Wednesday 17 August 2016
သူ့စိတ်နဲ့ ကိုယ့်ကို ဖြစ်နေပြီလား
သတ္တလောကဆိုတဲ့ သက်ရှိသတ္တ၀ါများထဲမှာ လူသားဟာ အလုပ်အများဆုံးနဲ့ တူပါရဲ့။ လူနဲ့အနီးဆုံး သတ္တ၀ါ တွေထဲက တိရစ္ဆာန်ကိုပဲကြည့်ဦး သူတို့မှာ နေစရာအတွက် ပူစရာမလိုသလို၊ စားစရာအတွက်လဲ ပူစရာမလိုပြန်ဘူး။ ၀တ်စရာအတွက်ဆိုရင် တွေးကိုတွေးစရာမလိုတာပါ။ မကောင်းကျိုးကို ခံရတဲ့ သတ္တ၀ါတစ်ကောင်အနေနဲ့ အရှက်ဆိုတာ မရှိမှတော့ အ၀တ်ဆိုတာလဲ ဘယ်လိုပါ့မလဲ။ ဒါကြောင့်ပဲ ဘယ်တိရစ္ဆာန်ကြည့်ကြည့် အ၀တ်မရှိ ကြတာလေ။ အ၀တ်အစားမရှိလို့ အအေးပတ်ပြီးသေသွားလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ မြောက်ဝင်ရိုးစွန်းနဲ့ ရေခဲပြင်မှာနေကြတဲ့ ပိုလာဘဲယား ( Polar Bear) တွေ အ၀တ်မ၀တ်ဘဲ တစ်သက်လုံးနေနိုင်သွားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါဟာ အကုသိုလ်ရဲ့ အကျိုးကို အသက်ထက်ဆုံးခံစားသွားရတဲ့အဖြစ်ကြောင့်ပါပဲ။ ပြီးတော့ သူတို့အတွက် စားစရာလဲ လူတွေလို ပူစရာမလိုပြန်ဘူးလေ။ ဘာကြောင့်ဆို တိရစ္ဆာန်တွေအတွက် ဖန်တီးပေး ထားတဲ့ စားသောက်ဆိုင်ဆိုတာ ရှိမှမရှိတာ။ ဗိုက်ဆာရင် သွားရှာ၊ ရှာရင်တွေ့မှာပဲလေ။ ဒါကြောင့် သူတို့က ပူစ ရာကိုမလိုတာ။ ပူစရာလိုတယ်လို့ မထင်အောင်လဲ မောဟ အားကြီးတဲ့ သတ္တ၀ါတွေကိုး။
ဒါပေမယ့် အသိရှိတယ်လို့ ခံယူထားတဲ့ လူသားတွေကတော့ အပူတွေများနေဆဲပါပဲ။ စားစရာအတွက် ပူရတာကတစ်မျိုး၊ ၀တ်စရာအတွက် ပူစရာက တစ်ဖုံ၊ နေစရာအတွက် ကြောင့်ကြရတာက တစ်ကြောင်း ဒါလဲ ဖြစ်သင့်တာပါပဲ။ လူဆိုတာ အရှက်နဲ့ လူလုပ်နေတဲ့ သတ္တ၀ါတွေမို့လား။ ဒါကြောင့်ပဲ ၀တ်စရာဆိုတာ လိုအပ်တယ်လေ။ ပြီးတော့ ဂုဏ်သိက္ခာဆိုတာရှိနေပြန်တော့ စားစရာနဲ့ နေစရာဟာမရှိမဖြစ်နေရာမှာ ရောက်ရှိလာတာပေါ့။ မရှိတာကို ရှိအောင်ရှာဖွေရတာဟာ လူမှန်ရင် လုပ်ကိုလုပ်ရမယ့် အရာတစ်ခုပါပဲ။
