Saturday 25 February 2017

ပါရမီ (၁၀) ပါး

နမော ဗုဒ္ဓဿ
ပါရမီ (၁၀) ပါး
အဓိကအားဖြင့် ဝိသုဒ္ဓိ (၇) ပါး သင်တန်းပေးမှာ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာများအနေနဲ့  တရားအားထုတ်မယ်ဆိုတဲ့အခါတိုင်း  "ပါရမီနည်းတယ်၊ ပါရမီမပြည့်သေးဘူး" ဆိုတဲ့ ဆင်ခြေစကားတွေကို ကြားကြားနေရလို့  ပါရမီ(၁၀) ပါးနဲ့ ပတ်သက်လို့လည်း အကျဉ်းချုပ်လေး သိသာရုံ ပြောပါဦးမယ်။
အမှန်ကတော့ ဗောဓိဉာဏ်ရရာ ရကြောင်း အခြေခံ ဗောဓိပက္ခိယတရား (၃၇) ပါး ဆိုတဲ့ ထဲမှာ ပါရမီဆိုတာတော့ မပါပါဘူး။ အဲဒီထဲက ဗလငါးပါးမှာ ပါတဲ့ သဒ္ဓါ တရားသည်ပင် ပါရမီကို ကိုယ်စားပြုတဲ့ တရားလို့တော့ ယူနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရား တရားဦး စဟောတော့မယ်လို့ ကြောငြာချက် ထုတ်တဲ့အခါ "အပါရုတာ တေသံ အမတဿ      ဒွါရာ = အားလုံး အတွက် အမြိုက်တံခါး ဖွင့်လိုက်ပြီ" "ယေသောတဝန္တော ပမုဉ္စန္တဝ သဒ္ဓံ = နားကြားနိုင်စွမ်းရှိသူတိုင်း သဒ္ဓါတရားကို လွတ်ကြ" လို့ ကြွေးကြော်သံကို ထောက်ရင် ပါရမီရှိရင် သဒ္ဓါရှိတယ်၊ သဒ္ဓါရှိရင် ပါရမီပြည့်တယ်လို့ အဓိပ္ပါယ် ရပါတယ်။
အခု သဒ္ဓါတရား ပြည့်စုံကြပါလျက် ပါရမီကို ရိုးမယ်ဖွဲ့ ကြသူတို့ ဆင်ခြင်စဉ်းစားနိုင်ဖို့ 
အကျဉ်းချုပ်ပြောမှာပါ။ ပါရမီဆယ်ပါးကို အတိုကောက် နားလည်နိုင်ဖို့  ဒီလင်္ကာလေးကို အရင် ရထားစေချင်တယ်။
ဒါန ၊ သီလ ၊ နေက္ခမ္မပါ ၊
ပညာ ၊ ဝီရိ ၊ ခန္တိ၊ သစ္စာ ၊
အဓိဋ္ဌာန ၊ မေတ္တာ ၊ ပေက္ခာ ၊
ပါရမီ ဆယ်လီ မှတ်ကြပါ ။
ဥပ ပရမတ္ထ ၊ ပွားက မှန်စွာ ၊
သုံးဆယ်ပါး အပြားမှတ်ကြပါ။
ဒီဆယ်ခုထဲမှာ ဗုဒ္ဓဘာသာတွေ သိပြီးသားက များပါတယ်၊ နည်းနည်း အဓိပ္ပါယ် စိမ်းနေမှာကတော့ နေက္ခမ္မပါပဲ၊ အားလုံးက တောထွက်တယ်လို့ နားလည်ထားကြတယ်။ အမှန်ကတော့ လောကီအာရုံ ကာမဂုဏ်တို့က ရုန်းထွက်တာကို နေက္ခမ္မလို့ ခေါ်တာပါ။
ဒီပါရမီဆယ်ခုမှာ တစ်ခုတစ်ခုစီအတွက် အချက်လေးချက် ရှိပါတယ်။ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်  တို့ ဖြစ်တယ်။ အဲဒါကို ပါရမီ တစ်ခုချင်းစီ နည်းနည်း ရှင်းပြပါမယ်။
ပါရမီကို ပြုလုပ်တဲ့အခါ ပထမဆုံးက အများသိသာအောင် မှတ်သားလောက်တဲ့ ပုဂ္ဂိုလ်ရဲ့ 
လုပ်ဆောင်ချက်ကို  "လက္ခဏ" လို့ ခေါ်ပါတယ်။ ဒီအချက်က ပုဂ္ဂိုလ်ရဲ့  လုပ်ဆောင်ချက်ဖြစ်လို့ "ပုဂ္ဂလဗျာပါရ" ခေါ်ပါတယ်။
အဲဒီ လုပ်ဆောင်ချက်အရ လုပ်ဆောင်သူရဲ့ သန္တာန်မှာ လက်ငင်းသက်ရောက် ခံစားလာရတဲ့ သဘောကို  "ရသ" (ကိစ္စ) လို့ ခေါ်ပါတယ်။ အဲဒီ ရသ ဆိုတာ ကိုယ်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်ကို ဓမ္မက ဆက်လက် ဆောင်ရွက်တာဖြစ်လို့ "ဓမ္မ ဗျာပါရ" ခေါ်ပါတယ်။
ဒီအခြေခံနှစ်ချက်အရ လုပ်ဆောင်သူရဲ့  ဉာဏ်ထဲမှာ ထင်မြင်လာတဲ့သဘောကို "ပစ္စုပဋ္ဌာန်" လို့ ခေါ်ပါတယ်။
ပါရမီတစ်ခု ဖြစ်မြောက်ဖို့အတွက် အနီးကပ်လိုအပ်တဲ့ အကြောင်းတရားကို "ပဒဋ္ဌာန်" လို့ခေါ်ပါတယ်။
လက္ခဏ    = ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်
ရသ (ကိစ္စ) = လုပ်ဆောင်သူရဲ့ သန္တာန်မှာ လက်ငင်းသက်ရောက် ခံစားလာရတဲ့ သဘော
ပစ္စုပဋ္ဌာန်    = အထက်တွင်ရှိသော အခြေခံနှစ်ချက်အရ လုပ်ဆောင်သူရဲ့  ဉာဏ်ထဲမှာ
ထင်မြင်လာတဲ့သဘော
ပဒဋ္ဌာန်      = ပါရမီတစ်ခု ဖြစ်မြောက်ဖို့အတွက် အနီးကပ်လိုအပ်တဲ့ အကြောင်းတရား
ဒီလေးမျိုးနဲ့ ပတ်သက်လို့ လယ်တီ ဆရာတော် ဘုရားကြီးရေးတဲ့ "ဥတ္တမ ပုရိသ ဒီပနီ" ကျမ်းက မကျဉ်း မကျယ် ထုတ်ပြပါ့မယ်။
ဒါနပါရမီ
လက္ခဏ    = စွန့်ကြဲခြင်း လက္ခဏာ
ရသ (ကိစ္စ) = ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မငြိတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = လှူဖွယ်ဝတ္တုလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

