Sunday 21 August 2016

သူတော်ကောင်းလက္ခဏာ


ဘုန်းကြီး ဟောဖို့ စိတ်ကူးထားတာ “သူတော်ကောင်းဆိုတဲ့ လက္ခဏာ” ဟာ ဘယ်လိုလဲလို့ သူတော်ကောင်းရဲ့ အကြောင်းကို ဟောပေးမယ်။

ယော ဝေ ကတညူ ကတဝေဒီ ဓီရော, ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊ ဒုက္ခိတဿ      သက္ကစ္စံ ကရောတိ ကိစ္စံ, တထာဝိဓံ သပ္ပုရိသံ ၀ဒန်္တိ။

ယော ဓီရော-နဂိုမူလ၊ဓာတ်ခံရသဖြင့်၊ဘ၀နောက်နှောင်း၊ ကောင်းထက်ကောင်းဖို့၊လမ်းကြောင်းတီထွင်၊ အကြင်ပညာ့ရှင်သည်၊ ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့၊ပြုထားအပ်ဖူး၊မြတ်ကျေးဇူးကို၊ အထူးရှိသရွေ့၊သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်၊ကျေးဇူးရပ်ကို၊ တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည်လည်းကောင်း၊ ဟုတွာ-ဖြစ်၍၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ၊မိတ်ကောင်းရှိသည်၊ ဒဠှဘတ္တိ-ထိုမိတ်ကောင်းလဲ၊အသဲစွဲမျှ၊အမြဲမပြတ်၊ ဆည်းကပ်လေ့ရှိသည်၊ ဟောတိ-ဖြစ်၏။

ဒုက္ခိတဿ-မိမိမျက်မှောက်၊ဒုက္ခရောက် သဖြင့်၊ ပံ့ထောက်မဲ့ဟူ၊ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး၊ဆေးဝါးပေးလျက်၊ လုပ်ကျွေးသမှု၊ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ၊ သနားညှာလျက်၊များစွာပုံသေ၊ပြုစုတတ်ပေ၏။ တထာဝိဓံ- သို့ကလိုဂုဏ်အင်၊စုံလင်ပေသည့်၊ ပညာရှိအပေါင်း၊သူတော်ကောင်းကို၊ သပ္ပုရိသံ-မြင့်ထက်မြင့်သည့်၊အကျင့်အလွန်ကောင်း၊ သူတော်ကောင်းဟူ၍၊ ၀ဒန္တိ-ဘုရားစသား- ပုဂ္ဂိုလ်များက၊လေးစားကြည်ဖြူ၊ ချီးမွမ်းတော်မူကြလေသတည်း။

“ကိုယ့်ကိုကို စဉ်းစားရအောင်”

တထာဝိဓံ - သို့ကလိုဂုဏ်အင်၊စုံလင်ပေသည့်၊ ပညာရှိအပေါင်း။သူတော်ကောင်းကို၊ သပ္ပုရိသံ-ဘ၀နောက်နှောင်း၊ကောင်းထက် ကောင်းမည့်၊ လမ်းကြောင်းတီထွင်, သူတော်စင်ဟူ၍၊ ၀ဒန္တိ-ဘုရားစသား၊ပုဂ္ဂိုလ်များက၊လေးစားကြည်ဖြူ၊ ချီးမွမ်းတော်မူကြကုန်၏တဲ့။

