Thursday 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၇)

 အခုက ဘုန်းဘုန်းတို့ ဆရာသမား ဆရာတော်ကြီးတွေရဲ့ လက်ထက်ကနဲ့စာရင် အများကြီး စားစရာသောက်စရာတွေလည်း ပိုပြီးတော့ ကောင်းတယ်။ ပိုပြီးတော့ ပေါတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ပိုပြီးတော့ ကောင်းတယ်။

 ဘုန်းဘုန်းတို့ ပဲခူးသာသနာ့မဏ္ဍိုင်က ဒုတိယမြောက်ဆရာတော်ကြီး (သက်တော် ၈၇ နှစ်) ဒီနှစ်အစောပိုင်းက ပျံလွန်တော်မူသွားတယ်။ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သံဝရဆိုတာ အဘိဓမ္မာအဋ္ဌကထာ သင်ကြားရေးမှာ နိုင်ငံကျော်ပဲ။

 ဆရာတော်က ဘာအမိန့်ရှိလဲဆိုတော့ မန်းလေးမှာ စာသင်တုန်းကတဲ့ သူတို့ ဆရာက မိန့်တယ်။
"မင်းတို့ ထမင်းတစ်လုတ်၊ ပဲတစ်စေ့ဆိုရင် မွဲရောပေါ့ကွာ"တဲ့..

 ဘာပြောတာတုန်းဆိုတော့ "ထမင်းတစ်လုတ် ဘုဉ်းပေးတိုင်း စွန်တာနီပဲတစ်စေ့ ဘုဉ်းလို့မရဘူး"။ "ထမင်းနှစ်လုတ်လောက်မှ ပဲတစ်စေ့" အဲ့လို ဘုဉ်းရတယ်တဲ့။

 ဘုန်ဘုန်းတို့ ခေတ်မှာကျတော့ ပဲခူးမှာနေတာ။ ဆွမ်းတစ်လုတ်ကို ပဲတစ်ဇွန်းဘုဉ်းတယ်။ အဲ့ဒီပဲကလည်း မုံရွာ အရာတော်ဘက်ကနေပြီး တစ်နှစ်စာ သံဃာလေးငါးရာအတွက် ပို့တယ်။

 ဘုန်းဘုန်းတို့ကျောင်းတင်မဟုတ်ဘူး။ တခြားကျောင်းတွေလည်း ဒီလိုပဲ တော်တော်ပြည့်စုံတယ်။ ခုခေတ်ဆို ပိုပြီးတော့တောင် ပြည့်စုံသေးတယ်။

 ဒါပေမယ့် မေးကြည့်တယ်။
နှစ်ပေါင်း ၇၀, ၈၀အတွင်းမှာ ဘုန်းဘုန်းတို့ နိုင်ငံသူ နိုင်ငံသားတွေ ပိုပြီးတော့ ပျော်လာသလား?
အင်အားသုံးပြီးတော့ တစ်ဦးအပေါ်တစ်ဦးဆက်ဆံတာတွေ နည်းလာလား?
ထစ်ခနဲဆို ဒေါသဖြစ်တာတွေ.. ကားနည်းနည်းကြပ်တာနဲ့ ထစ်ခနဲ မီးတောက်တာတွေ အဲ့ဒါတွေ နည်းလာလား?
မနည်းဘူး။

 ဒါ့ကြောင့်မို့ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ရော၊ မိသားစုအနေနဲ့ရော၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ရော၊ တစ်ကမ္ဘာလုံး အနေနဲ့ရော ဘုန်းဘုန်းတို့က စဉ်းစားရမှာက အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်။

 အရင်တုန်းက ရေနံမတွေ့သေးဘူး။ ကားတွေလည်း မရှိသေးဘူး။ အခု ကားတွေပေါ်လာတာ နှစ်ပေါင်း ၁၀၀ စွန်းစွန်းပဲ ရှိသေးတယ်။ သုံးနေတဲ့ ရေနံတွေက ဘယ်အချိန်ကုန်မယ်ဆိုတာ သိပံ္ပပညာရှင်တွေက တွက်လို့ရနေပြီ။ ဆိုလာနဲ့ကားတွေ စပြီ တီထွင်နေပြီ။

 အဲ့ဒီလို ဘာဖြစ်လို့ တီထွင်ရတာလဲဆိုတော့ ရေနံက တစ်ချိန်မဟုတ် တစ်ချိန်မှာ ကုန်မှာ။ ဘုန်းဘုန်းတို့ လက်ထက်မှာ ဘုန်းဘုန်းတို့ တစ်သက်မှာ မကုန်ရင်လည်း Next Generation မှာ ကုန်ဖို့ အနေအထားရှိတယ်။ အရာရာတိုင်းက limit ရှိတယ်။

 အဲ့ဒီ တစ်ထွာက လိုအပ်ချက်ဖြစ်ခဲ့တယ်ဆိုရင် ဒီဝမ်းတစ်ထွာကို ဖြည့်ဆည်းရတာ မခက်ဘူး။ ဒါပေမဲ့ အဲ့ဒီဝမ်းတစ်ထွာက လိုချင်မှု ဖြစ်တယ်ဆိုရင် အဲ့ဒီဝမ်းတစ်ထွာက တစ်ယောက်တည်းဝမ်းတစ်ထွာကိုတောင်မှ ဖြည့်လို့ မရပါဘူးတဲ့။

 ဒါ့ကြောင့် မြတ်စွာဘုရားက "ယမ္ပိစံ္ဆ န လဘတိ တမ္ပိ ဒုက္ခံ" ဓမ္မစကြာထဲမှာ ပထမဆုံးတရားဟောကတည်းက, ပထမဆုံး First Lecture ကတည်းက မြတ်စွာဘုရားဟောထားတယ်။ "လိုချင်တာ မရတဲ့ဒုက္ခ"။

 ဒီဟာကို ဘာလုပ်ရမလဲဆိုတော့ "လိုချင်ရင် လိုချင်မှန်းသိရမယ်"တဲ့။ "ပြိုင်ချင်တယ်ဆိုရင် ပြိုင်ချင်မှန်းသိရမယ်"။ သူဝတ်ရတဲ့အခါ ကိုယ်မဝတ်ရလို့ ကိုယ့်စိတ်ထဲမှာ တစ်ခုခုဖြစ်ရင် ဒါ perception ကြောင့်ဖြစ်တာ။ ဒါလေးကို လိုက်သိရမယ်။

 အဲ့ဒီလို လိုက်ပြီးသိတယ်ဆိုရင် ကိုယ့်မှာ ဘာမှ စိတ်ညစ်စရာမရှိဘူး။ စိတ်ဆင်းရဲစရာမရှိဘူး။
ကိုယ့်မှာ ရှိတဲ့အင်အား၊ ကိုယ့်မှာရှိတဲ့ စွမ်းအင်ကို မိမိအတွက်တင် မကဘဲနဲ့ လောကကြီးအတွက်ပါ လုပ်ပေးနိုင်ရင်..

 ဥပမာ စီးပွားရေး အများကြီးလုပ်တယ်။ အဲ့ဒီထဲကနေ အခွန်တွေ အများကြီးပေးနိုင်တယ်ဆိုရင် ဒီအခွန်က ကျောင်းဆောက်ဖို့အတွက်၊ ဆေးရုံဆောက်ဖို့အတွက် infrastructure တွေ ဆောက်ဖို့အတွက် အဲ့ဒါတွေမှာ ပါသွားတယ်။ နိုင်ငံကို တည်ထောင်တဲ့ ပုဂ္ဂိုလ်ထဲမှာ ကိုယ်ပါသွားတယ်။

 အဲ့ဒီထဲမှာ မြတ်စွာဘုရား အမိန့်ရှိတာက ဉာတ္ထစရိယ - မိမိရဲ့ဆွေမျိုးတွေ ပညာတတ်အောင်၊ ကျန်းမာရေးကောင်းအောင် ကျန်းမာရေးတွေ စစ်ပေးနိုင်တယ်။ ဗီတာမင်တွေ ဝယ်ပေးနိုင်တယ်။ အစားအသောက်တွေကောင်းအောင် ၊ မျှတအောင် ကျွေးနိုင်တယ်။

 လောကတ္ထစရိယ - အများအကျိုးအတွက် နိုင်ငံနဲ့ချီပြီးတော့ ဖြစ်နိုင်ရင် ကမ္ဘာနဲ့ ချီပြီးတော့ အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်၊ အဲဒီလို လုပ်နိုင်ဖို့အတွက်က ဘာစဉ်းစားရမှာတုန်းဆိုတော့ လူ့ဘဝရဲ့သက်တမ်း အတိုင်းအတာရှိတယ်။ အချိန်ကလည်း အတိုင်းအတာရှိတယ်။

 Time is limited Limit ဖြစ်တဲ့အချိန်အတွင်းမှာ ငါ့အတွက်လည်း အကျိုးရှိအောင်၊ အကျိုးစီးပွားဖြစ်အောင်၊ မိသားစုအတွက်လည်း အကျိုးစီးပွားဖြစ်အောင်၊ နိုင်ငံနဲ့ လူမျိုးအတွက် ဖြစ်နိုင်ရင် ကမ္ဘာကြီးအတွက်အကျိုးဖြစ်အောင် ငါဘာလုပ်နိုင်တုန်း။ အဲ့ဒီလို စဉ်းစား။

 စဉ်းစားတဲ့နေရာမှာ အဓိကလိုအပ်တဲ့ consideration စဉ်းစားတွေးခေါ်မှုက မိမိမှာ လိုအပ်ချက်က ဘယ်လောက်ရှိပြီးတော့ လိုချင်မှု Desire ဘယ်လောက်ရှိတုန်း။

 လိုချင်မှု Desire နောက်ကိုပဲ လိုက်နေတယ်ဆိုရင် အများအကျိုးဆောင်ဖို့အတွက် အချိန်မရှိတော့ဘူး။
အများအကျိုးဆောင်ဖို့အတွက်လည်း မရှိတော့ဘူး။
အဲ့ဒီ အလိုဆန္ဒနောက်ကို လိုက်နေတာနဲ့ ဘဝက ဒီအတိုင်းကုန်သွားတာပဲ။

 သူဌေးကြီးတစ်ယောက် ဒီလိုပဲ Desire လိုချင်တဲ့နောက်ကို အများကြီးလိုက်သွားတော့ ကာမဂုဏ်တွေ အများကြီးလိုက်စားတယ်။ ဒီကြားထဲ လိုချင်တာက ရလေ လိုလေဆိုတော့လေ.. ပစ္စည်းတွေ၊ အခြံအရံတွေ အများကြီးရှိတာကို မကျေနပ်နိုင်ဘဲ နောက်ပိုင်းမှာ စိတ်ဖြေဖျောက်နည်းကို လိုက်ရှာရင်း ဖဲရိုက်တယ်။ ဖဲကို အရမ်းစွဲသွားတယ်။ အသက်ရှစ်ဆယ်ကျော် သေခါနီးမှာ လက်က မလှုပ်နိုင်တော့ဘူး။

 အဲ့ဒါ ဘေးနားက လူတစ်ယောက်ကို ဖဲလာကစားခိုင်းတယ်။ သူ့ရှေ့မှာဖဲလေးပြ။ နောက် ဟိုတစ်ချပ်ချလိုက်။ ဟိုတစ်ချပ် ယူလိုက် သေခါနီးမှာ ဒါပဲ စိတ်ရောက်နေတယ်။ သူ့မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ သူ့မှာရှိတဲ့ သြဇာအာဏာနဲ့ အများအကျိုး ဒီဘဝအတွက်ရော နောက်ဘဝအတွက်ရော လုပ်နိုင်ပါလျက်နဲ့ လုပ်နိုင်ခွင့် ယူမသွားဘူး။

 ဘာလို့ ယူမသွားတာတုန်းဆိုတော့ သူ့ရဲ့ ဘဝမှာ လိုအပ်ချက်ကို မေ့ပြီးတော့ လိုချင်မှု နယ်ထဲမှာပဲ သံသရာလည်နေလို့.. အဲ့ဒီလိုနဲ့ပဲ သူက ဘဝလမ်းလျှောက်တာလေ လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားတယ်ဆိုပါတယ်။

 ဒါ့ကြောင့် ဒီနေ့ စကားလုံး နှစ်လုံး တရားနာပရိတ်သတ်များ မှတ်မိပါစေ။ လိုအပ်ချက်နဲ့ လိုချင်မှု..

