပါယ် ရပါတယ်။
အခု သဒ္ဓါတရား ပြည့်စုံကြပါလျက် ပါရမီကို ရိုးမယ်ဖွဲ့ ကြသူတို့ ဆင်ခြင်စဉ်းစားနိုင်ဖို့ 
အကျဉ်းချုပ်ပြောမှာပါ။ ပါရမီဆယ်ပါးကို အတိုကောက် နားလည်နိုင်ဖို့  ဒီလင်္ကာလေးကို အရင် ရထားစေချင်တယ်။
ဒါန ၊ သီလ ၊ နေက္ခမ္မပါ ၊
ပညာ ၊ ဝီရိ ၊ ခန္တိ၊ သစ္စာ ၊
အဓိဋ္ဌာန ၊ မေတ္တာ ၊ ပေက္ခာ ၊
ပါရမီ ဆယ်လီ မှတ်ကြပါ ။
ဥပ ပရမတ္ထ ၊ ပွားက မှန်စွာ ၊
သုံးဆယ်ပါး အပြားမှတ်ကြပါ။
ဒီဆယ်ခုထဲမှာ ဗုဒ္ဓဘာသာတွေ သိပြီးသားက များပါတယ်၊ နည်းနည်း အဓိပ္ပါယ် စိမ်းနေမှာကတော့ နေက္ခမ္မပါပဲ၊ အားလုံးက တောထွက်တယ်လို့ နားလည်ထားကြတယ်။ အမှန်ကတော့ လောကီအာရုံ ကာမဂုဏ်တို့က ရုန်းထွက်တာကို နေက္ခမ္မလို့ ခေါ်တာပါ။
ဒီပါရမီဆယ်ခုမှာ တစ်ခုတစ်ခုစီအတွက် အချက်လေးချက် ရှိပါတယ်။ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်  တို့ ဖြစ်တယ်။ အဲဒါကို ပါရမီ တစ်ခုချင်းစီ နည်းနည်း ရှင်းပြပါမယ်။
ပါရမီကို ပြုလုပ်တဲ့အခါ ပထမဆုံးက အများသိသာအောင် မှတ်သားလောက်တဲ့ ပုဂ္ဂိုလ်ရဲ့ 
လုပ်ဆောင်ချက်ကို  "လက္ခဏ" လို့ ခေါ်ပါတယ်။ ဒီအချက်က ပုဂ္ဂိုလ်ရဲ့  လုပ်ဆောင်ချက်ဖြစ်လို့ "ပုဂ္ဂလဗျာပါရ" ခေါ်ပါတယ်။
အဲဒီ လုပ်ဆောင်ချက်အရ လုပ်ဆောင်သူရဲ့ သန္တာန်မှာ လက်ငင်းသက်ရောက် ခံစားလာရတဲ့ သဘောကို  "ရသ" (ကိစ္စ) လို့ ခေါ်ပါတယ်။ အဲဒီ ရသ ဆိုတာ ကိုယ်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်ကို ဓမ္မက ဆက်လက် ဆောင်ရွက်တာဖြစ်လို့ "ဓမ္မ ဗျာပါရ" ခေါ်ပါတယ်။
ဒီအခြေခံနှစ်ချက်အရ လုပ်ဆောင်သူရဲ့  ဉာဏ်ထဲမှာ ထင်မြင်လာတဲ့သဘောကို "ပစ္စုပဋ္ဌာန်" လို့ ခေါ်ပါတယ်။
ပါရမီတစ်ခု ဖြစ်မြောက်ဖို့အတွက် အနီးကပ်လိုအပ်တဲ့ အကြောင်းတရားကို "ပဒဋ္ဌာန်" လို့ခေါ်ပါတယ်။
လက္ခဏ    = ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်
ရသ (ကိစ္စ) = လုပ်ဆောင်သူရဲ့ သန္တာန်မှာ လက်ငင်းသက်ရောက် ခံစားလာရတဲ့ သဘော
ပစ္စုပဋ္ဌာန်    = အထက်တွင်ရှိသော အခြေခံနှစ်ချက်အရ လုပ်ဆောင်သူရဲ့  ဉာဏ်ထဲမှာ
ထင်မြင်လာတဲ့သဘော
ပဒဋ္ဌာန်      = ပါရမီတစ်ခု ဖြစ်မြောက်ဖို့အတွက် အနီးကပ်လိုအပ်တဲ့ အကြောင်းတရား
ဒီလေးမျိုးနဲ့ ပတ်သက်လို့ လယ်တီ ဆရာတော် ဘုရားကြီးရေးတဲ့ "ဥတ္တမ ပုရိသ ဒီပနီ" ကျမ်းက မကျဉ်း မကျယ် ထုတ်ပြပါ့မယ်။
ဒါနပါရမီ
လက္ခဏ    = စွန့်ကြဲခြင်း လက္ခဏာ
ရသ (ကိစ္စ) = ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မငြိတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = လှူဖွယ်ဝတ္တုလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

