Saturday 4 February 2017

တရားသုံးမျိုးတို့၏ ထူးခြား ကွဲပြား ခြားနားမှု

ဘုရားရှင်က ရဟန်းတို့အား "ရဟန်းတို့ ၊ သာသနာတော်မှ အခြားတစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် 'ငါ့သျှင်တို့ ၊ တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ တပ်မက်ခြင်း (ရာဂ) ၊ အမျက်ထွက်ခြင်း (ဒေါသ) ၊ တွေဝေခြင်း (မောဟ) တို့တည်း။ ငါ့သျှင်တို့ ၊ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်ပါနည်း။ ပယောဂ လွန်ကဲမှုကား အဘယ်ပါနည်း။ ကွဲပြားခြားနားမှုကား အဘယ်ပါနည်း' ဟု မေးကုန်ငြားအံ့။ ဤသို့ မေးအပ်ကုန်သော သင်တို့သည် 'ငါ့သျှင်တို့ ၊ ရာဂသည် အပြစ်နည်း၏။ ဖြည်းဖြည်းကင်းပျောက်၏။ ဒေါသသည် အပြစ်ကြီး၏။ မြန်မြန်ကင်းပျောက်၏။ မောဟသည် အပြစ်ကြီး၏။ ဖြည်းဖြည်းကင်းပျောက်၏' ဟု ဖြေဆိုကြကုန်လော့။"

"ထို့ပြင် ၊ 'ငါ့သျှင်တို့ ၊ မဖြစ်သေးသော ရာဂ ဖြစ်ပေါ်ရန်သော် လည်းကောင်း ၊ ဖြစ်ပြီးသော ရာဂ တိုးပွားပြန့်ပြောရန်သော် လည်းကောင်း ၊ အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် တင့်တယ်သော အာရုံ (သုဘနိမိတ်) တည်းဟု ဖြေဆိုရာ၏။ တင့်တယ်သော အာရုံ (သုဘနိမိတ်)ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပေါ်ပြီးသော ရာဂသည်လည်း တိုးပွားပြန့်ပြောရန် ဖြစ်၏' ဟု ဖြေဆိုရာ၏။"

" ငါ့သျှင်တို့ ၊ 'မဖြစ်သေးသော ဒေါသ ဖြစ်ပေါ်ရန်သော် လည်းကောင်း၊ ဖြစ်ပြီးသော ဒေါသ တိုးပွားပြန့်ပြောရန်သော် လည်းကောင်း ၊ အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် 'ဒေါသဖြစ်ကြောင်းအာရုံ (ပဋိဃနိမိတ်)တည်းဟု ဖြေဆိုရာ၏။ ဒေါသဖြစ်ကြောင်းအာရုံ (ပဋိဃနိမိတ်)ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပြီးသော ဒေါသသည်လည်း တိုးပွားပြန့်ပြော၍ ဖြစ်၏' ဟု ဖြေဆိုရာ၏။"

" ငါ့သျှင်တို့ ၊ 'မဖြစ်သေးသော မောဟ ဖြစ်ပေါ်ရန်သော် လည်းကောင်း၊ ဖြစ်ပြီးသော မောဟ တိုးပွားပြန့်ပြောရန်သော် လည်းကောင်း ၊ အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် 'မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း (အယောနိသော မနသိကာရ)တည်းဟု ဖြေဆိုရာ၏။ အာရုံဟူသမျှကို မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပြီးသော မောဟသည်လည်း တိုးပွားပြန့်ပြော၍ ဖြစ်၏' ဟု ဖြေဆိုရာ၏။"

"ငါ့သျှင်တို့ ၊ 'မဖြစ်ပေါ်သေးသော ရာဂ မဖြစ်ပေါ်ရန် ၊ ဖြစ်ပေါ်ပြီးသော ရာဂ ပျောက်ကင်းရန် အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း' ဟု မေးခဲ့လျှင် 'မတင့်တယ်သောအာရုံ (အသုဘနိမိတ်) တည်းဟု ဖြေဆိုရာ၏။ မတင့်တယ်သောအာရုံ (အသုဘနိမိတ်)ကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း မဖြစ်ပေါ် ၊ ဖြစ်ပေါ်ပြီးသော ရာဂသည်လည်း ပျောက်ကင်း၏' ဟု ဖြေဆိုရာ၏။"

"ငါ့သျှင်တို့ ၊ 'မဖြစ်ပေါ်သေးသော ဒေါသ မဖြစ်ပေါ်ရန် ၊ ဖြစ်ပေါ်ပြီးသော ဒေါသ ပျောက်ကင်းရန် အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း' ဟု မေးခဲ့လျှင် 'စိတ်၏(ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာတည်းဟု ဖြေဆိုရာ၏။ စိတ်၏(ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း မဖြစ်ပေါ် ၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း ပျောက်ကင်း၏' ဟု ဖြေဆိုရာ၏။"

"ငါ့သျှင်တို့ ၊ 'မဖြစ်ပေါ်သေးသော မောဟ မဖြစ်ပေါ်ရန် ၊ ဖြစ်ပေါ်ပြီးသော မောဟ ပျောက်ကင်းရန် အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း' ဟု မေးခဲ့လျှင် 'သင့်သောအားဖြင့် နှလုံးသွင်းခြင်း(ယောနိသောမနသိကာရ)တည်းဟု ဖြေဆိုရာ၏။ အာရုံဟူသမျှကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း မဖြစ်ပေါ် ၊ ဖြစ်ပေါ်ပြီးသော မောဟသည်လည်း ပျောက်ကင်း၏' ဟု ဖြေဆိုရာ၏။" ဟူ၍ ဟောတော်မူ၏။



မှတ်ချက် ။ အင်္ဂုတ္တိုရ်ပါဠိတော်မြန်မာပြန် ၊ မဟာဝဂ် ၊ အညတိတ္ထိယသုတ်မှ ကောက်နုတ်ရေးသားပါသည် (အပ္ပမာဒ မဂ္ဂဇင်းမှ တဆင့်)

No comments:

Post a Comment