 လိုချင်မှု အလိုဆန္ဒမပြည့်တဲ့ အချိန်မှာ ဘာ့ကြောင့် မပြည့်တာတုန်း။ လိုအပ်ချက် မပြည့်လို့ဆိုရင်တော့ ကိုယ်ပိုကြိုးစားရမှာပေါ့။ ပိုလေ့လာရမှာပေါ့။ လိုချင်မှု မပြည့်ဘူးဆိုရင်တော့ အဲ့ဒါကို သတိပဋ္ဌာန်တရားနဲ့ ကြည့်ရမယ်။ အဲ့ဒီလို လုပ်တဲ့အခါကျမှ လောကအနေနဲ့လည်း ပြည့်စုံမယ်။ ဓမ္မအနေနဲ့လည်း ပြည့်စုံမယ်။ ဘဝပျော်ရွှင်မှုရှိမယ်တဲ့။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား www.facebook.com/Sayardawsdhammatalkcollections မှ ဓမ္မဒါနပြုပါသည်။

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၆)

 "လိုအင်ဆန္ဒပြည့်မှုဆိုတာ ရှိလား၊ မရှိဘူးလား"ဆိုတာ ဟန်ဂေရီနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က ယောဂီတစ်ယောက်၊ ကျောင်းဆရာမကြီးတစ်ယောက် မေးဖူးတယ်။

 သူမေးတဲ့ မေးခွန်းကို ဘုန်းဘုန်း မဖြေဖူးဘူး။ တွေ့လည်း မတွေ့ဖူးဘူး။ အဲ့ဒီမေးခွန်းကို တွေ့တဲ့အခါကျတော့ I don’t quite know the answer. I am going to try my best. လို့ပြောလိုက်တယ်။ ဒီဟာကြီး မဖြေဖူးဘူး။ ဒါပေမဲ့ ဖြေဖို့ကြိုးစားမယ်လို့။

 သူ့မေးခွန်းက "What about unfulfill love? အချစ်မှာ အလိုဆန္ဒမပြည့်တာ။ ဒါကို သတိပဋ္ဌာန်နဲ့ ဘယ်လို ကူညီလို့ရမတုန်း"တဲ့။

 "ဒါ မဖြေဖူးဘူး။ ကြားလည်း မကြားဖူးဘူး"လို့ ဘုန်းဘုန်းသူ့ကို ပြောလိုက်တယ်။

 ဘုန်းဘုန်းမင်္ဂလာဆောင်တရား သွားဟောရင်လေ ပထမဆုံး ပြောတာကတော့ "Congratulations" ပြောတာပေါ့။

 အဲ့ဒါကို တရားတော်တော်များများ လာထိုင်တဲ့ ဒကာတွေက ပြောတယ်။ "အရှင်ဘုရား.. ဘာကို Congratulate လုပ်တာတုန်း"။ "အရှင်ဘုရား ဘုန်းကြီးလုပ်ပြီးတော့ သူများ မင်္ဂလာဆောင်တာကို ဘာ Congratulate လုပ်စရာရှိလို့တုန်း"တဲ့။

 ဘုန်းဘုန်းက ပြောတယ်။ "မင်္ဂလာဆောင်တာ သူတို့ ဒီလောက်သတ္တိရှိတာ.. သူတို့ရဲ့ သတ္တိကို congratulate လုပ်တာ"။ "အခု လူနှစ်ယောက်မင်္ဂလာဆောင်လိုက်ပြီ။ ဈေးသွားမယ်ဆိုရင်လေ တစ်ယောက်က ဟိုဘက်ဈေးသွားချင်တယ်။ တစ်ယောက်က ဒီဘက်ဈေးသွားချင်တယ်။ သူတို့က compromise လုပ်ရတာ။ ညှိနှိုင်းရတာ။ အဲ့ဒီ criteria သတ္တိတရားတွေကို ကြိုပြီးတော့ Congratulate လုပ်ထားတာ"လို့။

 တယ်လီဗေးရှင်းကြည့်ရင်လည်း တစ်ယောက်က ဒီသတင်းကြည့်ချင်တယ်။ တစ်ယောက်က ကိုရီးယားကား ကြည့်ချင်တယ်။ ဟန်ဆောင်ပန်ဆောင် တစ်ဦးကိုတစ်ဦး အလိုလိုက်ကြတယ်။ ဒါ့ကြောင့် ဘဝမှာ အလိုပြည့်တယ်လို့ လူတွေက ယူဆကြတယ်။ အလိုပြည့်တယ်ပေါ့။

 You feel very happy because you try to please each other. တစ်ယောက်ကိုတစ်ယောက် တစ်ယောက်အလိုကို တစ်ယောက်လိုက်တယ်လေ။

 နည်းနည်းလေး ကြာလာတဲ့အခါကျတော့ ... အခု နည်းနည်းအသက်ငယ်တဲ့သူတွေကိုတော့ မသိတော့ဘူး။ ဘုန်းဘုန်းတို့လို အသက်ငါးဆယ်ကျော်အရွယ်တွေ သိလောက်တယ်။ ငယ်ငယ်တုန်းက ကိုင်ဇာလား မေဆွိလားမသိဘူး။ ဒီသီချင်းကို ဆွမ်းခံသွားရင်းနဲ့ ကြားရတယ်။ ခဏခဏကြားရတယ် အဲ့ဒီသီချင်း.. ကိုင်ဇာဆိုတဲ့ သီချင်း မိုးရွာရင်မိုးရေချိုးမယ် ဆိုတဲ့သီချင်းကို ပဲခူးမှာလေ ဆွမ်းခံသွားတာ ဘယ်ရပ်ကွက်ပဲ သွားသွား ကြားရတယ်။

 နောက်.. မေဆွိဆိုတာ တစ်ခုက .. "အစောပိုင်းတုန်းက အကုန်လုံး အလိုလိုက်တယ်ပေါ့။ နောက်ပိုင်းကျတော့ ဆံပင်သွားညှပ်မယ်ဆို လိုက်မပို့တော့ဘူး။ ဘယ်သွားချင်တယ်ဆိုရင် လိုက်မပို့တော့ဘူး"။

 တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် "You take each other for guranted". တစ်ယောက်ရဲ့ မေတ္တာကို တစ်ယောက်က ဒါ ငါ့ဟာ..ဒါ ငါ့ယောက်ျား ငါ့မိန်းမလို့ ပေါ့ပေါ့တန်တန်ထားလိုက်တာ။

 အဲ့ဒါကြောင့် ဘုန်းဘုန်းက ဘာပြောလိုက်လဲဆိုတော့ "လောကြီးထဲမှာ အမြဲတမ်းပြောင်းလဲတဲ့ change အနိစ္စဆိုတာရှိတယ်။ ဒီအနိစ္စက နေရာတိုင်းကို သူက အုပ်စိုးတယ်။ ဒါ့ကြောင့် ဒီအနိစ္စသဘောတရားရဲ့ လှပမှုက ဘာလဲဆိုတော့ ကိုယ်လိုက်ပြီးတော့ လုံ့လဝီရိယစိုက်တယ်ဆိုရင် ဒီလုံ့လဝီရိယရဲ့ အကျိုးကို ခံစားနိုင်တယ်။ ကိုယ့်ရဲ့ လက်ထဲမှာ ရှိတယ်"လို့ ပြောတာ။

 အဲ့ဒါနဲ့ ဒီ မင်္ဂလာဆောင်ကာစ လူငယ်လေးတွေကို ဘာသြဝါဒပေးလဲဆိုတော့ 'မေတ္တာတရား နေ့တိုင်းပြန်ပြီးတော့ renew လုပ်ပါ"။ မြန်မာလိုဆို သက်တမ်းတိုးပါလို့ ပြောတာလား။ Renew မလုပ်ဘဲနဲ့ ပေါ့ပေါ့တန်တန်ထားတယ်ဆိုရင် လိုအပ်မှုက ရှိနေတယ်။

 အသိုင်းအဝိုင်းရဲ့လိုအပ်မှု၊ မိသားစုနဲ့နေတယ်ဆိုတဲ့လူတိုင်း လိုအပ်မှုက ရှိနေတယ်။ အဲ့ဒီလိုအပ်မှုကို ကိုယ်က သတိကင်းပြီးတော့ ဒီမေတ္တာတရားကို နေ့စဉ်ရေမလောင်းတဲ့အခါကျတော့ တစ်ဦးက လုပ်ပေးတဲ့ဟာတွေကို ကိုယ်က သိပ်ပြီးတော့ တန်ဖိုးမထားတော့ဘူး။

 တော်ရုံတန်ရုံ မိသားစု ကြားထဲမှာလေ .. သူတို့အချင်းချင်း THANK YOU မပြောကြတော့ဘူး။ ဘယ်လောက်ပဲ လုပ်ပေး လုပ်ပေး Thank you သိပ်မပြောတော့ဘူး။ မုဒိတာ ဖြစ်တာတွေ သိပ်မပြတော့ဘူး။