သီလပါရမီ
လက္ခဏ    = ကိုယ်နှုတ်နှစ်ပါးကို စောင့်စည်းခြင်း
ရသ (ကိစ္စ) = ကိုယ်မှု နှုတ်မှု ဒုစရိုက်ကို ဖျက်ဆီးခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ကိုယ်နှုတ်ဖြူစင် သန့်ရှင်းခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ဟီရိ သြတ္တပ္ပလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

နေက္ခမ္မပါရမီ
လက္ခဏ    = ကာမ ဘဝတို့မှ ထွက်ခွာခြင်းလက္ခဏာ
ရသ (ကိစ္စ) = ကာမ ဘဝတို့၏အပြစ်ကို ထင်စွာပြခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ကာမ ဘ၀တို့ကို မျက်ကွယ်ပြုလိုသောအဖြစ်လျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ကာမ ဘဝတို့မှ ထိတ်လန့် သော သံဝေဂဉဏ်လျှင်နီးသောအကြောင်း ပဒဋ္ဌာန်

ပညာပါရမီ
လက္ခဏ    = ဟုတ်မှန်သောသဘောကို ထိုးထွင်းသိခြင်းလက္ခဏာ
ရသ (ကိစ္စ) = သိဖွယ်အာရုံသဘာဝကို ထွန်းပြခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မတွေဝေခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = သမာဓိလျှင်နီးသောအကြောင်း ပဒဋ္ဌာန်

ဝီရိယပါရမီ
လက္ခဏ    = အားသစ်ကြိုးပန်းခြင်းလက္ခဏာ
ရသ (ကိစ္စ) = စိတ်ဓာတ်ခိုင်မြဲအောင် ထောက်ပံ့ခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မဆုတ်မနစ်ခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = အိုနာသေဘေးကို ထိတ်လန့်ခြင်း သံဝေဂဉာဏ်လျှင် နီးသောအကြောင်း ပဒဋ္ဌာန်

ခန္တီပါရမီ
လက္ခဏ    = စိတ်နှလုံးခိုင်ခန့်ခြင်းလက္ခဏာ
ရသ (ကိစ္စ) = ကောင်းဆိုးနှစ်တန် လောကဓံကို သည်းခံနိုင်ခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ရန်တုန့်မပြန်သည်းခံခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ဟုတ်မှန်စွာ သိမြင်တတ်သော ဉာဏ်လျှင်နီးသောအကြောင်း ပဒဋ္ဌာန်

သစ္စာပါရမီ
လက္ခဏ    = သူတစ်ပါးကို မှတ်မှား ယူမှား တိမ်းပါး ချွတ်ချော်အောင် မပြုခြင်း မပြောခြင်း လက္ခဏာ
ရသ (ကိစ္စ) = ဟုတ်မှန်တိုင်းသာ အလင်းဖွင့်ပြခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ပြောဆိုသမျှယုံကြည်ရ၍ နားဝချိုမြိန်သောစကားရှိသည်၏အဖြစ်လျှင်ထင်သော
ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ကိုယ်မှု နှုမှုတို့ ဖြောင့်မတ်ခြင်း၌ အလေးပြုခြင်းလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

အဓိဋ္ဌာန်ပါရမီ
လက္ခဏ    = ပါရမီကောင်းမှုတို့၌ မရွေ့ မယိုင်ကြံ့ခိုင်ခြင်းလက္ခဏာ
ရသ (ကိစ္စ) = ပါရမီတို့၏ဆန့်ကျင်ဘက်ကို ပယ်ရှားခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ပါရမီတို့၌ မလှုပ်မယိုင်သည်၏ အဖြစ်လျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ပါရမီလုပ်ငန်းလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

မေတ္တာပါရမီ
လက္ခဏ    = သူတစ်ပါးအကျိုးစီးပွားကို ဖြစ်စေခြင်းလက္ခာ
ရသ (ကိစ္စ) = သူတစ်ပါးကောင်းကျိုးကို သယ်ပိုးခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = အေးမြငြိမ်းချမ်းသောစိတ်ထားလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = သတ္တဝါတို့၏ နှစ်သက်ဖွယ်ဂုဏ်ကို မြတ်နိုးတတ်သောဉာဏ်လျှင် နီးသောအကြောင်း
                      ပဒဋ္ဌာန်