လူဆိုတဲ့သတ္တ၀ါဟာ မရှိရင် မတရား လုပ်တတ်တယ်လေ။ ဒုစရိုက်ကို အသိရှိရက်နဲ့ ကျူးလွန်နေတဲ့ သတ္တ၀ါဆိုလို့ လူသားပဲရှိတာ။ ဒါဟာ မရှိရင် မရဘူးဆိုတဲ့ အဓိပ္ပါယ်ကို မီးမောင်းထိုးပြနေတာပါပဲ။ ခက်တာက စားစရာရှာလို့ စားစရာရလာတဲ့အခါ၊ ၀တ်စရာရှိုလို့ ၀တ်လာရတဲ့အခါ၊ နေစရာရှိလို့ ပြည့်လာတဲ့အခါတွေမှာတောင် ရှိတယ်လို့ မထင်တာက ပြဿနာ ရယ်။ တကယ်တော့ လူတွေက ရှိချင်တာသက်သက်ကြောင့် ရှာနေတာမှမဟုတ်တာ။ ပြည့်ချင်လို့ ရှာနေကြတာ။
လိုချင်မှု လောဘအာရုံကို ဖြည့်ပေးလို့ ပြည့်သွားတဲ့သူဆိုတာ သြကာသလောကမှာ မရှိပါဘူး။ အခုလဲ မရှိသလို၊ နောင်လဲရှိလာမှာမဟုတ်ပါဘူး။ ရှိလာ၊ ရလာတာနဲ့ ကျေနပ်ရောင့်ရဲရင် ဘ၀က ထင်သလောက်ခက်ခဲမှာမဟုတ်ပေမယ့် ရတာထက် ပိုရချင်၊ ရှိတာထက် ပိုရှိချင်တဲ့ စိတ်က လူတွေကို အပူထဲ တွန်းပို့သလိုဖြစ်သွား ရတာပါ။
လိုချင်မှုများလာတဲ့ လူတစ်ယောက် လိုချင်တာရလာတဲ့အချိန်မှာ ထီမထင်တဲ့ စိတ်ကြီးတွေ ၀င်လာတတ်ပါတယ်။ ဒါဟာ မာန ဆိုတဲ့ မကောင်းတဲ့ အရာတစ်ခုဝင်လာဖို့အတွက် လမ်းစပေးလိုက်သလိုပါပဲ။ မရှိခင်က ငြိမ်တဲ့စိတ်၊ နူးညံ့တဲ့စိတ်တွေဟာ ရှိလာတဲ့အချိန်မှာ ပြောင်းလဲရင်း လှုပ်လာတတ်တဲ့ သဘောပေါ့။ မသိမသာနဲ့ စိတ်တွေပြောင်းလဲ လာတာကိုလဲ ကိုယ်တိုင်သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့်လဲ ပတ်ဝန်းကျင်ကပြောတာပေါ့။ မာနကြီးသွားပြီလို့။ ဘ၀မေ့သွားပြီလို့လေ။
စိတ်ကိုညစ်နွမ်းစေမယ့် မာန၀င်လာရင် နောက်ထပ်လာမဲ့ မာနဆွေမျိုးတွေက နောက်မှာတန်းစီနေတာရယ်။ အောင်မြင်သွားတဲ့သူတစ်ယောက်က ကျရှုံးတာကို လက်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ ပတ်ဝန်းကျင်က သူ့ကို သူဋ္ဌေးအဖြစ်အသိအမှတ်ပြုထားတော့ သူ့အတွက် ပိုရှိအောင်လုပ်ရတော့မှာလေ။ ရှိတာနဲ့ပဲကျေနပ်နေမယ်ဆိုရင် သူဋ္ဌေးအဖြစ် လူတွေက ကြာကြာဘယ်လက်ခံတော့မလဲ။ ဒါကို ကောင်းကောင်း သိသူက အရှိနောက်လိုက်နေသူ။ အရှိသိက္ခာဆိုတာ ကျစရာလားပေါ့။ ဘ၀မှာ အားလုံးပြည့်စုံနေရင် မမှားဘူးလေ၊ ပြီးတော့ မျက်နှာမငယ်ရတော့ဘူးလေ။ စားစရာရှိ၊ ၀တ်စရာပြည့်၊ နေစရာသိနေတဲ့ သူတစ်ယောက်မှာ အပိုလို ချင်လို့ ဖြစ်လာတဲ့ စိတ်တွေပါ။