 မြတ်စွာဘုရားက ဘာပဲလုပ်လုပ် သာဓုခေါ်၊ အနုမောဒနာ ပြုပါဆိုတာ Appreciate လုပ်ခိုင်းတာ။
ကိုယ်က Appreciate မလုပ်ဘူး။ "ဒီအချိန်တန်ရင်တော့ ထမင်းစားမယ်။ ဒီအချိန်တန်ရင်တော့ စားပွဲပေါ်မှာ ထမင်းတွေ ဟင်းတွေ အဆင်သင့်ဖြစ်နေရမယ်" ဆိုတဲ့ ဒီလို expectation မျှော်လင့်ချက်မျိုးနဲ့ ကိုယ်ကလည်း ပိုလုပ်၊ သူကလည်း ပိုလုပ်ဆိုရင် နောက်ပိုင်းကျတော့ စကားများဖို့ပဲရှိတော့တယ်။

 တစ်ယောက်ကို တစ်ယောက် pleasing လုပ်တာ စိတ်ကျေနပ်အောင်လုပ်တယ်ဆိုတာ ဘယ်လောက်မှ မလုပ်နိုင်ဘူး။ လူတွေရဲ့ ခန္ဓာကိုယ် အင်အားအရင်းအမြစ်၊ စိတ်အင်အား အရင်းအမြစ်တွေ ဒါတွေအားလုံးက အတိုင်းအတာရှိတယ်။ limit ရှိတယ်။

 ဒါ့ကြောင့် မင်္ဂလာဆောင်ကာစ ကလေးတွေကို ဘုန်းဘုန်းက ဘာပြောလဲဆိုတော့ စိတ်လှုပ်ရှားမှု နဲ့ romantic မှာ romance မပါဘဲနဲ့ မေတ္တာတရားကို တွေးကြည့်ပါ။ imaging လုပ်ကြည့်ပါ။ ဒီလိုပုံစံမျိုးနဲ့ မေတ္တာတရားကို နားလည်နိုင်တယ်ဆိုရင် လင်မယားကြားထဲမှာ လိုအပ်မှုကနေ လိုချင်မှုထဲကို ရောက်မသွားနိုင်ဘူး။ ဒီပုံစံမျိုးနဲ့ နှစ်ယောက် အေးအေးချမ်းချမ်းနေနိုင်တယ်။

 အဲ့ဒီလို မဟုတ်ဘူးဆိုရင် ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်မှုအနေနဲ့ရော၊ မိသားစုလိုအပ်မှုအနေနဲ့ရော၊ တိုင်းပြည်တစ်ခုရဲ့ လိုအပ်မှုအနေနဲ့ရော မပြည့်နိုင်ဘူး။ အဲ့ဒါကိုပဲ ဘုန်းဘုန်းတို့က သမုဒ္ဒရာဝမ်းတစ်ထွာ ဖြစ်သွားတယ်။ ဝမ်းက တစ်ထွာလေးပဲ သမုဒ္ဒရာလောက်ကျယ်သွားတယ်ဆိုတာ ဖြည့်လို့မရတော့ဘူးလို့ ပြောတာ။

 ဘာလို့ ဖြည့်လို့မရတာလဲဆိုတော့ သူ့ရဲ့ လိုအပ်ချက်ကတော့ ဖြည့်လို့ရတယ်။ လိုချင်မှု ဖြစ်သွားလို့ ဖြည့်လို့မရတော့တာ။ Requirement ကနေ Desire ဖြစ်သွားလို့.. Need က နေ Want ဖြစ်သွားတယ်။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့်
ဘဝ၌အလိုမပြည့်သောအခါ  တရားတော်အား www.facebook.com/Sayardawsdhammatalkcollections  မှ  ဓမ္မဒါနပြုပါသည်။

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၅)

 မင်္ဂလသုတ်ထဲမှာ ကြည့်မယ်ဆိုရင်
“ဗာဟုသစ္စဉ္စ” ဗဟုသုတရှိဖို့အတွက်၊ လိုအပ်ချက်တစ်ခု။ စားဝတ်နေရေးလည်း ဟုတ်တယ်။

 “သိပ္ပဉ္စ” - အတတ်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု၊

 “ဝိနယောစ” - စည်းကမ်း၊ ကျောင်းမှာလည်း စည်းကမ်းရှိရမယ်။ အိမ်မှာလည်း စည်းကမ်းရှိရမယ်။ ငယ်ငယ်က ဒါတွေကို ဖြတ်သန်းလာတဲ့အခါ စည်းကမ်းနဲ့ မနေခဲ့ရဘူးဆိုရင် အသက်ကြီးလာတဲ့အခါ စည်းကမ်းမရှိတော့ဘူး။ စည်းကမ်းမရှိရင် လူတွေကြားထဲမှာ နေရတာ သူတို့လည်း စိတ်ညစ်တယ်။ ကိုယ်လည်း စိတ်ညစ်တယ်။ ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ တချို့စည်းကမ်းမရှိလို့ မီးလောင်တာတွေ ဖြစ်သွားတယ်။ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားတယ်။

 အဲ့ဒီတော့ "ဝိနယော စ သုသိက္ခိတော" - SKILL ကို ပြောတာ။ ကျွမ်းကျင်မှုတစ်ခုခုရှိအောင် ကိုယ်ကလည်းပဲ ကိုယ့်အတိုင်းအတာနဲ့ ကြိုးစား။ နိုင်ငံအနေနဲ့လည်း ပေးနိုင်တယ်။ မိသားစု အနေနဲ့လည်း ပေးနိုင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ဖြစ်လာမှာ။

 ဘုန်းဘုန်း wheel chair နဲ့ တရားဟောတာ ပြောရဦးမယ်။ ခြေထောက်ခွဲထားလို့ပါ။ ဘောလုံးကန်လို့ ခြေထောက်ကျိုးတာ မဟုတ်ဘူး။ အင်္ဂလန်ကနေလာတာ ညောင်းလွန်းလို့ Botany Garden မှာ လမ်းသွားလျှောက်ရင်းနဲ့ အဲ့ဒီမှာ ချော်လဲသွားတာ။ ချော်လဲသွားတော့ ဒီမှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေ အများကြီးရှိတယ်။

 Ortho Surgeon ၆ ယောက်နဲ့ ခွဲသင့်မခွဲသင့် ဆွေးနွေးတယ်။ အဲ့ဒီထဲကမှ အကောင်းဆုံးကို ရွေးပြီးတော့ sport injury specialist တစ်ယောက်က ခွဲပေးတယ်။ ဒီလို skill တွေရှိအောင်ဆိုရင် တစ်ဦးချင်းအနေနဲ့ကြိုးစားတာလည်း ပါတယ်။ ဒါက society အတွက် လိုအပ်ချက်။

 နိဂုံးမချုပ်ခင်မှာ ဘုန်းဘုန်းက လိုချင်မှုဘက်ကို နည်းနည်းလေး ထပ်ပြီးတော့ ပြောချင်တယ်။ လိုချင်တာက ဘာ့ကြောင့်လိုချင်တာတုန်းဆိုတော့ စိတ်ထဲမှာ "ကိုယ်က ဒီဟာကို ရရင် ငါ့ဘဝ ပြည့်စုံမယ်။
ပျော်ရွှင်မယ်။ Happy ဖြစ်မယ်လို့ အဲ့ဒီလို မြင်လို့ အဲ့ဒီလို Perspection နဲ့ လိုချင်မှုတွေ တိုးလာတာ"။

 ဘုန်းဘုန်းက အင်္ဂလန်မှာ အကြာကြီးနေပေမယ့် အင်္ဂလိပ်လို မနေဘူး။ ဘုန်းကြီးကျောင်းလိုပဲ နေတာ။ အင်္ဂလိပ်အရာရှိတွေ ကျောင်းအလည်လာပြီး တရားလာထိုင်တယ်။

 အဲ့ဒါကို အင်္ဂလိပ်ဒကာတွေက "အရှင်ဘုရားတဲ့ ဒီ environment ကျောင်းရဲ့ အနေအထားကို နည်းနည်းပါးပါးပြန်ပြောင်းဦး" တဲ့။
"အရှင်ဘုရားတို့က ဝင်လာပြီဆိုရင် ဘုရားခန်းနဲ့ တရားထိုင်တဲ့နေရာပဲ ရှိတယ်"တဲ့။

 ဘုန်းဘုန်းက "အဲ့ဒါဆို ဘယ်လို လုပ်ရမှာတုန်း"လို့ ဆိုတော့ "ပြတင်းရဲ့ဘောင်ပေါ်မှာ ပန်းအိုးလေး ထားရတယ်" တဲ့။ သြော်… လိုအပ်ချက်တစ်ခု ပေါ်လာတယ်။

 အဲ့ဒီလိုလုပ်တဲ့အခါကျမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ အင်္ဂလိပ်အရာရှိတွေက ကျောင်းထဲဝင်လာရင် "They will feel at home, they will feel relax" - ကိုယ့်အိမ် ကိုယ့်နေရာ ရောက်သလို ခံစားရပြီး လွတ်လွတ်လပ်လပ် ရှိတယ်တဲ့။ အဲ့ဒီအခါကျမှ အရှင်ဘုရားက သူတို့နဲ့ စကားပြောရတာ လွယ်မှာတဲ့။

 ဘုန်းဘုန်းတို့က ဘုန်းကြီးကျောင်းဆိုပြီးတော့လေ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ကိုယ်က ကျောင်းဝယ်ထားတယ်ဆိုပြီ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။
Place of workship ဖြစ်အောင်လို့ အမျိုးမျိုး register လုပ်ရတယ်။ သူတို့က လာပြီး စစ်ပြီဆိုရင် ဒါမျိုးတွေ လိုအပ်တယ်တဲ့။

 နောက် .. ဘုန်းဘုန်းက စဉ်းစားတယ်။ တို့ကျောင်းကိုလာတဲ့ ဒကာမကြီးတွေက လုပ်တတ်တယ်။ ဒီမှာကြည့် ဘုရားခန်းရှေ့မှာလေ ပန်းတွေက ပေါလိုက်တာ ပြောမနေနဲ့။ ဒါပေမဲ့ တခါတခါ သူများထိုးထားတဲ့ပန်းကို ဖယ်ပြီးတော့ ကိုယ့်ပန်းကို ထည့်လိုက်တယ်လေ။ ဟုတ်တယ်မလား။

 "ကိုယ်ကုသိုလ်ရချင်တော့ တခြားသူ ကုသိုလ်ရချင်တာကို မေ့သွားတယ်"။ ဒါက လိုအပ်ချက်ကို ကျော်ပြီးတော့ လိုချင်မှု နယ်ပယ်ထဲကို ရောက်သွားတဲ့အချိန်မှာ သူက လောဘနဲ့မကတော့ဘူး။ ဒေါသပါလာတယ်။ Jealusy ပါလာတယ်။ အဲ့ဒါတွေ ဖြစ်လာတယ်။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၄)

✏ Baked Bean ဆိုတာ အင်္ဂလန်နိုင်ငံက ပဲတစ်မျိုး၊ သူက အာဟာရရှိတယ်။ တနလာင်္နေ့မှာ အမေလုပ်တဲ့သူက အဲ့ဒီ Baked Bean ကို ကလေးတွေနဲ့ မိသားစုအားလုံးရဲ့ မနက်စာအတွက် ချက်တယ်။

