Saturday 4 February 2017

ဗောဇ္ဈင်္ဂသုတ်

ဗောဇ္ဈင်္ဂသုတ် ပါဠိ နှင့် မြန်မာပြန်

ဗောဇ္ဈင်္ဂသုတ်ရွတ်ဖတ်ရခြင်းအကျိုး
လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဖျင်သုတ် သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပို၍ ကောင်းသည်။

ဗောဇ္ဈင်္ဂသုတ်မြန်မာပြန်

၁။ သံသာရေ သံသရန္တာနံ၊သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

   ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်သည်။ ထကြွသောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။


၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

   သတ္တဝါတို့သည် ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌ သိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့် ဘေး၊ နာရ သည့်ဘေး ၊ သေရသည့်ဘေးတို့ ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။


၃။ ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

   ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဖျင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
 
 
၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။

၅။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

   ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။ ထိုဗောဇ္ဖျင် ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏။ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။
 
၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  ဤဗောဇ္ဖျင် ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူးတရားမြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုး ရှိ၏။ ကိလေသာငြိမ်းအေးခြင်း အကျိုးလည်းရှိ၏။ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

  အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခ ရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပ မထေရ် နှစ်ပါးအား ဗောဇ္ဖျင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။


၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဖျင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ ဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

   အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏။ ထိုအခါ စုန္ဒ မထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဖျင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
 
 
၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  ဗောဇ္ဖျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေ၏။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။


၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  မဟာကဿပ ထေရ်၊ မဟာမောဂ္ဂလာန် ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ထာဝရ ချမ်းသာခြင်း ဖြစ်ပါစေသတည်း ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ

No comments:

Post a Comment