ကိုယ်ကကြိုးစားနေပေမယ့် ကိုယ့်ထက်သာသူနဲ့တွေ့ပြန်တော့ စိတ်ထဲက သိပ် မ ကြည်ချင်ဘူး။ ကိုယ်ပဲ ရချင်တာ။ ကိုယ်ပဲ အောင်မြင်ချင်တာ။ ကိုယ့်ကိုပဲ အများက ဂရုစိုက်စေချင်တာ။ အခု တော့ ပတ်ဝန်းကျင်က သူ့ထက် အများကို ပိုဂရုစိုက်နေပြီ။ သူဋ္ဌေးကြီးကိုယ်တိုင်က သူ့ထက်နေရာ ပိုပေးနေပြီ ဆိုတဲ့ အတွေးတွေနဲ့ နေ့နဲ့ ညကို ဖြတ်သန်းနေရပြီ။ အရင် မရှိခင်၊ မပြည့်ခင်က မဖြစ်ဖူးတဲ့ စိတ်တွေ အခုဖြစ်နေ ပြီ။ အရင်က သူများကို ဂရုမစိုက်တဲ့ စိတ်တွေ အခုတော့ ဂရုစိုက်နေရပြီ။ ကိုယ်နဲ့ အတူ အလုပ်လုပ်ပြီး ကိုယ့် ထက်သာမယ်ထင်တဲ့ သူကိုတော့ ကိုယ်သိတာကို မပေးချင်သလို၊ ကိုယ်ရှိတာကိုလဲ မရှယ်ချင်တော့ဘူး။ အရင်က အခေါ်အပြောရှိပေမယ့် အခုဆို တွေ့ရင်တောင် ခပ်ရှောင်ရှောင်ဖြစ်နေပြီ။ ဒါပေမယ့် စိတ်ထဲမှာတော့ သူ့ အကြောင်းတွေကို တွေးမိဆဲ။ သူ့ထက်သာအောင် ငါဘယ်လိုလုပ်ရမလဲလို့ပေါ့။
ပိုရှိချင်တဲ့ စိတ်ကြောင့် နေ့အလင်းကိုလဲ ညအမှောင်လို ဖြတ်သန်းခဲ့ရပြီ။ ကိုယ်တိုင် အထင်သေးမခံချင် (မာန) ဘူးလေ။ သူ့ထက်တော့ နှာတဖြား သာမှ (ဣဿာ)။ ငါသိတာကို သူ့ကိုပြောလိုက်ရင် သူက ငါ့ထက်သာသွားမှာပေါ့ ( မစ္ဆရိယ) ဆိုတဲ့ အတွေးက လူတွေနဲ့ ပိုဝေးစေသလို သူငယ်ချင်းတွေနဲ့နေရင်း အထီးကျန်သလိုဖြစ်စေပါတယ်။ သူများထက် ငါပဲ သာရမယ် ဆိုတဲ့ (အတ္တ) အတွေးက သူကိုပိုအထီးကျန်စေတယ်ဆိုတာာ လူတွေသတိမထားမိလို့။ ဒါက အောင်မြင်လာသူအတွက်။
ပုံမှန်ရှင်သန်သူတွေလဲ သူများလောက်အဆင်မပြေရင်နေ သူများအောက်တော့ မကျချင်တာအမှန်။ ဒါကြောင့် ကြိုးစားရတာပဲ။ အောက်မကျချင် (မာန) တော့ အထက်ရအောင် (ဣဿာ) လုပ်ရမှာပေါ့။ ဒါကြောင့် အလုပ် ကို လုံးဝနောက်ကျမခံနိုင်ဘူး။ သူများထက် အမြန်ရောက်အောင် ဘစ်ကားဂိတ်ဆိုလဲ မြန်မြန်လျှောက်ရ၊ MRT ဆိုလဲ တိုးဝှေ့ရတယ်လေ။ ဒီလိုမှ မလုပ်ရင် အလုပ်ကို အချိန်မီ ဘယ်ရောက်မလဲ ဆိုတဲ့ ဆင်ခြေနဲ့ ကိုယ်ဖြစ်ချင် တာကို ဖုံးလွှမ်းထားတတ်တဲ့အဖြစ်တစ်ခုက နောက်မှာ အရိပ်မည်းလိုရှိနေတာကို သတိမထားမိကြ။
