Thursday 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၂)

Oxford မြို့မှာ တက္ကသိုလ် နှစ်ခု ရှိတယ်။ တက္ကသိုလ် အသစ်တစ်ခုက နှစ်တစ်ရာကျော်ပြီ။ အဲ့ဒါလည်း အရမ်းကောင်းတယ်။ Oxford Brookes University အရမ်းတိုးတက်တယ်။ ဘုန်းဘုန်းက အဲ့ဒီနှစ်ခုစလုံးမှာ Buddhist Chaplain လုပ်တယ်။

Oxford Brookes ဆိုတာက John Brookes ဆိုတဲ့ ပုဂ္ဂိုလ်တည်ထောင်ထားလို့ Brookes ဆိုတဲ့နာမည်လေး ထည့်ထားတာ။ နှစ်တစ်ရာကျော် ရှိပြီ။ ဘုန်းဘုန်း တက်ခဲ့တဲ့ Ph.D လုပ်ခဲ့တဲ့ Oxford တက္ကသိုလ်ကြီး Oxford University က နှစ်ပေါင်း ၉၀၀ နီးပါးရှိပြီ။

Oxford Brookes တောင်မှ ရန်ကုန်တက္ကသိုလ်ထက် အသက်ကြီးတယ်။ တစ်နေ့ကျတော့ အဲ့ဒီမှာ Staff တွေလိုလို့ ကြေငြာထားတယ်။ အဲ့ဒီ Oxford Brookes ကိုတည်ထောင်တဲ့ John Brookes ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရှိနေတဲ့အချိန်မှာ လူတစ်ယောက် အလုပ်လျှောက်တယ်။ သူက အင်တာဗျူးခေါ်တယ်။ အဲ့ဒီလူက အင်တာဗျူးလာတော့ ကျကျနနဝတ်လာတယ်။ ဝတ်လာတာမှ ပရော်ဖက်ဆာနီးနီး ဝတ်လာတယ်။ ပြင်ဆင်ထားတယ်ပေါ့။ အင်တာဗျူးသွားမယ်ဆိုတော့ ကိုယ်က impress လုပ်ရသေးတယ်ပေါ့။ First Impression အရေးကြီးတယ်ဆိုလို့ ကျကျနနဝတ်လာတယ်ပေါ့။

အဲ့ဒီကို ရောက်သွားတဲ့အခါကျတော့ လူကြီးတစ်ယောက်ကို မေးတယ်တဲ့။ "ကျောင်းအုပ်ကြီး Mr.John Brookes နဲ့ ကျွန်တော်လာတွေ့တာပါ။ ကျွန်တော်က သူနဲ့ အင်တာဗျူးရှိတယ်"ဆိုပြီး ပြောတော့ အဲ့ဒီလူကြီးက ခေါ်သွားပြီးတော့ "ဒီနေရာလေး ထိုင်ပါ" ဆိုပြီးတော့ အခန်းတစ်ခန်းရဲ့ ရုံးခန်းတစ်ခန်းရဲ့ အပြင်ဘက်မှာ ခဏထိုင်ခိုင်းထားတယ်။

အချိန်ရောက်တဲ့အခါကျတော့ အဲ့ဒီလူပဲ ပေါ်လာပြီးတော့ ခုနက အင်တာဗျူးလာတဲ့သူကို "အခန်းထဲကြွပါ"တဲ့။ "John Brookes ဆိုတာ ကျွန်တော်ပါပဲ"တဲ့။ သူက ရုံးပြာတာလို့ ထင်နေတာ။

အဲ့ဒီတော့ လူရာဝင်အောင် လုပ်တဲ့နေရာမှာ အဝတ်အစားက shortcut ပေါ့နော်။ အဲ့ဒီဟာတွေ လိုက်ရင်းနဲ့ လိုက်ရင်းနဲ့ လိုအပ်မှုကနေ လိုချင်မှုထဲကို ရောက်သွားတာ။ ဒါ့ကြောင့် မြတ်စွာဘုရားက ပစ္စဝေက္ခဏာဆင်ခြင်ပြီးတော့ သွားရမယ်တဲ့။