ဥပေက္ခာပါရမီ
လက္ခဏ    = လျစ်လျူရှုခြင်းလက္ခဏာ
ရသ (ကိစ္စ) = အညီအမျှရှုခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မုန်းချစ်နှစ်တန် ကင်းငြိမ်းခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ကမ္မဿကတဉာဏ်လျှင်နီးသောအကြောင်း ပဒဋ္ဌာန်

အပြင်ပ သက်ရှိ သက်မဲ့ ပစ္စည်းကို စွန့်၍ဖြည့်က ပါရမီ
ခန္ဓာကိုယ် အစိတ်အပိုင်းကို စွန့်၍ဖြည့်က ဥပပါရမီ
ကိုယ်အသက်ကို စွန့်၍ဖြည့်က ပရမတ္တပါရမီ

ဒီပါရမီဆယ်ပါးမှာ ခန္တီပါရမီက မိခင်နှင့်တူတယ်။ ဥပေက္ခာပါရမီက ဖခင်နှင့်တူတယ်။ အမိဝမ်းပေါ် ဖွားမြင်လာတဲ့ သူငယ်တို့ဟာ အမိ အဖတို့ စောင့်ရှောက်ကုန်မှ အသက်ရှင် လူလားမြောက်နိုင်ကြသလို ပါရမီဆယ်ပါးတို့မှာလည်း ခန္တီနဲ့ ဥပေက္ခာဆိုတဲ့ မိဖနှစ်ပါးတို့က စောင့်ရှောက်မှ ပါရမီမြောက်နိုင်တယ်။
နေက္ခမ္မပါရမီက သမားတော် (လက်သည်)တွေနဲ့ တူပါတယ်။ သူက မွေးဖွားကုသပေးမှ ဖွားမြင်နိုင်သလို ပါရမီတို့မှာလည်း နေက္ခမ္မက စတင်မွေးဖွားပေးမှ ဖြစ်မြောက်နိုင်တယ်လို့ ဆိုလိုတာပါ။
ဒီနေရာမှာ ဆရာတော်ကြီးက ဘုရားအလောင်း မျောက်မင်းဝတ္ထုကို သာဓကဆောင်ပါတယ်။
အလောင်းတော်မျောက်မင်းဟာ အသူတရာနက်တဲ့ချောက်ကြီးထဲမှာကျနေတဲ့ ပုဏ္ဏာကို ကျောကုန်းမှာထားပြီး ကုန်းပေါ်ကိုတင်ပို့ပြီးတဲ့နောက် မောပမ်းလှတဲ့အတွက် ပုဏ္ဏားရဲ့ ပေါင်းပေါ်မှာပဲ တစ်ခဏ အိပ်ပျော်သွားတယ်။ ပုဏ္ဏားက တောမျောက်သားနဲ့ သားမယားကို မျက်နှာပြဖို့ ကျောက်တုံးကြီးနဲ့ တစ်ချက်တည်းထုလိုက်တယ်။
ခေါင်းကသွေးတွေ အရပ်လေးမျက်နှာကိုဖြာထွက်သွားတယ်၊ မျောက်မင်းက သွေးတွေအလိမ်းလိမ်း ကပ်နေတဲ့ကိုယ်နဲ့ ရုန်းထွက်ပြီး ပုဏ္ဏားနဲ့ ခပ်ဝေးဝေးကနေ ရပ်ကြည့်ရင်း
"လောကမှာ ဒီကဲ့သို့သော သူများလည်း ရှိပေသေးတကား" လို့ အံ့သြစကားဆိုပါတယ်။
ပြီးနောက် ပုဏ္ဏားကို ရပ်ရွာသို့ ချမ်းသာစွာရောက်အောင် ပို့ဆောင်ဖို့အတွက် -
"သင့်ကို ရွာရောက်အောင် ငါပို့မယ်၊ ငါက သစ်တစ်ပင်မှ တစ်ပင် ကူးသွားမယ်၊ ငါ့ဦးခေါင်းကကျတဲ့ သွေးစက်ကို လမ်းပြုပြီး လိုက်ခဲ့တော့" လို့ ပြောပြီး ပို့ဆောင်ပါတယ်။