✏ ကလေးက ထမင်းစားဝိုင်းမှာ လာထိုင်ပြီးတော့ "Mummy, what for breakfast today?"
အမေက Baked Bean. ဆိုလိုက်ရော Yeah!!! ဆိုပြီး အရမ်းစိတ်လှုပ်ရှားတာ။

✏ အင်္ဂါနေ့ အဲ့ဒီအချိန်ရောက်တော့
"Mummy, what for Breakfast?"
အမေက Baked Bean Derlin ဆိုတော့ Yeah! လို့ အောတယ်။ လက်က သိပ်ပြီး အပေါ်အထိ မမြှောက်နိုင်တော့ဘူး။ အသံတော့ ထွက်သေးတယ်။

✏ ဗုဒ္ဓဟူးနေ့ Baked Bean လည်း လာရော ကလေးက လက်တောင် မမြှောက်တော့ဘူး။

✏ ကြာသပတေးနေ့ အမေက ဒီနေ့လည်း Baked Bean လည်း ဆိုရော ကလေးက အသံမထွက်နိုင်တော့ဘူး။

✏ သောကြာနေ့ Baked Bean ဆိုရော Yeah အသံလည်း မထွက်တော့ဘူး။ ခေါင်းပဲ ညိမ့်တော့တယ်။

✏ Baked Bean က ဘာမှ မပြောင်းလဲဘူး။ Monday တုန်းက ပေးတဲ့ အာဟာရ Tuesday ကျတော့လည်း သူက အပြည့်အဝထပ်ပေးတယ်။ သောကြာနေ့လည်း လုံးဝ Baked Bean က သစ္စာမဖောက်ဘူး။ ဘယ်သူက အရင် သစ္စာဖောက်သွားလဲ။ လူက အရင် သစ္စာဖောက်သွားတယ်။

✏ ဒါ့ကြောင့် အခုပြောတဲ့ လိုအပ်မှုနဲ့ လိုချင်မှုက emotiona journey - စိတ်ခံစားမှု ခရီး။ လူ့လောကကြီးမှာ ဒါကို လိုချင်လိုက်၊ ဒါကို လိုအပ်လိုက်။ ဒီနှစ်ခုကြားထဲမှာ လွန်ဆွဲနေတာ စိတ်ခံစားမှု ခရီးပဲ။ စိတ်ခံစားမှု သံသရာလို့လည်း ခေါ်တယ်။

✏ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အသိများဆုံးတရားထဲမှာ မင်္ဂလသုတ်ပါတယ်။ မင်္ဂလသုတ်ဆိုရင် အလွတ်ရတဲ့သူများလို့ ဘုန်းဘုန်းပြောကြည့်မယ်။

💢 ပတိရူပဒေသဝါသော စ၊
ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊
ဧကံမင်္ဂလ မုတ္တမံ 💢

✏ “ပတိရူပဒေသဝါသော စ” ဆိုတာ နေရာကို ပြောတာ။ နေစရာလည်း ရှိရမယ်။ နေစရာလည်း မှန်ရမယ်။ တိုးတက်ဖို့ပေါ့။ ပညာတွေ ကောင်းကောင်းလိုချင်တယ်ဆိုရင် ပညာရေးမြို့ကို ရောက်အောင်သွားရမယ်။

✏ “ပုဗ္ဗေ စ ကတပုညတာ” အရင်က ပြုလုပ်ခဲ့တဲ့ကောင်းမှုဆိုတာ အရင်က ပြုလုပ်ခဲ့တဲ့ အခြေခံလည်း ရှိရမယ်။ မိဘက စီးပွားရေး အခြေခံရှိတယ်ဆိုရင် သားသမီးလက်ထက်မှာ စီးပွားရေးက လွယ်သွားပြီ။ အဖိုးအဖွားလက်ထက်ကတည်းက စခဲ့တယ်ဆိုရင် လွယ်သွားပြီ။

✏ ထိုင်းက ကုမ္ပဏီတစ်ခု.. World Wamix ဆိုတဲ့ ကုမ္ပဏီတစ်ခု.. နှစ်ပေါင်း ၁၃၀.. တစ်နှစ်က ဘန်ကောက်ရောက်သွားရင်းနဲ့ သူတို့ပြောကြလို့.. ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ Business School မှာ ဘုန်းဘုန်းကို ပင့်ပြီးတော့ Lecture ပေးခိုင်းတာ။

✏ "ဗုဒ္ဓအတွေးအခေါ်ကိုယူပြီးတော့ corruption မရှိအောင် နည်းအောင် ဘယ်လိုလုပ်ရမလဲ"ဆိုပြီးတော့ အဲ့ဒီခေါင်းစီးပေးပြီးတော့ ပြောတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းပြောတာကို လာပြီးတော့ ပါဝင်ဆွေးနွေးတဲ့ ဂျာမနီကကုမ္ပဏီတစ်ခု (ဘီခရင်း) တဲ့ ပြီးခဲ့တဲ့လေးငါးနှစ်က အဲ့ဒီအချိန်မှာ သူတို့ နှစ်ပေါင်း ၁၆၀လောက်ရှိပြီ။ Green ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက တည်ထောင်ထားခဲ့တာ။ သူတို့က အဲ့ဒီလို "ပုဗ္ဗေ စ ကတပုညတာ" ဆိုတဲ့ အဲ့ဒီလို အခြေခံရှိခဲ့တော့ လွယ်တာပေါ့။

✏ ဘုန်းဘုန်းကို ရှမ်းပြည်နယ်ရဲ့ လဲချားမြို့နယ်မှာ မွေးတာ။ မယ်တော်ကြီးက လုံးဝစာမဖတ်တတ်ဘူး။ အဲ့ဒါ MA တက်နိုင်အောင် ငါးနှစ်စောင့်ရတယ်။ MA အောင်ပြီးတော့ Ph.D တက်နိုင်အောင် ကိုးနှစ်စောင့်ရတယ်။ "ပုဗ္ဗေ စ ကတပုညတာ"ကို မိသားစုအနေနဲ့ လုပ်ခဲ့တာ မရှိတော့ အချိန်ပိုယူရတယ်ပေါ့။

✏ “အတ္တသမ္မာပဏိဓိ စ” - ကိုယ့်ဟာကိုယ် ကြိုးစားရမယ်။ နေရာထိုင်ခင်းဆိုတာ လိုအပ်တဲ့နေရာတွေ။ လိုအပ်တဲ့အခြေခံတွေ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး။

နောက်ဂါထာတစ်ခုက
💢 ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊
ဝိနယော စ သုသိက္ခိတော၊
သုဘာသိတာ စ ယာ ဝါစာ၊
ဧတံ မင်္ဂလမုတ္တမံ။ 💢

✏ “ဗာဟုသစ္စဉ္စ” - ပညာရေး အသိဥာဏ်။ ပညာရေးဆိုတာ အတန်းကျောင်းမှာ ပြဋ္ဌာန်းတဲ့ ကျမ်းစာလောက် မဟုတ်ဘူး။ အဲ့ဒီ ကျမ်းစာလောက်နဲ့ကတော့ ဘယ်သူမှ ပညာရှိမဖြစ်နိုင်ဘူး။

✏ ဗာဟုသစ္စဉ္စ - GENERAL KNOWLEDGE တွေ များတယ်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေအတွက် စာကြည့်တိုက်တွေ ဘယ်လိုထားပေးလဲ။ အမျိုးသား စာကြည့်တိုက်တွေ ဘယ်လိုရှိတယ်။ မြို့နယ်စာကြည့်တိုက် ဘယ်လိုရှိတယ်။ ရပ်ကွက်စာကြည့်တိုက် ဘယ်လိုရှိတယ်။

✏ အဲ့ဒီလို ထားပေးတယ်ဆိုရင် "ဗာဟုသစ္စဉ္စ" အတွက်ကလွယ်တာပေါ့။ အဲ့ဒီမှာလည်း ရေဒီယိုတို့၊ တယ်လီဗေးရှင်းတို့ အဲ့ဒီမှာ ပညာတတ်တဲ့သူတွေ လာပြီးတော့ ဗဟုသုတပေး။ အတန်းကျောင်းတွေမှာလည်းပဲ ဆရာတွေ ဆရာမတွေကို ဗဟုသုတ မြင့်သထက်မြင့်အောင် သူတို့ကို ပံ့ပိုးပေး။ ဆရာ၊ ဆရာမတွေကနေ ကျောင်းသားတွေကို ပြန်သင်ပေး။ တစ်ဦးရဲ့လိုအပ်ချက်က အများရဲ့ လိုအပ်ချက်နဲ့ ဘယ်လောက် ဆက်နွယ်နေလဲဆိုတာလေး ပြောပြတာ။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၃)

အခု Globalization ဖြစ်တယ်။ အင်မတန်မှ စီးပွားရေးမှာ ကျွမ်းကျင်တဲ့ International co-operate တွေ သူတို့က အမြတ်အစွန်းတွေ အများကြီးရတယ်။ တချို့ဆိုရင် ရှေ့နေကောင်းကောင်းတွေ ငှားပြီးတော့ ဘယ်လို အခွန်မပေးရအောင် အဲ့လိုတွေ လုပ်တယ်။

အဲ့လို လုပ်တဲ့အခါကျတော့ သူတို့က ပိုက်ဆံတွေ အများကြီးရထားတယ်။ မရှိတဲ့သူတွေက မရှိဘူးဆိုရင် လူတန်းစား မညီမျှဘူး။

ဒ့ါကြောင့် တခြားနိုင်ငံတော့ မသိဘူး။ ဘုန်းဘုန်း အခု အနှစ်၂၀ကျော်ကျော်နေလာခဲ့တဲ့ အင်္ဂလန်နိုင်ငံမှာ လခများတဲ့သူဆိုရင် အခွန်က ရာခိုင်နှုန်း ၄၀ ကောက်တယ်။ လခ ၁၀၀ရရင် ၄၀ အခွန်ဆောင်ရတယ်။

အဲ့ဒီအခွန်ထဲကနေ ကျောင်းတွေ ပြန်ဆောက်တယ်။ ဆေးရုံတွေ ဆောက်တယ်။ လမ်းတွေ ပြန်ဆောက်တယ်။ အဲ့ဒီဟာကို လူတိုင်းအသုံးပြုတယ်။

အင်္ဂလန်နိုင်ငံမှာ ဆေးရုံသွားရင် တစ်ပြားမှ မပေးရဘူး။ Welfare State ခေါ်တာပေါ့။ မပေးရဘူး။ ဒါတွေဟာ ပစ္စည်းဥစ္စာ သယံဇာတ မြေပေါ်မြေအောက် အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ မျှဝေတဲ့နေရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကောင်းအောင်၊ မျှတအောင်၊ ငြိမ်းချမ်းအောင်၊ ဆူပူမှုမဖြစ်အောင် ကြိုးစားပြီးတော့ လုပ်တဲ့ နမူနာလေးပြောပြတာ။ ဘုန်းဘုန်းက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့သူလည်း မဟုတ်ဘူး။ တရားဓမ္မရှုထောင့်ကနေပြီးတော့ ဒါလေးပြောပြတာ။

ဒါဖြင့် မိမိရဲ့လိုအပ်ချက်က တစ်ယောက်တည်းလိုအပ်ချက် မဖြစ်နိုင်ဘူး။ မိမိရဲ့ လိုအပ်ချက်က သူများလိုအပ်ချက်နဲ့ ပတ်သက်နေတယ်။ ဆက်နွယ်နေတယ်။ ကိုယ်ကလည်း အတန်းကျောင်းတွေ လိုအပ်တယ်။ ဆေးရုံတွေ လိုအပ်တယ်။ ကိုယ်တစ်ယောက်ထဲလည်း မဆောက်နိုင်ဘူး။ အဲ့ဒီဟာတွေကို စုပေါင်းပြီးတော့ ဆောက်ရမယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့သူ သုံးနိုင်အောင်၊ ပိုက်ဆံ ရှိရှိ မရှိရှိ သုံးနိုင်အောင် ဆောက်ရမယ်။ ဒီလို စနစ်တွေ၊ ဒီလိုအပ်ချက်တွေ..