သင်္ကန်းဝတ်တယ်ဆိုရင် ဘာ့ကြောင့် ဒီသင်္ကန်းကို ဝတ်တာလဲဆိုတာ ဆင်ခြင်ရမယ်တဲ့။ The Purpose of Clothing. အဲ့ဒီ purpose မမေ့အောင်လို့။ ကျန်းမာရေးအတွက်၊ အရှက်ကာကွယ်ဖို့အတွက်၊ အပူအအေးမျှတဖို့အတွက် သင်္ကန်းဝတ်တယ်။ လူတွေဆိုရင်လည်း အဝတ်ဝတ်တယ်။

သံဃာတော်တွေလောက် အဲ့လောက်အထိ မလုပ်နိုင်တာတောင်မှ ဒီအဝတ်အစားဟာ ဘယ်ထဲမှာပါတယ်ဆိုတာ ကိုယ့်ဟာကိုယ်ရှင်းရှင်းလင်းလင်း သိထားရင် ဒီအဝတ်အစားက "လိုအပ်မှုထဲမှာလား၊ လိုချင်မှုထဲမှာလား" အဲ့ဒီဇယားနှစ်ကွက်ဆွဲထားပြီးတော့ ကိုယ်ဘယ်ထဲထည့်ထားမလဲ။ လိုအပ်မှုထဲလား။

တချို့က မတော်တဆအိမ်ပြောင်းရပြီဆိုရင်လေ အဝတ်အစားတွေ အများကြီးပဲ။ ဖိနပ်ဘယ်နှစ်ရံမှန်း မမှတ်မိတော့ဘူး။ လက်ဆွဲအိတ် handbag ဘယ်နှစ်လုံးမှန်း မမှတ်မိတော့ဘူး။ ဝယ်ထားတဲ့ ပစ္စည်းတွေက အများကြီး။

အဲ့ဒီပစ္စည်းတွေဟာ ကိုယ့်ဟာလည်း ဟုတ်တယ်။ ကိုယ့်ဟာလည်း မဟုတ်ဘူး။ ဘာ့ကြောင့် ကိုယ့်ပစ္စည်းဟုတ်တာလဲဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ ဝယ်ထားလို့၊ ကိုယ်ကြိုက်လို့ ဝယ်ထားလို့။

ကိုယ့်ဟာလည်း မဟုတ်ဘူးဆိုတာက ဒီပစ္စည်းတွေနဲ့ emotional relation မရှိလို့။ စိတ်ထဲမှာ ဆက်ဆံရေးမရှိဘူး။ ဘယ်တစ်ခုကိုမှ အရမ်းကြီး မကြိုက်ဘူးပေါ့။

ဒီထက်ပိုပြီး ရှင်းတဲ့စကားနဲ့ ပြောရင် လွယ်အိတ်တွေ အများကြီးရှိတယ်။ ဘယ်တစ်လုံးကိုမှ တိတိကျကျ မချစ်ဘူးပေါ့။ ချစ်တယ်ဆိုရင် အဲ့ဒီလွယ်အိတ်တစ်လုံးထဲနဲ့ စိတ်ချမ်းသာမှု ရရမယ်။ အခုကျတော့ ဘယ်တစ်လုံးမှာမှ စိတ်ချမ်းသာမှု အပြည့်အဝမရဘူး။

ဒီတစ်လုံးနဲ့ ပွဲတစ်ပွဲသွားတယ်။ ပြန်လာတော့ ဒီတစ်လုံးကို ချောင်ထိုးထားတယ်။ တချို့ handbag တွေက တချို့လွယ်အိတ်တွေက ဘယ်ကနေလာတုန်းဆိုတော့ crocodile skin မိချောင်းတွေရဲ့ အရေကနေ လာတာ။ သူတို့ကို မွေးထား၊ သူတို့ကို သတ်၊ အဲ့ဒီကနေ လုပ်ထားတာ။ အများစုကတော့ တိရစ္ဆာန်ရဲ့ အရေတွေ။