ဒီဝတ္ထုမှာ ချောက်ထဲ၌ကျနေတဲ့ ပုဏ္ဏားကို ကယ်ဆယ်နိုင်ဖို့ မိမိရဲ့  ကိုယ်အသက်ကို မငဲ့မကွက် စွန့်လွှတ်တာက နေက္ခမ္မပါရမီပါ။ "ပါရမီအစ နေက္ခမ္မ" လို့ ရှေးဆရာတော်များ ဆိုစမှတ်ပြုခဲ့တဲ့အတိုင်းပဲ ဘယ်ပါရမီမဆို နေက္ခမ္မကပဲ စတင်မွေးဖွားပေးရတာပါ။
ပုဏ္ဏားရဲ့ အကျိုးကို တောင့်တလိုလားအားကြီးစွာဖြစ်တဲ့စိတ်က မေတ္တာပါရမီပါ။
အသူတရာနက်တဲ့ ချောက်ကြီးထဲက ကမ်းပါးပေါ်ကို ချောချောမောမောရောက်အောင်အကြောင်းကို ရှာကြံတဲ့ စိတ္တုပ္ပါဒ်အစုက ပညာပါရမီပါ။
ရှာကြံသိမြင်တဲ့အတိုင်း သက်စွန့်ကြိုးပမ်းအားထုတ်တာက ဝီရိယပါရမီပါ။
ဦးခေါင်းကို ကျောက်တုံးကြီးနဲ့ ထုလို့ ပြင်းထန်တဲ့ ဒုက္ခဓဒဏ်ချက်ကိုရော ပုဏ္ဏားရဲ့ ကျေးဇူးကန်းတဲ့ လုပ်ရပ်ကိုရော အမှုမထား ညဉ်းညူ ညစ်ညူးမှုမရှိ ပကတိကြည်လင်တဲ့ စိတ်နဲ့ နေနိုင်တာက ခန္တီပါရမီပါ။ (ဒီနေရာမှာ ခန္တီမရှိခဲ့ရင် နာကျင်တဲ့အတွက် စိတ်ပျက်အားလျှော့ သွားနိုင်ပါတယ်)
သူ့အကျိုးကို ကိုယ်ဆောင်ပါလျက် သူက ကိုယ့်အကျိုးမဲ့ကို ပြုရက်လေခြင်းလို့ ပုဏ္ဏားအပေါ် စိတ်မကွက်တာက ဥပေက္ခာပါရမီပါ။ (ဒီနေရာမှာလည်း ဥပေက္ခာမရှိခဲ့ရင် ပုဏ္ဏားအပေါ် စိတ်ကွက်ပြီး ပါရမီစိတ်ဓာတ် ပျက်သွားနိုင်ပါတယ်)
အသူတရာနက်တဲ့ ချောက်ကြီးဖြစ်လို့ အခန့်မသင့်လျှင် သေလောက်တဲ့ အခြေအနေဖြစ်ပေမယ့် ပုဏ္ဏားအတွက် အသက် စွန့်လွှတ်တာက ဒါနပါရမီပါ (ပုဏ္ဏားရဲ့ အသက်ကို ကယ်ဆယ်မှုသည်ပင် ဇီဝိတဒါန)
အသက်ကို အသေပြုတဲ့ ပုဏ္ဏားကို့ ပြန်လှန်မနှိပ်စက်၊ ကြမ်းကြုတ်တဲ့ စကားကိုမျှ မမြွက်ဆိုဘဲ စောင့်စည်းတာက သီလပါရမီပါ။
ပုဏ္ဏားကို သက်စွန့် ကယ်တင်တဲ့ကောင်းမှုကြောင့် ကိုယ်ကျိုးတစ်စုံတစ်ရာ တောင့်တသာယာခြင်း မရှိတာလည်း  နေက္ခမ္မပါရမီလို့ ဆိုရပါတယ်။
"ပုဏ္ဏားရဲ့ ကောင်းကျိုးကို အဆုံးရောက်အောင် ငါဆောင်မည်" လို့ စိတ်ပဋိညာဉ်ပြုပြီး
မပြောင်းမရွေ့ တာက အဓိဋ္ဌာနပါရမီပါ။
"သင့်ကို ငါကယ်တင်မယ်" လို့ ပုဏ္ဏားကို ပြောကြားတဲ့ နှုတ်ပဋိညာဉ်ကို မဖျက်တာက သစ္စာပါရမီပါ။
ဒီသာဓကကို ကြည့်လိုက်ရင် ပါရမီဆယ်ပါးတို့ဆိုတာ တစ်ခုပြီးမှတစ်ခု အားထုတ်ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကောင်းတဲ့စိတ်ထားနဲ့ အားထုတ်တဲ့ပါရမီလုပ်ငန်း မှန်သမျှမှာ ပါရမီဆယ်ပါးတို့ သူ့နေရာနဲ့ သူ ပူးပေါင်းပါဝင်ကြပါတယ်။