သီလပါရမီ
လက္ခဏ    = ကိုယ်နှုတ်နှစ်ပါးကို စောင့်စည်းခြင်း
ရသ (ကိစ္စ) = ကိုယ်မှု နှုတ်မှု ဒုစရိုက်ကို ဖျက်ဆီးခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ကိုယ်နှုတ်ဖြူစင် သန့်ရှင်းခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ဟီရိ သြတ္တပ္ပလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

နေက္ခမ္မပါရမီ
လက္ခဏ    = ကာမ ဘဝတို့မှ ထွက်ခွာခြင်းလက္ခဏာ
ရသ (ကိစ္စ) = ကာမ ဘဝတို့၏အပြစ်ကို ထင်စွာပြခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ကာမ ဘ၀တို့ကို မျက်ကွယ်ပြုလိုသောအဖြစ်လျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ကာမ ဘဝတို့မှ ထိတ်လန့် သော သံဝေဂဉဏ်လျှင်နီးသောအကြောင်း ပဒဋ္ဌာန်

ပညာပါရမီ
လက္ခဏ    = ဟုတ်မှန်သောသဘောကို ထိုးထွင်းသိခြင်းလက္ခဏာ
ရသ (ကိစ္စ) = သိဖွယ်အာရုံသဘာဝကို ထွန်းပြခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မတွေဝေခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = သမာဓိလျှင်နီးသောအကြောင်း ပဒဋ္ဌာန်

ဝီရိယပါရမီ
လက္ခဏ    = အားသစ်ကြိုးပန်းခြင်းလက္ခဏာ
ရသ (ကိစ္စ) = စိတ်ဓာတ်ခိုင်မြဲအောင် ထောက်ပံ့ခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မဆုတ်မနစ်ခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = အိုနာသေဘေးကို ထိတ်လန့်ခြင်း သံဝေဂဉာဏ်လျှင် နီးသောအကြောင်း ပဒဋ္ဌာန်

ခန္တီပါရမီ
လက္ခဏ    = စိတ်နှလုံးခိုင်ခန့်ခြင်းလက္ခဏာ
ရသ (ကိစ္စ) = ကောင်းဆိုးနှစ်တန် လောကဓံကို သည်းခံနိုင်ခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ရန်တုန့်မပြန်သည်းခံခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ဟုတ်မှန်စွာ သိမြင်တတ်သော ဉာဏ်လျှင်နီးသောအကြောင်း ပဒဋ္ဌာန်