“သပ္ပုရိသ”ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ - ယော ဓီရော-ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်၊အကြင်ပညာရှင်သည်- အားလုံး စိတ်တွေမှာလေ ကိုယ့်ကိုယ်ကို ပြန်သွင်းထားလိုက်၊ ဘုန်းကြီးက ဘုန်းကြီးကိုယ်ကို ပြန်ပြီးတော့ စိတ်ထားမယ်၊ ယခု အလှူရှင်ဖြစ်တဲ့ ဆရာဝန်တို့၊ ဆရာဝန်ကတော်တို့က သပ္ပုရိသ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံသလား၊မပြည့်စုံဘူးလား။ ပြည့်စုံရင် ဘယ်လောက် ပြည့်စုံတယ်ဆိုတာကို စဉ်းစားရအောင်။ကိုယ့်ကိုယ်ကို ကိုယ့်စိတ်က အာရုံပြုထားလိုက်။ကိုယ့်ရဲ့ ဘ၀တစ်သက်တာ လာခဲ့တဲ့ အကြောင်းအရာတွေ ပြန်ပြီးတော့ စဉ်းစားရင် “အင်း .. ဒီဂုဏ်နဲ့ ဒီအင်္ဂါနဲ့တော့ ငါပြည့်စုံတယ်၊ ပြည့်စုံတာမှ ဘယ်လောက် ပြည့်စုံတယ်။ သို့မဟုတ် ဒီအင်္ဂါတော့ ငါ ဘယ်လောက် လိုသေးတယ်” အဲဒါ စဉ်းစားရအောင်လေ။

“ဓာတ်ကိုယ်ကြီးက ဓာတ်ခံတွေပါလာ”

ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်၊ဘ၀နောက်နှောင်း၊ ကောင်းထက်ကောင်း ဖို့, လမ်းကြောင်းတီထွင်၊ အကြင်သူတော် စင်သည်၊-- “နဂိုမူလ, ဓာတ်ခံရသဖြင့်” လို့ ဒါလေး စဉ်းစားရမယ်။

ဘုန်းကြီးတို့တစ်တွေဟာ ဓာတ်တွေ စုပေါင်းနေတဲ့ ခန္ဓာကိုယ်၊ ဥပမာ-မျက်လုံးမှာ စက္ခုဓာတ်ရှိတယ်။ နားထဲမှာ သောတဓာတ် သောတပသာဒ ရှိတယ်။ နှာခေါင်းထဲမှာ ဃာနဓာတ် ဃာနပသာဒ ရှိတယ်။ အဲဒီလို စသည်ဖြင့် ဟဒယထဲမှာ မနောဝိညာဏဓာတ် စိတ်ဝိညာဉ်တွေ ရှိတယ်။ ဒီပြင် စိတ်ဝိညာဉ်မှ တစ်ပါး စေတသိက်ဆိုတဲ့ တရားတွေ တချို့သော ရုပ်တွေက ဓမ္မဓာတ်၊ အားလုံး ခန္ဓာကိုယ်ကြီးဟာ ဓာတ်ကောင်ကြီး။

“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်” လို့ ဆိုတော့ အဲဒီ ဓမ္မဓာတ်ထဲက ဘုန်းကြီးတို့ ဓာတ်ခံတွေ ဘ၀သံသရာမှာ ဓာတ်ကောင်ကြီး အဖြစ်နဲ့ လာခဲ့ရာက အဲဒီ ဓာတ်ခံပါလာတယ်။ မကောင်းတဲ့သူက မကောင်းတဲ့ ဓာတ်ခံပါလာ၊ ကောင်းတဲ့သူက ကောင်းတဲ့ဓာတ်ခံ ပါလာတယ်။ ဒါလေးကို ဘုန်းကြီးတို့ မယုံကြည်နိုင်ကြတဲ့ သူများအတွက် ထပ်ပြီးတော့ စဉ်းစားကြအုန်းစို့ရဲ့။

“ဓာတ်ခံပါလာတာ မယုံဘူးလား”