ကိုယ့်အရေကို နည်းနည်းလေး ခြင်ကိုက်ရင်တောင် လုံးဝမကြိုက်တာ သူများအရေကို ကိုယ်ကအလှလာလုပ်တယ်။ ဒီထဲမှာ လိုအပ်လို့ တစ်လုံး နှစ်လုံးဆိုတော်သေးတယ်။ တချို့ကျတော့ များလွန်းလို့ အိမ်တစ်အိမ်မှာ ဘုန်းဘုန်းတွေ့တာ အများကြီးပဲ။ အဲ့ဒီမှာ ဒကာမကြီးက စိတ်ချမ်းသာမှုကို လိုက်ရှာနေသေးတယ်။

ဆိုလိုတာက ဒီလောက်ဈေးကြီးတဲ့ handbag တွေ သုံးထောင်၊ လေးထောင် တွေက စိတ်ချမ်းသာမှု ပေးမယ်ထင်ပြီးတော့ ဝယ်ထားတာ တစ်ခုမှ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။ ကိုယ့်လက်ထဲရောက်တဲ့အခါကျတော့ စိတ်ချမ်းသာမှု မတွေ့ဘူး။ ဒါ့ကြောင့် လိုအပ်ချက်နဲ့၊ လိုအပ်မှုနဲ့ လိုချင်မှု။ သူ့ရဲ့ Boundry က paper thin ဆိုတဲ့ စက္ကူလောက် ပါးတာ။ စိတ်ကို မဆုံးမထားဘူးဆိုရင် ဒီဘက်ကနေပြီးတော့ ဟိုဘက်ကို ကူးသွားဖို့အတွက် အလွယ်တကူပဲ။ ဘယ်အချိန်ကူးသွားမှန်းတောင် မသိဘူး။

သူများကိုင်တာနဲ့ ကိုယ်ကလည်း ကိုင်ချင်တယ်။ သူများဝတ်တာ မြင်ရင် ကိုယ်ကလည်း ဝတ်ချင်တယ်။
အဲ့ဒီတော့ Psychologist Meslow ပြောတဲ့ Physical Needs ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို မြတ်စွာဘုရားက အမိန့်ရှိထားတယ်။ ပစ္စည်းလေးပါးနဲ့ တူတူပဲ။

သူပြောတဲ့ psychological needs ဆိုတာ လူဆိုတဲ့ သက်ရှိသတ္တဝါက တစ်ဦးတစ်ယောက်တည်း မနေတတ်ဘူး။ နေလို့မရဘူး။ မလုံခြုံဘူး။ ဒါ့ကြောင့် အသိုင်းအဝိုင်းနဲ့နေရတယ်။

အသိုင်းအဝိုင်းဆိုတဲ့နေရာမှာ မိသားစုဆိုတာက အသိုင်းအဝိုင်းတစ်ခု၊ အသင်းဆိုတာ အသိုင်းအဝိုင်းတစ်ခု၊ ကျောင်း၊ စာသင်ကျောင်း၊ အလုပ်အကိုင်လုပ်တဲ့နေရာ ဒါက အသိုင်းအဝိုင်းတစ်ခု၊ မြို့၊ အဲ့ဒီထက်ပိုကြီးလာရင် နိုင်ငံ ဆိုတာ အသိုင်းအဝိုင်းတစ်ခု၊ အဲ့ဒီလို ပုံစံမျိုးနဲ့ လူသားတွေက နေကြတာ။

အဲ့လို နေကြတဲ့အခါကျတော့ Psychological Needs ထဲမှာ Meslow ပြောတာကတော့ Relationshipတို့၊ Belonging တို့.. လူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကနေ မိသားစုတွေ ပေါက်ဖွားလာပြီး မိမိရဲ့ Psychological Needs, Psychological Base ပေါ့။ စိတ်နွေးထွေးတယ်။

မြတ်စွာဘုရားကလည်း ဒါကို ပြီးခဲ့တဲ့ နှစ် ၂၆၀၀ ကတည်းက ဟောထားပါတယ်။ ဒီဃနိကာယ် ဒီဃနိကာယ် အဂ္ဂညသုတ်ထဲမှာ လူတွေရဲ့ Basic need အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းတဲ့နေရာမှာ "အစားအသောက်"