သစ္စာပါရမီ
လက္ခဏ    = သူတစ်ပါးကို မှတ်မှား ယူမှား တိမ်းပါး ချွတ်ချော်အောင် မပြုခြင်း မပြောခြင်း လက္ခဏာ
ရသ (ကိစ္စ) = ဟုတ်မှန်တိုင်းသာ အလင်းဖွင့်ပြခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ပြောဆိုသမျှယုံကြည်ရ၍ နားဝချိုမြိန်သောစကားရှိသည်၏အဖြစ်လျှင်ထင်သော
ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ကိုယ်မှု နှုမှုတို့ ဖြောင့်မတ်ခြင်း၌ အလေးပြုခြင်းလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

အဓိဋ္ဌာန်ပါရမီ
လက္ခဏ    = ပါရမီကောင်းမှုတို့၌ မရွေ့ မယိုင်ကြံ့ခိုင်ခြင်းလက္ခဏာ
ရသ (ကိစ္စ) = ပါရမီတို့၏ဆန့်ကျင်ဘက်ကို ပယ်ရှားခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = ပါရမီတို့၌ မလှုပ်မယိုင်သည်၏ အဖြစ်လျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ပါရမီလုပ်ငန်းလျှင် နီးသောအကြောင်း ပဒဋ္ဌာန်

မေတ္တာပါရမီ
လက္ခဏ    = သူတစ်ပါးအကျိုးစီးပွားကို ဖြစ်စေခြင်းလက္ခာ
ရသ (ကိစ္စ) = သူတစ်ပါးကောင်းကျိုးကို သယ်ပိုးခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = အေးမြငြိမ်းချမ်းသောစိတ်ထားလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = သတ္တဝါတို့၏ နှစ်သက်ဖွယ်ဂုဏ်ကို မြတ်နိုးတတ်သောဉာဏ်လျှင် နီးသောအကြောင်း
                      ပဒဋ္ဌာန်


ဥပေက္ခာပါရမီ
လက္ခဏ    = လျစ်လျူရှုခြင်းလက္ခဏာ
ရသ (ကိစ္စ) = အညီအမျှရှုခြင်းကိစ္စ
ပစ္စုပဋ္ဌာန်    = မုန်းချစ်နှစ်တန် ကင်းငြိမ်းခြင်းလျှင်ထင်သော ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်      = ကမ္မဿကတဉာဏ်လျှင်နီးသောအကြောင်း ပဒဋ္ဌာန်

အပြင်ပ သက်ရှိ သက်မဲ့ ပစ္စည်းကို စွန့်၍ဖြည့်က ပါရမီ
ခန္ဓာကိုယ် အစိတ်အပိုင်းကို စွန့်၍ဖြည့်က ဥပပါရမီ
ကိုယ်အသက်ကို စွန့်၍ဖြည့်က ပရမတ္တပါရမီ