ဘုန်းဘုန်းက လိုအပ်ချက်တွေအကြောင်းပြောနေတာ။ ပထမဆုံး ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်ချက်၊ စားဝတ်နေရေး ကျန်းမာရေး၊ အဲ့ဒီကနေတဆင့် ချဲ့ပြီးတော့ လူမှုရေးအဆင့်အနေနဲ့ တွေးလိုက်တယ်ဆိုရင် မိသားစုတစ်စုအနေနဲ့ လိုအပ်တာ ပညာရေးအတွက်၊ ကျန်းမာရေးအတွက်၊ မြို့နယ်တစ်မြို့နယ်အနေနဲ့၊ တိုင်းတစ်တိုင်းအနေနဲ့၊ ပြည်နယ်တစ်ပြည်နယ်၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ လိုအပ်တာ။ အဲ့ဒီလိုအပ်ချက်တွေဟာ သူက ဆက်စပ်နေတယ်။ အစိုးရရဲ့တာဝန်ထဲမှာ Public Saftey နဲ့ wealth distribution ဆိုတာ နိုင်ငံသူနိုင်ငံသား လုံခြုံမှုအတွက်နဲ့ ပစ္စည်းဥစ္စာ မျှမျှတတဝေငှဖို့အတွက်ဆိုတဲ့ တာဝန်နှစ်ခုပဲ။

အခု ဘုန်းဘုန်းတို့ခေတ်မှာ အားလုံးသိတဲ့အတိုင်း ကမ္ဘာကြီးက ရွာလေးတစ်ရွာလောက်သာ ဖြစ်လာတဲ့အခါကျတော့ ဟိုဘက်နိုင်ငံက၊ တခြားတစ်နိုင်ငံက မီးတွေရှို့တယ်ဆိုရင် သူတို့ရဲ့ မီးခိုးတွေ ကိုယ့်ဆီရောက်လာတယ်။ သူတို့ဆီမှာ ဆူပူတယ်ဆိုရင် ကိုယ့်ဆီကို ဒုက္ခသည်တွေရောက်လာတယ်။ ကိုယ့်ဆီမှာ ဆူပူတယ်ဆိုရင် သူတို့ဆီကို ဒုက္ခသည်တွေ ရောက်သွားတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဒီလိုပဲ အချင်းချင်း ကောင်းတာ၊ ဆိုးတာ အကျိုးသက်ရောက်မှု ရှိတယ်။ Effect ဖြစ်တယ်ပေါ့။ Impact တွေရှိတယ်။

လိုအပ်မှုတွေထဲမှာ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်မှုက လိုချင်မှုထဲကို ရောက်သွား၊ ရောက်သွားတယ်ဆိုရင် ဒီ အားလုံးရဲ့ လိုအပ်မှုကို သွားပြီးတော့ Negative impact သွားပြန်ရောက်တယ်။

ဘုန်းဘုန်းက တကယ်လို့ ပိုက်ဆံတတ်နိုင်လို့ စင်္ကာပူနိုင်ငံရဲ့ မြေတဝက်လောက်ကို တစ်ပါးတည်း ဝယ်ထားတယ်ဆိုပါတော့။ ကျန်တဲ့သူတွေ ဘယ်လိုလုပ်မှာတုန်း။

ကျဉ်းကျဉ်းကြပ်ကြပ်နေရတဲ့အတွက်ကြောင့်မို့လို့ ဆူပူမှုဖြစ်နိုင်တယ်။ တချို့နိုင်ငံတွေမှာ ပိုက်ဆံအရမ်းရှိတဲ့သူတွေကလေ မရှိဆင်းရဲသားတွေကို ဆိုင်ကယ်မဝယ်ချင်ရင် ဝယ်ချင်အောင်၊ ရေခဲသေတ္တာမလိုအပ်ဘဲနဲ့ လိုချင်အောင်၊ ကား မလိုအပ်ဘဲနဲ့ လိုချင်အောင် အဲ့လိုမဲဆွယ်ပြီးတော့ သူတို့ကိုအကြွေးနဲ့ရောင်းတယ်။

ကြာလာတဲ့အခါကျတော့ မဆပ်နိုင်ရင် မြေနေရာပါ ပါသွားတယ်။ အိမ်နေရာပါ ပါသွားတယ်။ ဒီလိုနဲ့ တောတွေမှာ အိမ်မဲ့ယာမဲ့ဖြစ်သွားတယ်။ သူ့ရဲ့လိုအပ်မှုထက် ပိုပြီးတော့ သူ့ရဲ့လိုချင်မှုနောက်ကို လိုက်သွားတဲ့အခါကျတော့ တခြားလူတွေ နစ်နာတာပေါ့။

ဥရောပမှာ ရိုးသားတဲ့သူတွေ တချို့ပြောတဲ့စကားရှိတယ်။ ဥရောပနိုင်ငံတွေက ချမ်းသာကြွယ်ဝတာ အာရှထက်စောတယ်လေ။ အင်္ဂလန်နိုင်ငံတို့၊ ပြင်သစ်နိုင်ငံတို့၊ ဂျာမနီနိုင်ငံတို့၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပေါ်တူဂီ အဲ့ဒီနိုင်ငံတွေက စောစောစီးစီးချမ်းသာတဲ့နိုင်ငံတွေ။

သူတို့က ဘာပြောလဲဆိုတော့ For every rich nations in Europe, there is one nation destroyed in the other site of the world - ဥရောပမှာ နိုင်ငံတစ်နိုင်ငံ ကြီးပွားချမ်းသာဖို့အတွက် ကမ္ဘာရဲ့ တခြားအခြမ်းမှာ အဖျက်ဆီးခံရတဲ့ နိုင်ငံရှိတယ်။ တခြားနိုင်ငံမှာ သယံဇာတတွေ သွားယူလာပြီးတော့ သူတို့နိုင်ငံကို လာဆောက်ထားတာကိုး။ အဲ့ဒီလို ပြောတယ်ဆိုရင် အာဃာတထားပြီးတော့ တိုက်ခိုက်ပေးရာရောက်တယ်။

ဆိုလိုတာက ဗုဒ္ဓတရားတော်က သင်ပေးတဲ့ထဲမှာ "လိုအပ်မှု"နဲ့ "လိုချင်မှု"ထဲမှာ လိုအပ်မှုကို ကိုယ်က တရားသဖြင့်ရှာဖွေစုဆောင်းနိုင်တယ်။

လိုချင်မှုကတော့ လိုချင်လာပြီဆိုရင် အတောမသတ်နိုင်တော့ဘူး။ လိုအပ်မှုက အတိုင်းအတာရှိတယ်။ ဖြည့်ဆည်းနိုင်တယ်။ လိုချင်မှုကတော့ ဖြည့်ဆည်းလို့ မရဘူး။ မပြည့်နိုင်ဘူးပေါ့။

ခန္ဓာကိုယ်က ဗီတာမင်ဘယ်လောက်လိုလဲဆိုတာ တစ်နေ့တာ တွက်ချက်ပြီးတော့ စားလို့ရတယ်။ ဗီတာမင်ဒီဘယ်လောက်လိုလဲ။ စီ ဘယ်လောက်လိုလဲ၊ ဗီတာမင် အီး ဘယ်လောက်လိုလဲ၊ ပရိုတင်းဘယ်လောက်လိုလဲ၊ သံဓာတ်ဘယ်လောက်လိုလဲ ဒါတွေ တွက်ချက်ပြီးတော့ စားလို့ရတယ်။ ဒါက လိုအပ်ချက်။

လိုချင်မှုကျတော့ မဟုတ်တော့ဘူး။ ဒီနေ့ဒါကို စားတယ်။ မနက်ဖန်ဒါကို မစားချင်တော့ဘူး။ ဒီအထဲက ဗီတာမင် ဘယ်လောက်ပဲ လိုအပ်လိုအပ် ကိုယ်က မစားချင်တော့ဘူး။ ဘာလို့ မစားချင်တာလဲဆိုတော့ စိတ်က reject လုပ်တယ်။

တစ်နပ်စားပြီးသားဟင်းဆိုရင် အလိုလိုနေရင် ငြင်းပယ်၊ reject လုပ်တဲ့အကျင့်က ပါပြီးသား။ ဒါ့ကြောင့် လူသားတွေမှာ ရှိတဲ့တင်းတိမ်မှုကလည်း ထမင်းတစ်နပ်ထက် ပိုပြီးတော့ အသက်မရှိဘူး။ ဒီတစ်နပ် ဘာကြိုက်တုန်း၊ ကြိုက်တဲ့ဟာလေး စားလိုက်တယ်။ နောက်တစ်နပ်ကျရင် မစားချင်တော့ဘူး။ စားတယ်ဆိုရင် စိတ်ထဲမှာ တမျိုးကြီးဖြစ်နေတယ်။

တရားဟောတိုင်း ဘုန်းဘုန်းက ဒါကိုပြောတာ။ ဘာကြောင့် အဲ့လို ပြောလဲဆိုတော့ အရှေ့နိုင်ငံ အနောက်နိုင်ငံ နေရာတိုင်းမှာ ဒါပဲ တွေ့ရလို့။
Menu ထပ်လို့ မရဘူး။ ထပ်တယ်ဆိုရင် အလိုလိုနေရင်းနဲ့ စိတ်ထဲမှာ နေမထိ ထိုင်မသာဖြစ်တယ်။ နောက် ကိုယ့်ဟာကိုယ်လည်းပဲ လူတန်းမစေ့သလို ခံစားရတယ်။ ဟုတ်တယ်မလား။ ဒီနေ့ကြက်သားစားတယ်။ နောက်နေ့လည်း ကြက်သားပြန်စားရမယ်ဆိုရင် မတူအောင်၊ လုံးဝမတူအောင်ချက်မှ စားတာ။ မဟုတ်ရင် မစားချင်ဘူး