ဒီကြားထဲ အထင်သေးတတ်၊ ကြွားတတ်တဲ့သူတွေနဲ့ ပေါင်းရ၊ ဖေါ်ရရင် သူလိုကြွားတတ်အောင် လုပ်ရတာလဲအမော။ ထားစရာမရှိဘူးဆိုရင်တောင် ကြွားစရာလေးတော့ရှိမှဆိုတဲ့ (မာန) အတွေးလဲ ကြိုးကြား၊ ကြိုးကြားဝင်လာတတ်တာကိုး။ အနည်းဆုံး သူ့လောက်တော့ သုံးနိုင်မှဖြစ်မယ်လေ။ လူဆိုတော့ အဆင့်အတန်းရှိရမှာပေါ့။ မှန်ကန်တဲ့ အတွေးတစ်ခုလားလို့ မတွေးနိုင်ပေမယ့် ဒီလိုပဲ ရှင်သန်ရင်း အသက်တွေရလာရောပေါ့။ အသက်က အတွေ့အကြုံကိုရစေတော့ ပြစရာမရှိဘူးဆိုရင်တောင် အတွေ့အကြုံက သူ့ထက်သာတယ်လို့ အလိုလိုပြောမိပြီးသား။ တောင်းမှာ အကွပ် လူမှာ အ၀တ်ဆိုတဲ့ စကားအတိုင်း အ၀တ်အစားတွေကိုလဲ ရလာတဲ့ လစာနဲ့ စုနေရ တာ အခုဆိုဗီရိုအပြည့်။ ကြွားဖို့ ထည့်ထားတာမဟုတ်ပေမယ့် ကြုံရင်တော့ ကြွားမိရက်သား။
စားစရာဆိုလဲ ဒါ မျိုးကို မစားတတ်ပါဘူးလို့ ပြောမိနေပြီ။ နေစရာဆိုလဲ ဒါကြီးနဲ့ အိပ်ရမှာလားလို့ ရွေးချယ်မိနေပြန်ရော။ အရင်က ရှိတာဝတ်၊ ရတာစား၊ ဖြစ်သလိုနေတတ်ခဲ့ပေမယ့် ပတ်ဝန်းကျင်က သင်ပေးလိုက်တဲ့အတွက် ခေတ်မီတယ်ဆို တဲ့ စကားတစ်ခုနဲ့ ကိုယ့်ရဲ့ စိတ်တွေ၊ အတွေးတွေ၊ အမူအယာတွေ ပြောင်းလဲမှန်းမသိ ပြောင်းလဲခဲ့ရပြီ။ ကိုယ့်ထက်သာတဲ့သူနဲ့ အပြင်သွားရမယ်ဆိုရင် အ၀တ်အစားရွေးရတာလဲ အခါခါ၊ ပိုက်ဆံအိပ်ကြည့်ရတာလဲ အမော။
သြော်........... ဘ၀ရဲ့ အနှစ်သာရဆိုတာ သူများကြိုက်ဖို့အတွက်၊ သဘောကျဖို့အတွက် ကိုယ့်ဘ၀ကို ပြုပြင်ပြီးနေရပါလား။ တကယ်တော့ ကိုယ်စိတ်နဲ့ ကိုယ့်ကိုယ်အတိုင်း ရှိတာကိုဝအောင်စား၊ ရတာကို လှအောင် ၀တ်ပြီး နားစရာနေရာရှိရင်ရင် လုံလောက်ပြီမို့လား။ အခုတော့ လူ့အဆင့်အတန်းမီအောင်ဆိုပြီး တက္ကသိုလ်မှာ ဘွဲ့တွေယူရ၊ နိုင်ငံခြားမှာ ကျောင်းပြန်တက်ရနဲ့ အလုပ်ရှုပ်တဲ့ကြားထဲက အပိုတွေကိုထပ်လုပ်နေရပြီ။ အများ ကောင်းကျိုးအတွက် ငါတက်တယ်ဆိုတဲ့ အတွေးထက် အများထက် အစစအရာရာသာရမယ်ဆိုတဲ့ အတွေး ( မာန) က အများရှိကြမှာပါ။