ဒီပါရမီဆယ်ပါးမှာ ခန္တီပါရမီက မိခင်နှင့်တူတယ်။ ဥပေက္ခာပါရမီက ဖခင်နှင့်တူတယ်။ အမိဝမ်းပေါ် ဖွားမြင်လာတဲ့ သူငယ်တို့ဟာ အမိ အဖတို့ စောင့်ရှောက်ကုန်မှ အသက်ရှင် လူလားမြောက်နိုင်ကြသလို ပါရမီဆယ်ပါးတို့မှာလည်း ခန္တီနဲ့ ဥပေက္ခာဆိုတဲ့ မိဖနှစ်ပါးတို့က စောင့်ရှောက်မှ ပါရမီမြောက်နိုင်တယ်။
နေက္ခမ္မပါရမီက သမားတော် (လက်သည်)တွေနဲ့ တူပါတယ်။ သူက မွေးဖွားကုသပေးမှ ဖွားမြင်နိုင်သလို ပါရမီတို့မှာလည်း နေက္ခမ္မက စတင်မွေးဖွားပေးမှ ဖြစ်မြောက်နိုင်တယ်လို့ ဆိုလိုတာပါ။
ဒီနေရာမှာ ဆရာတော်ကြီးက ဘုရားအလောင်း မျောက်မင်းဝတ္ထုကို သာဓကဆောင်ပါတယ်။
အလောင်းတော်မျောက်မင်းဟာ အသူတရာနက်တဲ့ချောက်ကြီးထဲမှာကျနေတဲ့ ပုဏ္ဏာကို ကျောကုန်းမှာထားပြီး ကုန်းပေါ်ကိုတင်ပို့ပြီးတဲ့နောက် မောပမ်းလှတဲ့အတွက် ပုဏ္ဏားရဲ့ ပေါင်းပေါ်မှာပဲ တစ်ခဏ အိပ်ပျော်သွားတယ်။ ပုဏ္ဏားက တောမျောက်သားနဲ့ သားမယားကို မျက်နှာပြဖို့ ကျောက်တုံးကြီးနဲ့ တစ်ချက်တည်းထုလိုက်တယ်။
ခေါင်းကသွေးတွေ အရပ်လေးမျက်နှာကိုဖြာထွက်သွားတယ်၊ မျောက်မင်းက သွေးတွေအလိမ်းလိမ်း ကပ်နေတဲ့ကိုယ်နဲ့ ရုန်းထွက်ပြီး ပုဏ္ဏားနဲ့ ခပ်ဝေးဝေးကနေ ရပ်ကြည့်ရင်း
"လောကမှာ ဒီကဲ့သို့သော သူများလည်း ရှိပေသေးတကား" လို့ အံ့သြစကားဆိုပါတယ်။
ပြီးနောက် ပုဏ္ဏားကို ရပ်ရွာသို့ ချမ်းသာစွာရောက်အောင် ပို့ဆောင်ဖို့အတွက် -
"သင့်ကို ရွာရောက်အောင် ငါပို့မယ်၊ ငါက သစ်တစ်ပင်မှ တစ်ပင် ကူးသွားမယ်၊ ငါ့ဦးခေါင်းကကျတဲ့ သွေးစက်ကို လမ်းပြုပြီး လိုက်ခဲ့တော့" လို့ ပြောပြီး ပို့ဆောင်ပါတယ်။
ဒီဝတ္ထုမှာ ချောက်ထဲ၌ကျနေတဲ့ ပုဏ္ဏားကို ကယ်ဆယ်နိုင်ဖို့ မိမိရဲ့  ကိုယ်အသက်ကို မငဲ့မကွက် စွန့်လွှတ်တာက နေက္ခမ္မပါရမီပါ။ "ပါရမီအစ နေက္ခမ္မ" လို့ ရှေးဆရာတော်များ ဆိုစမှတ်ပြုခဲ့တဲ့အတိုင်းပဲ ဘယ်ပါရမီမဆို နေက္ခမ္မကပဲ စတင်မွေးဖွားပေးရတာပါ။
ပုဏ္ဏားရဲ့ အကျိုးကို တောင့်တလိုလားအားကြီးစွာဖြစ်တဲ့စိတ်က မေတ္တာပါရမီပါ။
အသူတရာနက်တဲ့ ချောက်ကြီးထဲက ကမ်းပါးပေါ်ကို ချောချောမောမောရောက်အောင်အကြောင်းကို ရှာကြံတဲ့ စိတ္တုပ္ပါဒ်အစုက ပညာပါရမီပါ။
ရှာကြံသိမြင်တဲ့အတိုင်း သက်စွန့်ကြိုးပမ်းအားထုတ်တာက ဝီရိယပါရမီပါ။
ဦးခေါင်းကို ကျောက်တုံးကြီးနဲ့ ထုလို့ ပြင်းထန်တဲ့ ဒုက္ခဓဒဏ်ချက်ကိုရော ပုဏ္ဏားရဲ့ ကျေးဇူးကန်းတဲ့ လုပ်ရပ်ကိုရော အမှုမထား ညဉ်းညူ ညစ်ညူးမှုမရှိ ပကတိကြည်လင်တဲ့ စိတ်နဲ့ နေနိုင်တာက ခန္တီပါရမီပါ။ (ဒီနေရာမှာ ခန္တီမရှိခဲ့ရင် နာကျင်တဲ့အတွက် စိတ်ပျက်အားလျှော့ သွားနိုင်ပါတယ်)
သူ့အကျိုးကို ကိုယ်ဆောင်ပါလျက် သူက ကိုယ့်အကျိုးမဲ့ကို ပြုရက်လေခြင်းလို့ ပုဏ္ဏားအပေါ် စိတ်မကွက်တာက ဥပေက္ခာပါရမီပါ။ (ဒီနေရာမှာလည်း ဥပေက္ခာမရှိခဲ့ရင် ပုဏ္ဏားအပေါ် စိတ်ကွက်ပြီး ပါရမီစိတ်ဓာတ် ပျက်သွားနိုင်ပါတယ်)
အသူတရာနက်တဲ့ ချောက်ကြီးဖြစ်လို့ အခန့်မသင့်လျှင် သေလောက်တဲ့ အခြေအနေဖြစ်ပေမယ့် ပုဏ္ဏားအတွက် အသက် စွန့်လွှတ်တာက ဒါနပါရမီပါ (ပုဏ္ဏားရဲ့ အသက်ကို ကယ်ဆယ်မှုသည်ပင် ဇီဝိတဒါန)