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့်
ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၂)

Oxford မြို့မှာ တက္ကသိုလ် နှစ်ခု ရှိတယ်။ တက္ကသိုလ် အသစ်တစ်ခုက နှစ်တစ်ရာကျော်ပြီ။ အဲ့ဒါလည်း အရမ်းကောင်းတယ်။ Oxford Brookes University အရမ်းတိုးတက်တယ်။ ဘုန်းဘုန်းက အဲ့ဒီနှစ်ခုစလုံးမှာ Buddhist Chaplain လုပ်တယ်။

Oxford Brookes ဆိုတာက John Brookes ဆိုတဲ့ ပုဂ္ဂိုလ်တည်ထောင်ထားလို့ Brookes ဆိုတဲ့နာမည်လေး ထည့်ထားတာ။ နှစ်တစ်ရာကျော် ရှိပြီ။ ဘုန်းဘုန်း တက်ခဲ့တဲ့ Ph.D လုပ်ခဲ့တဲ့ Oxford တက္ကသိုလ်ကြီး Oxford University က နှစ်ပေါင်း ၉၀၀ နီးပါးရှိပြီ။

Oxford Brookes တောင်မှ ရန်ကုန်တက္ကသိုလ်ထက် အသက်ကြီးတယ်။ တစ်နေ့ကျတော့ အဲ့ဒီမှာ Staff တွေလိုလို့ ကြေငြာထားတယ်။ အဲ့ဒီ Oxford Brookes ကိုတည်ထောင်တဲ့ John Brookes ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရှိနေတဲ့အချိန်မှာ လူတစ်ယောက် အလုပ်လျှောက်တယ်။ သူက အင်တာဗျူးခေါ်တယ်။ အဲ့ဒီလူက အင်တာဗျူးလာတော့ ကျကျနနဝတ်လာတယ်။ ဝတ်လာတာမှ ပရော်ဖက်ဆာနီးနီး ဝတ်လာတယ်။ ပြင်ဆင်ထားတယ်ပေါ့။ အင်တာဗျူးသွားမယ်ဆိုတော့ ကိုယ်က impress လုပ်ရသေးတယ်ပေါ့။ First Impression အရေးကြီးတယ်ဆိုလို့ ကျကျနနဝတ်လာတယ်ပေါ့။

အဲ့ဒီကို ရောက်သွားတဲ့အခါကျတော့ လူကြီးတစ်ယောက်ကို မေးတယ်တဲ့။ "ကျောင်းအုပ်ကြီး Mr.John Brookes နဲ့ ကျွန်တော်လာတွေ့တာပါ။ ကျွန်တော်က သူနဲ့ အင်တာဗျူးရှိတယ်"ဆိုပြီး ပြောတော့ အဲ့ဒီလူကြီးက ခေါ်သွားပြီးတော့ "ဒီနေရာလေး ထိုင်ပါ" ဆိုပြီးတော့ အခန်းတစ်ခန်းရဲ့ ရုံးခန်းတစ်ခန်းရဲ့ အပြင်ဘက်မှာ ခဏထိုင်ခိုင်းထားတယ်။

အချိန်ရောက်တဲ့အခါကျတော့ အဲ့ဒီလူပဲ ပေါ်လာပြီးတော့ ခုနက အင်တာဗျူးလာတဲ့သူကို "အခန်းထဲကြွပါ"တဲ့။ "John Brookes ဆိုတာ ကျွန်တော်ပါပဲ"တဲ့။ သူက ရုံးပြာတာလို့ ထင်နေတာ။

အဲ့ဒီတော့ လူရာဝင်အောင် လုပ်တဲ့နေရာမှာ အဝတ်အစားက shortcut ပေါ့နော်။ အဲ့ဒီဟာတွေ လိုက်ရင်းနဲ့ လိုက်ရင်းနဲ့ လိုအပ်မှုကနေ လိုချင်မှုထဲကို ရောက်သွားတာ။ ဒါ့ကြောင့် မြတ်စွာဘုရားက ပစ္စဝေက္ခဏာဆင်ခြင်ပြီးတော့ သွားရမယ်တဲ့။

သင်္ကန်းဝတ်တယ်ဆိုရင် ဘာ့ကြောင့် ဒီသင်္ကန်းကို ဝတ်တာလဲဆိုတာ ဆင်ခြင်ရမယ်တဲ့။ The Purpose of Clothing. အဲ့ဒီ purpose မမေ့အောင်လို့။ ကျန်းမာရေးအတွက်၊ အရှက်ကာကွယ်ဖို့အတွက်၊ အပူအအေးမျှတဖို့အတွက် သင်္ကန်းဝတ်တယ်။ လူတွေဆိုရင်လည်း အဝတ်ဝတ်တယ်။

သံဃာတော်တွေလောက် အဲ့လောက်အထိ မလုပ်နိုင်တာတောင်မှ ဒီအဝတ်အစားဟာ ဘယ်ထဲမှာပါတယ်ဆိုတာ ကိုယ့်ဟာကိုယ်ရှင်းရှင်းလင်းလင်း သိထားရင် ဒီအဝတ်အစားက "လိုအပ်မှုထဲမှာလား၊ လိုချင်မှုထဲမှာလား" အဲ့ဒီဇယားနှစ်ကွက်ဆွဲထားပြီးတော့ ကိုယ်ဘယ်ထဲထည့်ထားမလဲ။ လိုအပ်မှုထဲလား။

တချို့က မတော်တဆအိမ်ပြောင်းရပြီဆိုရင်လေ အဝတ်အစားတွေ အများကြီးပဲ။ ဖိနပ်ဘယ်နှစ်ရံမှန်း မမှတ်မိတော့ဘူး။ လက်ဆွဲအိတ် handbag ဘယ်နှစ်လုံးမှန်း မမှတ်မိတော့ဘူး။ ဝယ်ထားတဲ့ ပစ္စည်းတွေက အများကြီး။

အဲ့ဒီပစ္စည်းတွေဟာ ကိုယ့်ဟာလည်း ဟုတ်တယ်။ ကိုယ့်ဟာလည်း မဟုတ်ဘူး။ ဘာ့ကြောင့် ကိုယ့်ပစ္စည်းဟုတ်တာလဲဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ ဝယ်ထားလို့၊ ကိုယ်ကြိုက်လို့ ဝယ်ထားလို့။

ကိုယ့်ဟာလည်း မဟုတ်ဘူးဆိုတာက ဒီပစ္စည်းတွေနဲ့ emotional relation မရှိလို့။ စိတ်ထဲမှာ ဆက်ဆံရေးမရှိဘူး။ ဘယ်တစ်ခုကိုမှ အရမ်းကြီး မကြိုက်ဘူးပေါ့။

ဒီထက်ပိုပြီး ရှင်းတဲ့စကားနဲ့ ပြောရင် လွယ်အိတ်တွေ အများကြီးရှိတယ်။ ဘယ်တစ်လုံးကိုမှ တိတိကျကျ မချစ်ဘူးပေါ့။ ချစ်တယ်ဆိုရင် အဲ့ဒီလွယ်အိတ်တစ်လုံးထဲနဲ့ စိတ်ချမ်းသာမှု ရရမယ်။ အခုကျတော့ ဘယ်တစ်လုံးမှာမှ စိတ်ချမ်းသာမှု အပြည့်အဝမရဘူး။

ဒီတစ်လုံးနဲ့ ပွဲတစ်ပွဲသွားတယ်။ ပြန်လာတော့ ဒီတစ်လုံးကို ချောင်ထိုးထားတယ်။ တချို့ handbag တွေက တချို့လွယ်အိတ်တွေက ဘယ်ကနေလာတုန်းဆိုတော့ crocodile skin မိချောင်းတွေရဲ့ အရေကနေ လာတာ။ သူတို့ကို မွေးထား၊ သူတို့ကို သတ်၊ အဲ့ဒီကနေ လုပ်ထားတာ။ အများစုကတော့ တိရစ္ဆာန်ရဲ့ အရေတွေ။

ကိုယ့်အရေကို နည်းနည်းလေး ခြင်ကိုက်ရင်တောင် လုံးဝမကြိုက်တာ သူများအရေကို ကိုယ်ကအလှလာလုပ်တယ်။ ဒီထဲမှာ လိုအပ်လို့ တစ်လုံး နှစ်လုံးဆိုတော်သေးတယ်။ တချို့ကျတော့ များလွန်းလို့ အိမ်တစ်အိမ်မှာ ဘုန်းဘုန်းတွေ့တာ အများကြီးပဲ။ အဲ့ဒီမှာ ဒကာမကြီးက စိတ်ချမ်းသာမှုကို လိုက်ရှာနေသေးတယ်။

ဆိုလိုတာက ဒီလောက်ဈေးကြီးတဲ့ handbag တွေ သုံးထောင်၊ လေးထောင် တွေက စိတ်ချမ်းသာမှု ပေးမယ်ထင်ပြီးတော့ ဝယ်ထားတာ တစ်ခုမှ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။ ကိုယ့်လက်ထဲရောက်တဲ့အခါကျတော့ စိတ်ချမ်းသာမှု မတွေ့ဘူး။ ဒါ့ကြောင့် လိုအပ်ချက်နဲ့၊ လိုအပ်မှုနဲ့ လိုချင်မှု။ သူ့ရဲ့ Boundry က paper thin ဆိုတဲ့ စက္ကူလောက် ပါးတာ။ စိတ်ကို မဆုံးမထားဘူးဆိုရင် ဒီဘက်ကနေပြီးတော့ ဟိုဘက်ကို ကူးသွားဖို့အတွက် အလွယ်တကူပဲ။ ဘယ်အချိန်ကူးသွားမှန်းတောင် မသိဘူး။

သူများကိုင်တာနဲ့ ကိုယ်ကလည်း ကိုင်ချင်တယ်။ သူများဝတ်တာ မြင်ရင် ကိုယ်ကလည်း ဝတ်ချင်တယ်။
အဲ့ဒီတော့ Psychologist Meslow ပြောတဲ့ Physical Needs ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို မြတ်စွာဘုရားက အမိန့်ရှိထားတယ်။ ပစ္စည်းလေးပါးနဲ့ တူတူပဲ။

သူပြောတဲ့ psychological needs ဆိုတာ လူဆိုတဲ့ သက်ရှိသတ္တဝါက တစ်ဦးတစ်ယောက်တည်း မနေတတ်ဘူး။ နေလို့မရဘူး။ မလုံခြုံဘူး။ ဒါ့ကြောင့် အသိုင်းအဝိုင်းနဲ့နေရတယ်။