ဒီဆယ်ပါးလုံး ပူးပေါင်းပါဝင်မှလည်း ပါရမီလုပ်ငန်းတစ်ခု အောင်မြင်ပါတယ်၊ အဓိက ထင်ရှားတဲ့ လုပ်ငန်းကို အကြောင်းပြုပြီးတော့ ဒါနပါရမီ စသည် အမည်တပ်ထားပေမယ့် ပါရမီဆယ်ခု ပူးပေါင်းဆောင်ရွက်တာပါ။ ဒီဆယ်ခုထဲက တစ်ခုခု ပျက်သွားရင် ကျန်တဲ့ ပါရမီကိစ္စလည်း မအောင်မြင်နိုင်တော့ပါဘူ။ အထူးသဖြင့် မိဖသဖွယ်ဖြစ်တဲ့ ခန္တီနဲ့ ဥပေက္ခာ တစ်ခုခု ပျက်သွားရင်ကို "မိဖမဲ့သား ပရမ်းပတာ" ဆိုသလို ပါရမီလုပ်ငန်းတွေ ပျက်ဆီးသွားမှာပါ။
ဗုဒ္ဓဘာသာဝင်တို့ အထူးသိစေချင်တာကတော့ ကောင်းတဲ့ လုပ်ရပ်တိုင်းမှာ ကိုယ်ကျိုးမဖက် ဝဋ်ဒုက္ခက လွတ်မြောက်ရေးနဲ့ လောက အကျိုးပြုရေးအတွက် သက်သက် ရည်မှန်းပြီး လုပ်တဲ့ ကောင်းမှုတိုင်းမှာ ပါရမီဆယ်ပါး ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ အချက်ပါပဲ။
ဥပမာ တစ်နေ့တာ လုပ်ငန်းကိစ္စတွေပြီးလို့ ဘုရားဆောင်သွားပြီး ဝတ်ပြုတဲ့ ကုသိုလ်လေးတစ်ခုမှာပဲ
(၁) လောကီကိစ္စတွေကို စွန့်ခွါကျော်ခိုင်းလိုက်တာက နေက္ခမ္မပါရမီ
(၂) ပင်ပန်းတယ် အိပ်ချင်တယ် ပူတယ် အိုက်တယ်ဆိုတာတွေ သည်းခံတာက ခန္တီပါရမီ
  (၃) လောကီကိစ္စတွေအတွက် ပြုဖွယ်ကိစ္စများကိုရော ပင်ပန်းမှုများကိုရော လျစ်လျူရှုလိုက်တာက
    ဥပေက္ခပါရမီ
(၄) ကုသိုလ်အလုပ်ရဲ့ ကောင်းကျိုးကို သိတတ်တာ ပညာပါရမီ
(၅) လုပ်ဖြစ်အောင် ကြိုးစားအားထုတ်တာ ဝီရိယပါရမီ
(၆) ကောင်းတဲ့အလုပ်ဟာ ကောင်းကျိုးကိုပေးတယ်ဆိုတဲ့ မှန်ကန်မှုနဲ့လုပ်မယ်လို့ စိတ်နဲ့ ပဋိညာဉ်
    ပြုထားချက်ကိုပဲ မဖောက်မပြန် စောင့်စည်းတာ သစ္စာပါရမီ
(၇) ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာ အဓိဋ္ဌာန်ပါရမီ
(၈) ဝတ်ပြုပြီး သတ္တဝါအားလုံးအတွက် အမျှအတန်းပေးဝေတာ မေတ္တာပါရမီ
(၉) ဒီနေရာမှာ ကိုယ်ကျင့်တရားတွေစောင့်စည်းတဲ့ သီလပါရမီ
(၁၀) ပန်းရေချမ်းစသည် ကပ်လှူခြင်း အာမိသဒါန၊ တရားအလှူဖြင့် ပူဇော်ခြင်း ဓမ္မဒါနပါရမီတို့လည်း
ပူးပေါင်းပါဝင်နေတာပါပဲ။

ဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ၏ ၃၀ – ၁ – ၂၀၁၆ နေ့တွင် ကျရောက်သော 
သက်တော် (၇၀) ပြည့် မွေးနေ့ဝိဇာတမင်္ဂလာ အထိမ်းအမှတ် ဓမ္မဒါန စာအုပ်မှ ပြန်လည် ကူးယူ ပူဇော်ပါသည်။

No comments:

Post a Comment