အသက်ကို အသေပြုတဲ့ ပုဏ္ဏားကို့ ပြန်လှန်မနှိပ်စက်၊ ကြမ်းကြုတ်တဲ့ စကားကိုမျှ မမြွက်ဆိုဘဲ စောင့်စည်းတာက သီလပါရမီပါ။
ပုဏ္ဏားကို သက်စွန့် ကယ်တင်တဲ့ကောင်းမှုကြောင့် ကိုယ်ကျိုးတစ်စုံတစ်ရာ တောင့်တသာယာခြင်း မရှိတာလည်း  နေက္ခမ္မပါရမီလို့ ဆိုရပါတယ်။
"ပုဏ္ဏားရဲ့ ကောင်းကျိုးကို အဆုံးရောက်အောင် ငါဆောင်မည်" လို့ စိတ်ပဋိညာဉ်ပြုပြီး
မပြောင်းမရွေ့ တာက အဓိဋ္ဌာနပါရမီပါ။
"သင့်ကို ငါကယ်တင်မယ်" လို့ ပုဏ္ဏားကို ပြောကြားတဲ့ နှုတ်ပဋိညာဉ်ကို မဖျက်တာက သစ္စာပါရမီပါ။
ဒီသာဓကကို ကြည့်လိုက်ရင် ပါရမီဆယ်ပါးတို့ဆိုတာ တစ်ခုပြီးမှတစ်ခု အားထုတ်ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကောင်းတဲ့စိတ်ထားနဲ့ အားထုတ်တဲ့ပါရမီလုပ်ငန်း မှန်သမျှမှာ ပါရမီဆယ်ပါးတို့ သူ့နေရာနဲ့ သူ ပူးပေါင်းပါဝင်ကြပါတယ်။
ဒီဆယ်ပါးလုံး ပူးပေါင်းပါဝင်မှလည်း ပါရမီလုပ်ငန်းတစ်ခု အောင်မြင်ပါတယ်၊ အဓိက ထင်ရှားတဲ့ လုပ်ငန်းကို အကြောင်းပြုပြီးတော့ ဒါနပါရမီ စသည် အမည်တပ်ထားပေမယ့် ပါရမီဆယ်ခု ပူးပေါင်းဆောင်ရွက်တာပါ။ ဒီဆယ်ခုထဲက တစ်ခုခု ပျက်သွားရင် ကျန်တဲ့ ပါရမီကိစ္စလည်း မအောင်မြင်နိုင်တော့ပါဘူ။ အထူးသဖြင့် မိဖသဖွယ်ဖြစ်တဲ့ ခန္တီနဲ့ ဥပေက္ခာ တစ်ခုခု ပျက်သွားရင်ကို "မိဖမဲ့သား ပရမ်းပတာ" ဆိုသလို ပါရမီလုပ်ငန်းတွေ ပျက်ဆီးသွားမှာပါ။
ဗုဒ္ဓဘာသာဝင်တို့ အထူးသိစေချင်တာကတော့ ကောင်းတဲ့ လုပ်ရပ်တိုင်းမှာ ကိုယ်ကျိုးမဖက် ဝဋ်ဒုက္ခက လွတ်မြောက်ရေးနဲ့ လောက အကျိုးပြုရေးအတွက် သက်သက် ရည်မှန်းပြီး လုပ်တဲ့ ကောင်းမှုတိုင်းမှာ ပါရမီဆယ်ပါး ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ အချက်ပါပဲ။
ဥပမာ တစ်နေ့တာ လုပ်ငန်းကိစ္စတွေပြီးလို့ ဘုရားဆောင်သွားပြီး ဝတ်ပြုတဲ့ ကုသိုလ်လေးတစ်ခုမှာပဲ
(၁) လောကီကိစ္စတွေကို စွန့်ခွါကျော်ခိုင်းလိုက်တာက နေက္ခမ္မပါရမီ
(၂) ပင်ပန်းတယ် အိပ်ချင်တယ် ပူတယ် အိုက်တယ်ဆိုတာတွေ သည်းခံတာက ခန္တီပါရမီ
  (၃) လောကီကိစ္စတွေအတွက် ပြုဖွယ်ကိစ္စများကိုရော ပင်ပန်းမှုများကိုရော လျစ်လျူရှုလိုက်တာက
    ဥပေက္ခပါရမီ
(၄) ကုသိုလ်အလုပ်ရဲ့ ကောင်းကျိုးကို သိတတ်တာ ပညာပါရမီ
(၅) လုပ်ဖြစ်အောင် ကြိုးစားအားထုတ်တာ ဝီရိယပါရမီ
(၆) ကောင်းတဲ့အလုပ်ဟာ ကောင်းကျိုးကိုပေးတယ်ဆိုတဲ့ မှန်ကန်မှုနဲ့လုပ်မယ်လို့ စိတ်နဲ့ ပဋိညာဉ်
    ပြုထားချက်ကိုပဲ မဖောက်မပြန် စောင့်စည်းတာ သစ္စာပါရမီ
(၇) ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာ အဓိဋ္ဌာန်ပါရမီ
(၈) ဝတ်ပြုပြီး သတ္တဝါအားလုံးအတွက် အမျှအတန်းပေးဝေတာ မေတ္တာပါရမီ
(၉) ဒီနေရာမှာ ကိုယ်ကျင့်တရားတွေစောင့်စည်းတဲ့ သီလပါရမီ
(၁၀) ပန်းရေချမ်းစသည် ကပ်လှူခြင်း အာမိသဒါန၊ တရားအလှူဖြင့် ပူဇော်ခြင်း ဓမ္မဒါနပါရမီတို့လည်း
ပူးပေါင်းပါဝင်နေတာပါပဲ။

ဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ၏ ၃၀ – ၁ – ၂၀၁၆ နေ့တွင် ကျရောက်သော 
သက်တော် (၇၀) ပြည့် မွေးနေ့ဝိဇာတမင်္ဂလာ အထိမ်းအမှတ် ဓမ္မဒါန စာအုပ်မှ ပြန်လည် ကူးယူ ပူဇော်ပါသည်။

Saturday 4 February 2017

တရားသုံးမျိုးတို့၏ ထူးခြား ကွဲပြား ခြားနားမှု

ဘုရားရှင်က ရဟန်းတို့အား "ရဟန်းတို့ ၊ သာသနာတော်မှ အခြားတစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် 'ငါ့သျှင်တို့ ၊ တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ တပ်မက်ခြင်း (ရာဂ) ၊ အမျက်ထွက်ခြင်း (ဒေါသ) ၊ တွေဝေခြင်း (မောဟ) တို့တည်း။ ငါ့သျှင်တို့ ၊ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်ပါနည်း။ ပယောဂ လွန်ကဲမှုကား အဘယ်ပါနည်း။ ကွဲပြားခြားနားမှုကား အဘယ်ပါနည်း' ဟု မေးကုန်ငြားအံ့။ ဤသို့ မေးအပ်ကုန်သော သင်တို့သည် 'ငါ့သျှင်တို့ ၊ ရာဂသည် အပြစ်နည်း၏။ ဖြည်းဖြည်းကင်းပျောက်၏။ ဒေါသသည် အပြစ်ကြီး၏။ မြန်မြန်ကင်းပျောက်၏။ မောဟသည် အပြစ်ကြီး၏။ ဖြည်းဖြည်းကင်းပျောက်၏' ဟု ဖြေဆိုကြကုန်လော့။"

"ထို့ပြင် ၊ 'ငါ့သျှင်တို့ ၊ မဖြစ်သေးသော ရာဂ ဖြစ်ပေါ်ရန်သော် လည်းကောင်း ၊ ဖြစ်ပြီးသော ရာဂ တိုးပွားပြန့်ပြောရန်သော် လည်းကောင်း ၊ အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် တင့်တယ်သော အာရုံ (သုဘနိမိတ်) တည်းဟု ဖြေဆိုရာ၏။ တင့်တယ်သော အာရုံ (သုဘနိမိတ်)ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပေါ်ပြီးသော ရာဂသည်လည်း တိုးပွားပြန့်ပြောရန် ဖြစ်၏' ဟု ဖြေဆိုရာ၏။"

" ငါ့သျှင်တို့ ၊ 'မဖြစ်သေးသော ဒေါသ ဖြစ်ပေါ်ရန်သော် လည်းကောင်း၊ ဖြစ်ပြီးသော ဒေါသ တိုးပွားပြန့်ပြောရန်သော် လည်းကောင်း ၊ အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် 'ဒေါသဖြစ်ကြောင်းအာရုံ (ပဋိဃနိမိတ်)တည်းဟု ဖြေဆိုရာ၏။ ဒေါသဖြစ်ကြောင်းအာရုံ (ပဋိဃနိမိတ်)ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပြီးသော ဒေါသသည်လည်း တိုးပွားပြန့်ပြော၍ ဖြစ်၏' ဟု ဖြေဆိုရာ၏။"

" ငါ့သျှင်တို့ ၊ 'မဖြစ်သေးသော မောဟ ဖြစ်ပေါ်ရန်သော် လည်းကောင်း၊ ဖြစ်ပြီးသော မောဟ တိုးပွားပြန့်ပြောရန်သော် လည်းကောင်း ၊ အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် 'မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း (အယောနိသော မနသိကာရ)တည်းဟု ဖြေဆိုရာ၏။ အာရုံဟူသမျှကို မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပြီးသော မောဟသည်လည်း တိုးပွားပြန့်ပြော၍ ဖြစ်၏' ဟု ဖြေဆိုရာ၏။"