အသိုင်းအဝိုင်းဆိုတဲ့နေရာမှာ မိသားစုဆိုတာက အသိုင်းအဝိုင်းတစ်ခု၊ အသင်းဆိုတာ အသိုင်းအဝိုင်းတစ်ခု၊ ကျောင်း၊ စာသင်ကျောင်း၊ အလုပ်အကိုင်လုပ်တဲ့နေရာ ဒါက အသိုင်းအဝိုင်းတစ်ခု၊ မြို့၊ အဲ့ဒီထက်ပိုကြီးလာရင် နိုင်ငံ ဆိုတာ အသိုင်းအဝိုင်းတစ်ခု၊ အဲ့ဒီလို ပုံစံမျိုးနဲ့ လူသားတွေက နေကြတာ။

အဲ့လို နေကြတဲ့အခါကျတော့ Psychological Needs ထဲမှာ Meslow ပြောတာကတော့ Relationshipတို့၊ Belonging တို့.. လူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကနေ မိသားစုတွေ ပေါက်ဖွားလာပြီး မိမိရဲ့ Psychological Needs, Psychological Base ပေါ့။ စိတ်နွေးထွေးတယ်။

မြတ်စွာဘုရားကလည်း ဒါကို ပြီးခဲ့တဲ့ နှစ် ၂၆၀၀ ကတည်းက ဟောထားပါတယ်။ ဒီဃနိကာယ် ဒီဃနိကာယ် အဂ္ဂညသုတ်ထဲမှာ လူတွေရဲ့ Basic need အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းတဲ့နေရာမှာ "အစားအသောက်"

အစောပိုင်းမှာတော့ အစားအသောက်ဆိုရင် ဒီလိုပဲ Plenty - အများကြီးပဲ။ လူတွေက သိုမှီးသိမ်းဆည်းထားတာမျိုး မရှိဘူး။ ရှေးခေတ်က လူတွေက တိရစ္ဆာန်တွေလို ဆာတဲ့အခါမှပဲ သွားစားတယ်။ အဲ့ဒါတွေကို ယူပြီးတော့ ကိုယ့်အိမ်မှာ သိမ်းထားတာမျိုး မရှိဘူး။ မလုပ်ဘူး။

နောက်ပိုင်းကျတော့ သိမ်းထားတယ်တဲ့။ စားပြီးတော့ သိမ်းထားတယ်။ မနက်ဖန်အတွက် မရှာရအောင် ဒီနေ့သွားတာနဲ့ နှစ်ရက်စာ ယူလာတယ်။ နောက်ပိုင်းကျတော့ အဲ့ဒီအကြံဥာဏ်တွေနဲ့ သုံးရက်စာ၊ ခုနစ်ရက်စာ၊ တစ်လစာ ဒီလို သိမ်းလာကြတယ်။ ဘုန်းဘုန်းတို့ ခေတ်မှာ Freezer အကြီးကြီးတွေ ပေါ်လာတယ်။ သိမ်းထားကြတယ်။

သိမ်းထားတဲ့အခါကျတော့ ရှိတဲ့ ပစ္စည်းဥစ္စာအရင်းအမြစ်တွေ Resources တွေကို လူအများစုက share လုပ်ရတာကိုး။ ဒီအရင်းအမြစ်တွေက အတိုင်းအတာရှိတယ်။ limited resources။ ဒီ limited resources ကို share လုပ်ရတာ။

မဲခေါင်မြစ်ဆိုရင် ဘယ်နှစ်နိုင်ငံ share ရတုန်းဆိုရင် တိဗက်ကနေ ဆင်းလာတာ တရုတ်ပြည်ကနေ လောနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ ဒီလိုသွားတယ်။ Share လုပ်တဲ့နေရာမှာ Distribution လုပ်တဲ့နေရာမှာ မျှတမှုမရှိရင် Fair မဖြစ်ရင် ပြဿနာဖြစ်တာပဲ။

နိုင်ငံ တစ်နိုင်ငံမှာ ပိုက်ဆံရှိတဲ့သူက အရမ်းရှိ၊ မရှိတဲ့သူက မရှိဘူး အဲ့ဒီလိုဖြစ်ရင် wealth distribution မရှိတဲ့သူတွေက ဆူပူလာတယ်။ မစားဘဲ မနေနိုင်တာကိုး။ ရှိတဲ့သူက အများကြီး ပိုလျှံနေပြီးတော့ မရှိတဲ့သူက မရှိဘူးဆိုတော့ ဒီပုံစံမျိုးနဲ့ ဆူပူလာတဲ့အတွက်ကြောင့်မို့ လိုအပ်ချက် နှစ်ချက်နဲ့ အစိုးရဆိုတာ ရှိရတယ်တဲ့။

အဂ္ဂညသုတ်ထဲမှာ တစ်ခုကတော့ လိုအပ်မှုကနေပြီးတော့ လိုချင်မှုနယ်ပယ်ထဲကို ဝင်ရောက်သွားပြီးတော့ လိုချင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့်များလာတဲ့ လူသားတွေ။ တစ်ယောက်ပေါ် တစ်ယောက်နင်း၊ တစ်ယောက် မျက်ခုံးမွှေးပေါ် တစ်ယောက်တက်နင်း။ တစ်ယောက်ရဲ့ အကျိုးစီးပွားကို တစ်ယောက်က လျစ်လျူရှု၊ ဒီလိုနဲ့ ဘယ်သူသေသေ ငတေမာပြီးရော စိတ်တွေ မွေးလာကြတယ်။ Security ပြဿနာရှိတယ်။ လူတွေ မလုံခြုံတော့ဘူး။

ဒါ့ကြောင့် အစိုးရက တိုင်းသူပြည်သားတွေရဲ့ လုံခြုံမှုကို တာဝန်ယူပေးဖို့က အဓိကကျတဲ့ တာဝန်တစ်ခုပါ။ အစားအသောက်၊ ပစ္စည်းဥစ္စာ ဒါတွေကို မျှဝေပေးတာ။ များများကြိုးစားတဲ့သူက များများရတာတော့ မှန်တယ်။ နည်းနည်းကြိုးစားလို့ နည်းနည်းရတာ မှန်တယ်။

ဒါပေမယ့် wealth distribution ပစ္စည်းဥစ္စာမျှဝေမှုက မရှိမဖြစ်ဘူး။ Industrial Revolution - စက်မှုတော်လှန်ရေးတွေ စပြီးဖြစ်လာတဲ့အခါကျတော့ စက်မှုတွေ ပေါ်လာပြီးတော့ ပညာတတ်လူနည်းစု သြဇာအာဏာရှိတဲ့လူနည်းစုက အဲ့ဒါကို အသုံးပြုပြီးတော့ အရင်းရှင်ဆိုပြီးတော့ ဖြစ်လာတယ်။ အလုပ်သမားတွေကို ဂရုမစိုက်ဘူး။ သူတို့ရဲ့ နေရေးထိုင်ရေး၊ ဘဝအရေးကို အရေးမစိုက်ဘူး။ အရေးမစိုက်ရုံတင်မကဘူး သူတို့က ကျွန်လုပ်ထားသေးတာ။ ကျွန်စနစ်။ ဥရောပမှာ ဖြစ်ပေါ်လာတဲ့ Industrial revolution မှာ လူတွေ အချင်းချင်းကို ကျွန်လုပ်ထားတာ မကျေနပ်ဘူး။ အာဖရိကက လူတွေကို သွားခေါ်ပြီးတော့ ကျွန်လုပ်လိုက်တာ။

အဲ့ဒီတော့ ဆိုလိုတာက အဲ့ဒီလို မမျှတတဲ့အတွက်ကြောင့် ကွန်မြူနစ်ဝါဒဖြစ်လာတာ။ Communisim အဖိနှိပ်ခံရတဲ့ လူတန်းစားကို ကာကွယ်ဖို့အတွက် ဒီဝါဒ ပေါ်လာတာ။ ဒီဝါဒကလည်းပဲ သူက မရှိတဲ့သူတွေ ရှိအောင်၊ အောက်ကျနေတဲ့သူတွေ အထက်တက်အောင် မလုပ်နိုင်ဘူး။ သူကြိုးစားတယ်။ အတိုင်းအတာတစ်ခုအထိပဲ အောင်မြင်တယ်။ လိုအပ်သလောက် မအောင်မြင်ဘူး။ ဒါ့ကြောင့် သူက ကျရှုံးသွားတယ်။

ဒါ့ကြောင့်အခု ကွန်မြူနစ်နိုင်ငံတို့ဆိုရင် ကွန်မြူနစ်ဝါဒရဲ့ စီးပွားရေး အတွေးအခေါ်တွေအကုန်လုံးကို ဖယ်ပြီးတော့ အရင်းရှင်စနစ် ပြန်ပြီးတော့ ကျင့်သုံးတယ်။ ဗီယက်နမ်လို နိုင်ငံမျိုး၊ အခုကျန်နေတဲ့နောက်ဆုံး ကျူးဘားနိုင်ငံလည်း ဒီနည်းလိုက်လာတယ်။ ဒါတွေက နိုင်ငံရေးအပြောင်းအလဲစနစ်တစ်ခုကနေ တစ်ခုရောက်အောင်သွားတာ ဘာကြောင့် သွားရတာလဲဆိုတော့ wealth distribution ပစ္စည်းဥစ္စာခွဲဝေတဲ့နေရာမှာ ပြဿာနာရှိနေသေးလို့။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၁)

💎 ကိုယ့်နဲ့အနီးဆုံး၊ ကိုယ်နဲ့အဆက်ဆံရဆုံး၊ ဒါပေမဲ့ နားလည်ရခက်ဆုံး အရာတစ်ခုက “အလို” ပဲ။

💎 မနက်စောစောစီးစီး ထလာလည်း ဒီ “အလို”ပဲ။ ပထမဆုံး သူနဲ့ တွေ့ရတယ်။

အလုပ်သွားတာလည်း “အလို”ကြောင့်ပဲ။ အလုပ်ကနေ အိမ်ပြန်တာကလည်း “အလို”ကြောင့်ပဲ။

💎 ခုခေတ်ကျတော့ technology တွေက တိုးတက်လာပြီးတော့ အချိန်ရတိုင်း ရတိုင်း iphone ပွတ်နေတာလည်း အလိုကြောင့်ပဲ။

💎 အဲ့ဒီအလိုတွေထဲမှာ ဘယ်အလိုကတော့ဖြင့် "တကယ့်အလို"တုန်း၊ ဘယ်အလိုကတော့ဖြင့် "အပို"တုန်းဆိုတာ နေ့စဉ်ဘဝမှာ စဉ်းစားချိန်မရဘူး။

💎 ဒီလိုနဲ့ “အပို”ကိုလည်း “အလို”လို့ ထင်၊ ကိုယ့်ဟာကိုယ် ဝန်တွေပိ၊ မိသားစု ဝန်တွေပိ။