အစောပိုင်းမှာတော့ အစားအသောက်ဆိုရင် ဒီလိုပဲ Plenty - အများကြီးပဲ။ လူတွေက သိုမှီးသိမ်းဆည်းထားတာမျိုး မရှိဘူး။ ရှေးခေတ်က လူတွေက တိရစ္ဆာန်တွေလို ဆာတဲ့အခါမှပဲ သွားစားတယ်။ အဲ့ဒါတွေကို ယူပြီးတော့ ကိုယ့်အိမ်မှာ သိမ်းထားတာမျိုး မရှိဘူး။ မလုပ်ဘူး။

နောက်ပိုင်းကျတော့ သိမ်းထားတယ်တဲ့။ စားပြီးတော့ သိမ်းထားတယ်။ မနက်ဖန်အတွက် မရှာရအောင် ဒီနေ့သွားတာနဲ့ နှစ်ရက်စာ ယူလာတယ်။ နောက်ပိုင်းကျတော့ အဲ့ဒီအကြံဥာဏ်တွေနဲ့ သုံးရက်စာ၊ ခုနစ်ရက်စာ၊ တစ်လစာ ဒီလို သိမ်းလာကြတယ်။ ဘုန်းဘုန်းတို့ ခေတ်မှာ Freezer အကြီးကြီးတွေ ပေါ်လာတယ်။ သိမ်းထားကြတယ်။

သိမ်းထားတဲ့အခါကျတော့ ရှိတဲ့ ပစ္စည်းဥစ္စာအရင်းအမြစ်တွေ Resources တွေကို လူအများစုက share လုပ်ရတာကိုး။ ဒီအရင်းအမြစ်တွေက အတိုင်းအတာရှိတယ်။ limited resources။ ဒီ limited resources ကို share လုပ်ရတာ။

မဲခေါင်မြစ်ဆိုရင် ဘယ်နှစ်နိုင်ငံ share ရတုန်းဆိုရင် တိဗက်ကနေ ဆင်းလာတာ တရုတ်ပြည်ကနေ လောနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ ဒီလိုသွားတယ်။ Share လုပ်တဲ့နေရာမှာ Distribution လုပ်တဲ့နေရာမှာ မျှတမှုမရှိရင် Fair မဖြစ်ရင် ပြဿနာဖြစ်တာပဲ။

နိုင်ငံ တစ်နိုင်ငံမှာ ပိုက်ဆံရှိတဲ့သူက အရမ်းရှိ၊ မရှိတဲ့သူက မရှိဘူး အဲ့ဒီလိုဖြစ်ရင် wealth distribution မရှိတဲ့သူတွေက ဆူပူလာတယ်။ မစားဘဲ မနေနိုင်တာကိုး။ ရှိတဲ့သူက အများကြီး ပိုလျှံနေပြီးတော့ မရှိတဲ့သူက မရှိဘူးဆိုတော့ ဒီပုံစံမျိုးနဲ့ ဆူပူလာတဲ့အတွက်ကြောင့်မို့ လိုအပ်ချက် နှစ်ချက်နဲ့ အစိုးရဆိုတာ ရှိရတယ်တဲ့။

အဂ္ဂညသုတ်ထဲမှာ တစ်ခုကတော့ လိုအပ်မှုကနေပြီးတော့ လိုချင်မှုနယ်ပယ်ထဲကို ဝင်ရောက်သွားပြီးတော့ လိုချင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့်များလာတဲ့ လူသားတွေ။ တစ်ယောက်ပေါ် တစ်ယောက်နင်း၊ တစ်ယောက် မျက်ခုံးမွှေးပေါ် တစ်ယောက်တက်နင်း။ တစ်ယောက်ရဲ့ အကျိုးစီးပွားကို တစ်ယောက်က လျစ်လျူရှု၊ ဒီလိုနဲ့ ဘယ်သူသေသေ ငတေမာပြီးရော စိတ်တွေ မွေးလာကြတယ်။ Security ပြဿနာရှိတယ်။ လူတွေ မလုံခြုံတော့ဘူး။