"ငါ့သျှင်တို့ ၊ 'မဖြစ်ပေါ်သေးသော ရာဂ မဖြစ်ပေါ်ရန် ၊ ဖြစ်ပေါ်ပြီးသော ရာဂ ပျောက်ကင်းရန် အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း' ဟု မေးခဲ့လျှင် 'မတင့်တယ်သောအာရုံ (အသုဘနိမိတ်) တည်းဟု ဖြေဆိုရာ၏။ မတင့်တယ်သောအာရုံ (အသုဘနိမိတ်)ကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း မဖြစ်ပေါ် ၊ ဖြစ်ပေါ်ပြီးသော ရာဂသည်လည်း ပျောက်ကင်း၏' ဟု ဖြေဆိုရာ၏။"

"ငါ့သျှင်တို့ ၊ 'မဖြစ်ပေါ်သေးသော ဒေါသ မဖြစ်ပေါ်ရန် ၊ ဖြစ်ပေါ်ပြီးသော ဒေါသ ပျောက်ကင်းရန် အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း' ဟု မေးခဲ့လျှင် 'စိတ်၏(ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာတည်းဟု ဖြေဆိုရာ၏။ စိတ်၏(ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း မဖြစ်ပေါ် ၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း ပျောက်ကင်း၏' ဟု ဖြေဆိုရာ၏။"

"ငါ့သျှင်တို့ ၊ 'မဖြစ်ပေါ်သေးသော မောဟ မဖြစ်ပေါ်ရန် ၊ ဖြစ်ပေါ်ပြီးသော မောဟ ပျောက်ကင်းရန် အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း' ဟု မေးခဲ့လျှင် 'သင့်သောအားဖြင့် နှလုံးသွင်းခြင်း(ယောနိသောမနသိကာရ)တည်းဟု ဖြေဆိုရာ၏။ အာရုံဟူသမျှကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း မဖြစ်ပေါ် ၊ ဖြစ်ပေါ်ပြီးသော မောဟသည်လည်း ပျောက်ကင်း၏' ဟု ဖြေဆိုရာ၏။" ဟူ၍ ဟောတော်မူ၏။



မှတ်ချက် ။ အင်္ဂုတ္တိုရ်ပါဠိတော်မြန်မာပြန် ၊ မဟာဝဂ် ၊ အညတိတ္ထိယသုတ်မှ ကောက်နုတ်ရေးသားပါသည် (အပ္ပမာဒ မဂ္ဂဇင်းမှ တဆင့်)

ဆရာတော် အရှင်ဘဒ္ဒန္တပဏ္ဍိတ၏ ဝိသုဒ္ဓိမဂ္ဂ တရားတော်များ




ပေါင်းသင့်သူများ နှင့် မပေါင်းသင့်သူများ

ပေါင်းသင့်သူများ

၁။ သင့်ကို ခင်မင်အကျွမ်းဝင်သူ

၂။ သင်၏ ခင်မင်အကျွမ်းဝင်မှုကို နှစ်သက်သူ

၃။ တရင်းတနှီးသင်ပြောသောစကားကို နားထောင်လိုသူ

၎။ သင့်အပြစ်ကို သည်းခံသူတို့ နှင့် ပေါင်းသင်းပါ

ကိုယ် ၊ နှုတ် ၊ နှလုံး သုံးပါးလုံးဖြင့် မကောင်းမှု ဒုစရိုက် မပြုသူကို
ရင်ဝယ်ပိုက်၍ ကြီးပြင်းအောင် မွေးမြူ သော သားရင်း ပမာ မှီဝဲ ဆည်းကပ်ပါ။

မပေါင်းသင့်သူများ

၁။ နနွင်းရည် ဆိုးသကဲ့သို့ စိတ်မခိုင်သူ ၊ ပျက်ပြယ်လွယ်သူ

၂။ မျောက်ကဲ့ သို့  စိတ်မငြိမ်သူ

၃။ ချစ်လွယ် ၊ မုန်းလွယ် ၊ စိတ်ပြောင်းလွယ်သူ

ဤသူတို့ကို ကမ္ဘာမြေပေါ်ဝယ် အခြားပေါင်းရမည့်သူ မရှိသည့်တိုင်အောင် ထိုသူမျိုးကို ပေါင်းသင်းခြင်း
မပြုပါနှင့် ဟူ၍ အဆုံးအမကို ပေး၏။

မှတ်ချက် ။ အရည ဇာတ် မှ မှီငြမ်းထားပါသည်။


ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ် ပါဠိနှင့် မြန်မာပြန်

ပုဗ္ဗဏှသုတ် ရွတ်ဖတ်ခြင်း အကျိုး
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက် အထူးရွတ်ဆိုရန် သင့်သည်။ လုပ်သမျှ အရာရာနှင့် အကြောင်းကြောင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို သရဇ္ဈယ်ပါ။ မုချအောင်ပါလိမ့်မည်။

ပုဗ္ဗဏှသုတ် မြန်မာပြန်

၁။ ယံဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိန သ မေန္တု။

   မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
 
 
၂။ ယံ ဒုန္နိမိတ္တံအ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ၀ိနာ သ မေန္တု။

   မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
 
 
၃။ ယံ ဒုန္နိမိတ္တံအ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ၀ိနာ သ မေန္တု။

   မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
 
 
၎။ ဒုက္ခပ္ပတ္တာ စနိဒ္ဒုက္ခာ၊
ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။

  ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေး အန္တရာယ်မှ လွတ်ကင်းကြပါစေ။ စိုးရိမ်သောက ဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
 
 
၅။ ဧတ္တာဝတာ စ အမှေဟိ၊
သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု၊
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

  အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
 

၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊
သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊
ဂစ္ဆန္တု ဒေ၀တာ ဂတာ။

  အရာရာ ပြည့်စုံချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ။ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ။ ယခုအခါ၌ တရားနာရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။
 
 
၇။ သဗ္ဗေ ဗုဒ္ဓါဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

  အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ ဘုရားငယ်၊ ရဟန္တာ အရှင်သူမြတ်တို့၏ ဉာဏဗလ စွမ်းရည်တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
 
 
၈။ ယံကိဉ္စ ၀ိတ္တံ ဣဓ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေါ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ ရှိသော ရတနာတို့သည် ဘုရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။

 
၉။ ယံကိဉ္စ ၀ိတ္တံ ဣဓ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာ စကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
 
 
၁၀။ ယံကိဉ္စ ၀ိတ္တံ ဣဓ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
 

၁၁။ ဘ၀တုသဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။

  သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ။ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
 
 
၁၂။ ဘ၀တု သဗ္ဗမင်္ဂလံ၊ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။

  သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ။ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
 
 
၁၃။ ဘ၀တု သဗ္ဗမင်္ဂလံ၊ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။

  သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ။ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
 

၁၄။ မဟာကာရုဏိကောနာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွါးအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ။ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။

 
၁၅။ ဇယန္တော ဗောဓိယာမူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။
ဧ၀မေ၀ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

  သာကီဝင်မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း ဖြစ်ပါစေသတည်း။ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင် ရရှိပါစေသတည်း ။
 
 
၁၆။ အပရာဇိတပလ္လင်္ကေ၊သီသေ ပုထု ၀ိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

  သဗ္ဗညူ ဘုရားအဆူဆူတို့ ဗုဒ္ဓါ ဘိသေက မင်္ဂလာ ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်းဖြစ်သော အပရာဇိတ ပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။

 
၁၇။ သုနက္ခတ္ကံသုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

  ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်း ကြုံပါစေ။ မင်္ဂလာကောင်းရှိပါစေ။ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ။ ကောင်းစွာ တိုးတက်ပါစေ။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ။ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်းဖြစ်ပါစေသတည်း။
 
 
၁၈။ ပဒက္ခိဏံကာယကမ္မံ၊ ၀ါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။

  မြတ်သော ကိုယ်အမှု၊ မြတ်သော နှုတ်အမှု၊ မြတ်သော စိတ်အမှု ရှိပါစေ။ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏ စိတ်ကို ဆောက်တည်နိုင်ပါစေသတည်း။


၁၉။ တေအတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

  လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သောအမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရရှိကြကုန်၏။ မြတ်သောအကျိုးတရားတို့ကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရား သာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာ ချမ်းသာကြပါစေကုန်သော်။
 
ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

ဗောဇ္ဈင်္ဂသုတ်

ဗောဇ္ဈင်္ဂသုတ် ပါဠိ နှင့် မြန်မာပြန်

ဗောဇ္ဈင်္ဂသုတ်ရွတ်ဖတ်ရခြင်းအကျိုး
လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဖျင်သုတ် သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပို၍ ကောင်းသည်။

ဗောဇ္ဈင်္ဂသုတ်မြန်မာပြန်

၁။ သံသာရေ သံသရန္တာနံ၊သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

   ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်သည်။ ထကြွသောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။


၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

   သတ္တဝါတို့သည် ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌ သိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့် ဘေး၊ နာရ သည့်ဘေး ၊ သေရသည့်ဘေးတို့ ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။


၃။ ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

   ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဖျင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
 
 
၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။

၅။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

   ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။ ထိုဗောဇ္ဖျင် ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏။ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။
 
၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  ဤဗောဇ္ဖျင် ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူးတရားမြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုး ရှိ၏။ ကိလေသာငြိမ်းအေးခြင်း အကျိုးလည်းရှိ၏။ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

  အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခ ရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပ မထေရ် နှစ်ပါးအား ဗောဇ္ဖျင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။


၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဖျင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ ဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

   အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏။ ထိုအခါ စုန္ဒ မထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဖျင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
 
 
၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  ဗောဇ္ဖျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေ၏။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။


၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  မဟာကဿပ ထေရ်၊ မဟာမောဂ္ဂလာန် ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ထာဝရ ချမ်းသာခြင်း ဖြစ်ပါစေသတည်း ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