💎 ခုတ်လိုက်တဲ့ သစ်ပင်တွေ သိပ်မကျန်တော့ဘူး။ ဒါက လူတွေရဲ့ အလိုကြောင့်ပဲ။

💎 ပိုက်ဆံရှာပြီးတော့ ဝယ်လိုက်တဲ့ကားတွေ ထားစရာနေရာလည်း မရှိတော့ဘူး။ မောင်းစရာ လမ်းကလည်း အရမ်းကျဉ်းသွားပြီ။ နေရာတိုင်း ကားတွေကြပ်တယ်။

💎 စင်္ကာပူလည်းကြပ်တာပဲ။ ဘန်ကောက်လည်း ကြပ်တာပဲ။ မြန်မာပြည်လည်း ကြပ်တာပဲ။ ကိုလံဘို၊ သီရိလင်္ကာကြပ်တယ်။ အိန္ဒိယမှာလည်း ကြပ်တယ်။ ဥရောပမှာ လန်ဒန်၊ ပဲရစ်၊ နယူးယောက် အကုန်ကြပ်တယ်။

💎 ကနေဒါမှာ ကားကြပ်၊ မကြပ်တော့ ဘုန်းဘုန်းသတိမထားမိဘူး။ ကားကြပ်တဲ့ အချိန်မှာ ခရီးမသွားဖူးဘူး။ သူတို့ လမ်းကြီးတွေက အရမ်းကျယ်တယ်။ lane - လမ်း ရှစ်ခုလောက် ရှိတယ်။

💎 အဲ့ဒီတော့ အလိုတွေ များတဲ့အခါကျတော့ ဝယ်ပြီးသားကို ပြန်လျှော့ဖို့ ဘယ်သူမှ မစဉ်းစားဘူး။
ပိုက်ဆံထပ်ရှာပြီးတော့ ထပ်ဝယ်ဖို့ပဲ စဉ်းစားတယ်။ ကားမရှိသေးတဲ့သူလည်း ကားဝယ်ဖို့၊
ကားရှိပြီးသားလူလည်း ပိုကောင်းတဲ့ကား ဝယ်ဖို့၊ မဟုတ်ရင် ကလေးတစ်ယောက် တစ်စီး၊
ပစ္စည်းတင်ဖို့တစ်စီး အဲ့ဒါမျိုးတွေ ဝယ်ကြတယ်။

💎 ဘန်ကောက်မှာ အသိဒကာတစ်ဦးရဲ့အိမ်မှာ ပြောပြတာ။ တစ်နေ့တော့ သူတို့သမီးလေး ကျောင်းသွားတယ်တဲ့။ ဆရာမကြီးတစ်ယောက်က အတန်းထဲက ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက်မေးတယ်တဲ့။ အိမ်မှာ ကားဘယ်နှစီး ရှိတုန်း။ လူဘယ်နှယောက်ရှိတုန်းဆိုတော့ ဒီကလေးမလေးရဲ့ အိမ်မှာ လူငါးယောက်ရှိတယ်။ ကားက ခုနစ်စီးရှိတယ်။

💎 အဲ့ဒါကြောင့် ဘန်ကောက်မှာ ကားကြပ်တယ်ဆိုရင် သူတို့က သူများကို အပြစ်တင်စရာ အကြောင်းမရှိဘူး။ သူတို့ကိုယ်တိုင်ကိုက ကားတွေ ခုနစ်စီး ရှိတာ။

💎 အဲ့ဒီတော့ အလိုမပြည့်သောအခါ.. ဆိုတဲ့နေရာမှာ ဒီနေ့တော့ မေးခွန်းထုတ်ဖို့လည်း မရှိဘူး။ အဖြေပေးဖို့လည်း မရှိဘူး။ ဒါပေမယ့် အင်္ဂလိပ်တွေ ပြောသလို Thought Promoting ဆိုတာ.. အတွေးတွေ ဖြစ်လာအောင် ဒီကနေပြီး ဆက်တွေးကြဖို့ ဒီနေ့ ဒီခေါင်းစီးလေး ရွေးထားတာ။

💎 ဒကာ ကိုထွန်းထွန်း လာတဲ့အခါကျတော့ ဒီတရားကိုလည်းပဲ ကျကျနန နှလုံးသွင်းထားခြင်းမရှိပါဘူး။
စိတ်ထဲမှာ ပေါ်တာတွေ၊ မျက်စိထဲမှာ တွေ့ရတာတွေ၊ နားနဲ့ ကြားရတာတွေ၊ ဖတ်ထားတာတွေကို
ဒီနေ့ ဓမ္မသာကစ္ဆာဖြစ်လိုဖြစ်ငြား ဒီခေါင်းစဉ် ရွေးရခြင်း ဖြစ်ပါတယ်။

💎 “အလို” ဆိုတဲ့ နေရာမှာ အင်္ဂလိပ်ပညာရှင်တွေ အများကြီး ဒီလိုပဲ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။
“Need” ဆိုတာက “လိုအပ်တာ”။ အဲ့ဒါကို သူတို့က “Require”ဆိုပြီး ထုတ်တယ်။ ဒီအရာမရရင်၊ မရှိရင် အသက်မရှင်နိုင်ဘူး။ ဒါက Need - လိုအပ်တာ။

💎 "Want" က လိုချင်တာ။ လိုချင်တဲ့ဟာကတော့ ဘဝနေနိုင်ဖို့အတွက် မဟုတ်ဘူး။ ဒါပေမဲ့ လူ့လောကထဲမှာ ဂုဏ်ရှိဖို့အတွက် မျက်နှာပန်းလှဖို့အတွက်၊ ပိုပြီးတော့ ပိုက်ဆံရှိတဲ့သူတွေရဲ့ ကြားထဲမှာ ပိုပြီးတော့ ဂုဏ်ရှိချင်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့ Want - လိုချင်မှုက ပိုပြီးတော့ ပြင်းထန်လာတယ်။ ဒီ want ကို အင်္ဂလိပ်လို "Desire" လို့ ခေါ်တယ်။

💎 အဲ့ဒီတော့ Psychology မှာ ခပ်စောစောပိုင်းက 1950 – 60 လောက်မှာ နာမည်ကြီးတဲ့ American Psycholgist Abraham Maslow ဆိုတာ နာမည်ကြီးပဲ။ "Need" နဲ့ "want" ဘယ်လို ရှိလဲဆိုတာ ပိရမစ်ပုံစံမျိုး အောက်ခြေကနေစပြီးတော့ အထက်ကို တက်သွားတဲ့ပုံစံမျိုးနဲ့ သူဆွဲထားတဲ့ ဇယားတစ်ခုရှိတယ်။ သူက အဲ့ဒါနဲ့ နာမည်ကြီးတာ။

💎 အဓိက သူပြောတာက၊ သူခွဲပြတာက Physical Needs , Psychological Needs နောက်ပြီး Potential ပေါ့။ သိပ်ပြီးတော့ ခက်ခဲတဲ့စကားလုံးတွေ technical term တွေ မသုံးတော့ဘူး။ သူသုံးတာက Self-actualization အဲ့ဒီလို စကားလုံးတွေ ကြီးလွန်းတယ်။ အင်္ဂလိပ် အချင်းချင်းတောင် နားမလည်ဘူး။ ဘုန်းဘုန်းတို့ဆို ပြောမနေနဲ့တော့ Dictionary တွေ ခဏခဏ လှန်ကြည့်ရတယ်။

💎 ပြောချင်တာက ဘဝနေဖို့အတွက် လိုအပ်တာက မြန်မာလိုပြောနေကျက စား၊ဝတ်၊နေရေး၊ကျန်းမာရေး။
● အစားအသောက်လိုအပ်တယ်။
● အဝတ်အစားလိုအပ်တယ်။
● နေရာထိုင်ခင်း အိမ်လိုအပ်တယ်။
● ကျန်းမာရေးအတွက် လိုအပ်တယ်။
ဒီဟာကိုပဲ မြတ်စွာဘုရားက ပစ္စည်းလေးပါးလို့ ဆိုတာ။

💎 ဘုန်းကြီးအနေနဲ့ ပြောမယ်ဆိုရင် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး။ ဒါကို Needs လို့ ခေါ်တာ။ တချို့ကျတော့ ပိုပြီးတော့ ထင်ရှားအောင်လို့ Basic Needs လို့ ခေါ်တယ်။ အခြေခံလိုအပ်ချက်တွေ၊ မရှိမဖြစ် လူတိုင်းလိုအပ်တယ်။

💎 အနောက်နိုင်ငံ စိတ္တဗေဒပညာရှင် Maslow မပြောဘဲနဲ့ မြတ်စွာဘုရား အမိန့်ရှိတာကတော "ဒီပစ္စည်းလေးပါးကို သုံးတဲ့နေရာမှာ အသိဥာဏ်နဲ့ သတိနဲ့ အသုံးပြုဖို့" မိန့်တယ်။

💎 မဟုတ်ဘူးဆိုရင် လိုအပ်တဲ့ဟာက လိုချင်တဲ့နယ်ပယ်ထဲကို ရောက်သွားတယ်။ အဝတ်အစားလိုအပ်တာ ဟုတ်တယ်။ ဒါပေမဲ့ တချို့တစ်နေ့ကို သူများဖိတ်ထားတာ သုံးနေရာ၊ လေးနေရာ သွားရမယ်ဆိုရင် မနက်ဆွမ်းကပ်သွားတယ်၊ နောက်တစ်နေရာ မင်္ဂလာဆောင်သွားတယ်။ နောက်ညနေပိုင်း ညစာစားပွဲသွားရမယ်ဆိုရင် ကားထဲမှာ အပြည့်ထည့်ထားတာ။ ဘယ်နေရာမှာ ဘယ်အဆင်ဝတ်မယ်။ ဟုတ်တယ်မလား။

💎 စင်္ကာပူက ဒကာမကြီးတစ်ယောက် မြန်မာပြည်သွားပြီးတော့ ပြန်လာတာ ဘာပြောတုန်းဆိုတော့ ဟိုမှာ ပွဲတွေဘာတွေသွားတယ်ဆိုရင် ဆင်ထားကြတာတဲ့ ရွှေ၊ငွေ အဝတ်အစားတွေပေါ့နော် ပဒေသာပင်ကျနေတာပဲတဲ့။

💎 အဲ့ဒါကို ကြည့်ပြီး မြန်မာပြည်အကြောင်း ပြောတာမဟုတ်ပါဘူး။ ဘုန်းဘုန်းနိုင်ငံခြားမှာ 1987 နေတာဆိုတော့ 29 နှစ်ရှိပြီ။ မြန်မာပြည်ကို ခပ်ကြာကြာလေး ပြန်ပြီးတော့ သာသနာပြုတာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ ၂ နှစ်မပြည့်သေးဘူး။ အာရှမှာ ဒီလို ပွဲလမ်းသွားတယ်ဆိုရင် Show-off နည်းနည်း ရှိတယ်ပေါ့နော်။

ဆက်ရန်-

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။