ဒါ့ကြောင့် အစိုးရက တိုင်းသူပြည်သားတွေရဲ့ လုံခြုံမှုကို တာဝန်ယူပေးဖို့က အဓိကကျတဲ့ တာဝန်တစ်ခုပါ။ အစားအသောက်၊ ပစ္စည်းဥစ္စာ ဒါတွေကို မျှဝေပေးတာ။ များများကြိုးစားတဲ့သူက များများရတာတော့ မှန်တယ်။ နည်းနည်းကြိုးစားလို့ နည်းနည်းရတာ မှန်တယ်။

ဒါပေမယ့် wealth distribution ပစ္စည်းဥစ္စာမျှဝေမှုက မရှိမဖြစ်ဘူး။ Industrial Revolution - စက်မှုတော်လှန်ရေးတွေ စပြီးဖြစ်လာတဲ့အခါကျတော့ စက်မှုတွေ ပေါ်လာပြီးတော့ ပညာတတ်လူနည်းစု သြဇာအာဏာရှိတဲ့လူနည်းစုက အဲ့ဒါကို အသုံးပြုပြီးတော့ အရင်းရှင်ဆိုပြီးတော့ ဖြစ်လာတယ်။ အလုပ်သမားတွေကို ဂရုမစိုက်ဘူး။ သူတို့ရဲ့ နေရေးထိုင်ရေး၊ ဘဝအရေးကို အရေးမစိုက်ဘူး။ အရေးမစိုက်ရုံတင်မကဘူး သူတို့က ကျွန်လုပ်ထားသေးတာ။ ကျွန်စနစ်။ ဥရောပမှာ ဖြစ်ပေါ်လာတဲ့ Industrial revolution မှာ လူတွေ အချင်းချင်းကို ကျွန်လုပ်ထားတာ မကျေနပ်ဘူး။ အာဖရိကက လူတွေကို သွားခေါ်ပြီးတော့ ကျွန်လုပ်လိုက်တာ။

အဲ့ဒီတော့ ဆိုလိုတာက အဲ့ဒီလို မမျှတတဲ့အတွက်ကြောင့် ကွန်မြူနစ်ဝါဒဖြစ်လာတာ။ Communisim အဖိနှိပ်ခံရတဲ့ လူတန်းစားကို ကာကွယ်ဖို့အတွက် ဒီဝါဒ ပေါ်လာတာ။ ဒီဝါဒကလည်းပဲ သူက မရှိတဲ့သူတွေ ရှိအောင်၊ အောက်ကျနေတဲ့သူတွေ အထက်တက်အောင် မလုပ်နိုင်ဘူး။ သူကြိုးစားတယ်။ အတိုင်းအတာတစ်ခုအထိပဲ အောင်မြင်တယ်။ လိုအပ်သလောက် မအောင်မြင်ဘူး။ ဒါ့ကြောင့် သူက ကျရှုံးသွားတယ်။

ဒါ့ကြောင့်အခု ကွန်မြူနစ်နိုင်ငံတို့ဆိုရင် ကွန်မြူနစ်ဝါဒရဲ့ စီးပွားရေး အတွေးအခေါ်တွေအကုန်လုံးကို ဖယ်ပြီးတော့ အရင်းရှင်စနစ် ပြန်ပြီးတော့ ကျင့်သုံးတယ်။ ဗီယက်နမ်လို နိုင်ငံမျိုး၊ အခုကျန်နေတဲ့နောက်ဆုံး ကျူးဘားနိုင်ငံလည်း ဒီနည်းလိုက်လာတယ်။ ဒါတွေက နိုင်ငံရေးအပြောင်းအလဲစနစ်တစ်ခုကနေ တစ်ခုရောက်အောင်သွားတာ ဘာကြောင့် သွားရတာလဲဆိုတော့ wealth distribution ပစ္စည်းဥစ္စာခွဲဝေတဲ့နေရာမှာ ပြဿာနာရှိနေသေးလို့။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

No comments:

Post a Comment