တကယ်တော့ ဘ၀ကို ပိုင်ဆိုင်ကြသူအားလုံး အေးချမ်းစွာနေချင်ကြသူချည်းပါပဲ။ တိရစ္ဆာန်ပဲ့ဖြစ်နေပါစေ။ အတွေးကတော့ အတူတူပါပဲ။ စားစရာရှိခဲ့ရင် ဗိုက်အတွက် မပူရတော့သလို၊ ၀တ်စရာရှိရင် အလှအတွက်လဲ ပူစ ရာမရှိလိုတော့ဘူးလေ။ နေစရာရှိရင်တော့ ဘ၀အတွက် လုံလောက်ပါတယ်။
ဒါပေမယ့် အပိုလိုချင်၊ အပိုရချင်၊ သူများထက်သာချင်တဲ့ စိတ်က ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ့်ဘ၀နဲ့ ကိုယ့်ခန္ဓာကိုယ်ကို သူများအကြောင်းတွေးရင်း ဘ၀ကိုဖြတ်သန်းနေရပေါ့။ အားလုံးရဲ့ သွားရာလမ်းဟာ မပြောလဲသိနေပေမယ့် နေတုန်းခဏမှာတော့ အ ဆင့်အတန်းရှိချင်တယ်ဆိုတဲ့အတွေးက သူ့စိတ်နဲ့ ကိုယ့်ကိုဖြစ်စေတာပါပဲ။
ခန္ဓာကိုယ်ကြီးသာ ပိုင်ဆိုင်ထားရတာ အဆင့်အတန်းရှိရမယ်ဆိုတဲ့ ကိုယ့်ရဲ့ စိတ်ကတော့ ပတ်ဝန်းကျင်မှာ ကျန်ခဲ့ပြီ။ ဒါဆို သူ့စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်မှတော့ ဒီဘ၀မှာ ကိုယ့်ခန္ဓာကိုယ်ကို ထားခဲ့ပြီး သူ့စိတ်အတိုင်း ( ၀ိသမလောဘ၊ အတ္တ- ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ မောဟ) ဘ၀ကူးရတော့မှာပဲ။
ဒီဘ၀မှာ အောင်မြင်တယ်လို့ အများက သတ်မှတ်ကြပေမယ့် နောက်ဘ၀ကျရင် ရှုံးတယ်လို့ ကံက သတ်မှတ်ပေးမယ့်အဖြစ်မျိုးပါလား။
စာဖတ်သူများလဲ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုသာဖြစ်ကြပါစေလို့.....................
( အတ္တဒီပါ ဘိက္ခဝေ အတ္တသရဏာ၊ အနညသရဏာ၊ ဓမ္မဒီပါ ဘိက္ခဝေ ဓမ္မသရဏာ၊ အနညသရဏာ= ကိုယ့် ကိုယ်ကိုသာကိုးကွယ်ရာ၊ တရားသည်သာ အားထားရာ တရားတော်ကို ရေးဖွဲ့ခြင်းဖြစ်ပါ၏)
2 comments:
  1. ပြန်လည်ရှယ်ပါရစေ
    ReplyDelete
  2. သူ့စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်အဖြစ် ဘဝနေ့ရက်ကိုဖြတ်သန်းလာတာ ကြာပါရော့လား။
    သာဓု သာဓု သာဓု
    ReplyDelete