ကလေးတစ်ယောက် ဖွားမြင်လာတယ်ဆိုတော့ ဒီမိ ဒီဖ အတူတူပဲ။သွေးသားတွေဖြစ်ပြီးတော့ ပေါက်ဖွားလာတဲ့ သားသမီး စိတ်ချင်းတူရဲ့လား။ မတူပါဘူး၊ ကောင်းပြီ အရည်အချင်း၊ဉာဏ်ချင်း တူရဲ့လား။မတူဘူး။ကောင်းပြီ။ လုံ့လ၀ီရိယချင်း တူရဲ့လား၊မတူဘူး။ ထားစမ်း ဒီတစ်မိ တစ်ဖထဲ ဆိုပေမယ့် အချိန်ချင်းက အကြီးနဲ့ အငယ်နဲ့ အသက်နဲ့ ဆိုတာတွေ ကွဲလို့ မတူတာ ထင်ပါရဲ့ လို့ ဆိုတော့ အမွှာမွေး ယောက်ျားလေး နှစ်ယောက်၊မိန်းကလေး နှစ်ယောက် အမွှာမွေးတယ်။တူဖို့ ကောင်းတယ်။ မိသွေး ဖသွေး တစ်သွေးထဲ။တကတဲ ရှေ့ဆင့် နောက်ဆင့် မွေးလာတယ်။တူဖို့ ကောင်း၊ ရုပ်ချင်းကတော့ သွေးသားအကြောင်းတွေက အထောက် အပံ့ရတော့ ရုပ်ချင်းကတော့ အတော်တူတယ်၊ တစ်ခါတစ်ခါ ခွဲမရအောင် တူတယ်။ စိတ်ချင်း ဘယ့်နှယ်နေတုန်း။မတူလိုက်တာ။ ဉာဏ်ချင်း ဘယ့်နှယ်နေတုန်း။မတူလိုက်တာ။ လုံ့လ၀ီရိယချင်း ဘယ့်နှယ်နေတုန်း။ မတူလိုက်တာ၊ နောက်တော့ အကျိုးပေးချင်ကော။ အို မတူလိုက်တာ။နောက်ဆုံး ရောဂါဘယချင်းကော၊ အို မတူလိုက်တာ၊ သေတော့ကော မတူလိုက်တာ။ သြော် တစ် ယောက်နှင့် တစ်ယောက် မတူတာ ထောက်လို့ရှိရင် ဓာတ်ခံချင်း ကွဲလာပြီ။

“တစ်ကန့်စီ တစ်ကန့်စီ စဉ်းစား”

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရ သဖြင့်၊ ဘ၀နောက်နှောင်း, ကောင်း ထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်” စဉ်းစားရမယ်။ဘုန်းကြီးက မစဉ်းစားဘဲနဲ့ နမော်နမဲ့ ကြီးလာတဲ့သူတွေကို တယ်မကျေနပ်ဘူး။ စဉ်းစဉ်းစားစားနဲ့ဆိုတဲ့ စကားကို ပြောရအုံးမယ်။ ဒီဘုန်းကြီးတို့ဟာ တစ်ကန့်စီ တစ်ကန့်စီ စဉ်းစားတာဟာ အင်မတန် ကောင်းတယ်။

ဟိုဘက် ဘ၀က တစ်ကန့်၊ ယခုဘ၀က တစ်ကန့်။ နောက်လာမယ့် ဘ၀က တစ်ကန့်။အဲဒီတော့ တစ်ကန့် တစ်ကန့်မှာလေ အင်မတန် ကောင်းအောင် ကြိုးစားလိုက်လို့ရှိရင်ဖြင့် အို တစ်ခါထည်း တက်ပြီးတော့ ဘ၀ပေါင်းများစွာ သွားပြန်ရော။ ဒီတော့ ဘုန်းကြီးက ဒီဘ၀ကို တစ်ကန့်လို့ ယူထားတယ်။ဟိုလွန်ခဲ့တဲ့ ဘ၀ပေါင်းများစွာက တစ်ကန့်၊ အဲဒီ ဓာတ်ခံတွေက ယခု ပါလာတယ်။ ငါ့မှာ ပါလာတယ်၊ ယခု အလှူ့ဒကာမှာ ရဟန်းအမမှာ ပါလာတယ်။ဟိုဘက် ဘ၀က ဓာတ်တွေဟာ ဒီအကန့်ထဲ ပါလာ၊ဒီဘ၀ ဒီအကန့်ထဲ ပါလာ၊ ဒါလေးကို မြတ်စွာဘုရားက ဘယ်လိုများ အမိန့် ရှိတုန်း။--

ကုသလာကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်တဲ့၊ ကမ္မံ-ကမ္မ စေတနာသည်၊ ၀ိပါကာနံ-အကျိုးဝိပါက်တို့အား၊ ကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏ တဲ့။

“ကမ္မသတ္တိအရ ဓာတ်ခံပါလျက်ရှိ”

ဟိုဘ၀က ကုသိုလ်ပြုပြု၊အကုသိုလ်ပြုပြု အဲဒီ ကုသိုလ် အကုသိုလ်ကံက ဓာတ်ခံ အဖြစ်နဲ့ ခန္ဓာကိုယ်မှာ သတ္တိကျန်ရစ်တယ်။ ဘာသတ္တိလဲ ကမ္မပစ္စည်းသတ္တိ ကျန်ရစ်တယ်။ အဲဒီ ကမ္မပစ္စည်း သတ္တိက သင့်တော်တဲ့ အချိန်ကျရင် အကျိုးပေးပါရော။ ဒါကြောင့် အဲဒီ ဓာတ်ခံလေးဟာ ပြန်ပြီးတော့ စဉ်းစားရမယ်။ကိုယ့်ကိုယ်ကို ဒီအကန့်ကနေပြီးတော့ လွန်ခဲ့တဲ့ ဘ၀သံသရာကို မှန်းကြည့်လို့ ရှိရင် ငါ ဘယ်လို ဓာတ်ခံ ပါလာသလဲ။ ငါ ဒီဘ၀ အကျိုးပေးတဲ့ မျိုးရိုး ဘယ်လို ဓာတ်ခံကြောင့်၊ ဘယ်လို အမျိုးအရိုး လာပေးတယ်။ ငါ ဒီဘ၀မှာ ရုပ်အဆင်းက ဘယ်လိုကုသိုလ် ဓာတ်ခံကြောင့် ဘယ်လို ရုပ်အဆင်းမျိုး လာပေးတယ်။

ငါ ဒီဘ၀မှာ စည်းစိမ် ဥစ္စာက ဘယ်လိုဓာတ်ခံကြောင့် စည်းစိမ်ဥစ္စာ လာပေးတယ်၊ ဒါ လေးတွေ ဒီကံနဲ့ ကံရဲ့ အကျိုးပေးပုံတွေ ကြည့်ရင် ငါဘယ်လို ဓာတ်ခံ ပါလာတယ်။

ငါ့ စိတ်နေ စိတ်ထားဟာလေ ဘယ်လို သဘောရှိတယ်။ ကောင်းတယ်၊မကောင်းဘူး၊ ကိုယ့်ဟာကို အသိဆုံး။အဲဒီ သိတဲ့ဥစ္စာကောင်းလဲ ရှေးဘ၀က ဓာတ်ခံပဲ, မကောင်းလဲ ရှေးဘ၀က ဓာတ်ခံပဲ။အဲဒီ ဓာတ်ခံဟာ ဒီအကန့် ရောက်လာတယ်။ ဒီအကန့် ရောက်လာတော့ ဒီအကန့် နောင်လာမယ့် ဘ၀သံသရာ လှမ်းမျှော်လိုက်တဲ့ အခါကျတော့ “ဟာ ဒီဘ၀ဓာတ်တွေဟာ နောင်လာမယ့် ဘ၀သံသရာတွေမှာ ဆက်အုံးမှာပါလား။ နိဗ္ဗာန်မရမချင်း ဆက်အုံးမှာပါလား” ဟော ဒီလို သဘောပေါက်တော့ အို ဒီဘ၀မှာလေ သိပ်ကောင်းအောင် ကြိုးစားချင်လာတဲ့စိတ် ဖြစ်လာတယ်၊ အလွန် ကောင်းတယ်၊ အလွန် ကောင်းတယ်။ဒါ မစဉ်းစားလို့ မဖြစ်ဘူး။

ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ... ဒါက ဓာတ်ကောင်းရလာလို့ အသိဉာဏ်တွေ ဘာတွေက ရှိလာလို့၊မိကောင်း ဖကောင်းတွေက အဆုံးအမတွေ ပေးလာလို့၊ ဆရာသမားကောင်းတွေက ညွှန်ပြလို့, ဆုံးမလို့၊ ကိုယ်ကလဲ လိုက် နာလို့, နားထောင်လို့ အဲဒီ ဓာတ်ကောင်း ပါလာတာ။ ဓာတ်ကောင်း ပါလာတာ။

ဓာတ်ကောင်း ပါမလာတဲ့သူကို မိကောင်း ဖကောင်းက အဲဒီဓာတ်ကောင်းပါဖို့ ဆုံးမပေမယ့် နားမထောင်ပေါင်။ ဆရာကောင်း သမားကောင်းက ဆုံးမပေမယ့် နားမထောင်ပေါင်။ဒါ ဓာတ်ကောင်း ပါမလာလို့ သိပ်ကြောက်စရာကောင်းတာ ဒီ ဓာတ်က- ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ... ကိုင်း ဘုန်းကြီးတို့ ဓာတ်ကောင်း အထိုက်အလျောက် ရကြပြီပဲ၊ ရလို့ ဒီအခြေအနေ ရောက်နေကြပြီ။ ဒါ လွန်ခဲ့တဲ့ ဘ၀ အကန့်ကို ကြည့်ရင် အလွန် အားရစရာ ကောင်းတယ်။ “အို တို့ အဆင့် အတန်း မနိမ့်သော ဘ၀မှာ စိတ်နေ စိတ်ထား မညံ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ တို့ ရောက်နေတယ်၊ ဒီအကန့်မှာ ရောက်နေတယ်။ အတော် အားရစရာ ကောင်းပါလားလို့” ကိုယ့်ကိုယ်ကို အင်မတန် ကျေကျေနပ်နပ် ဖြစ်ပြီးတော့ လာမယ့်ဘ၀ကို မျှော်လိုက်ရတယ်။

“ယော ဓီရော-နဂိုမူလ၊ ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”- ငါ ဒီဘ၀ ဒီအကန့်က ကြိုးစားလို့ရှိရင် သေသေချာချာ ဒီထက် မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ။ ဒီထက် ဉာဏ်တွေ မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ လုံ့လ၀ီရိယတွေ ထက်သန်လာမယ်။ ဘာလုပ်ဖို့လဲ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက် ပြုဖို့၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့၊ နိဗ္ဗာနပစ္စယော - နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ဖို့။

“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်၊ ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”- ဒါလေး ရပ်ပြီးတော့ ဘုန်းကြီးတို့ တစ်တွေ အခု တရား နာလာတဲ့ ဒကာတို့တစ်တွေအားလုံး တပည့်ဒကာမတွေအားလုံး စဉ်းစားရမယ်။

“ဓာတ်မကျအောင် ရိုးဖြောင့်ရမယ်။”
“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်၊
“အို မလွယ်လိုက်တာ၊
“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်၊
ကတညူ-သူတစ်ပါးတို့၊ပြုထားအပ်ဖူး၊
မြတ်ကျေးဇူးကို၊အထူးရှိသရွေ့၊
သိလေ့ရှိသည်လည်းကောင်း”။

အားလုံး လုပ်ရမယ့် သူတော်ကောင်းလက္ခဏာတွေဟာ ရိုးရိုး သားသား။စိတ်ဖြောင်ဖြောင့် ပရိယာယ် မပါဘူး။ဟန် မဟုတ်ဘူး။ သူများ အထင်ကြီးအောင်၊ဂုဏ်ရှိအောင်၊ ချီးမွမ်းခံရအောင်၊နာမည်ကျော်အောင် ဒီလို မဟုတ်ဘူး။ ရိုးရိုးကလေး ကိုယ့်စိတ်ဓာတ်ကို ကိုယ်မြှင့်တင်နေတာ။ ကိုယ့်ဓာတ်ကို ကိုယ်ကောင်း သထက်ကောင်းအောင် မြှင့်တင်နေတာ။ ဒီဓာတ်ဟာ ဘယ်ထိ အောင် သွားရမှာတုန်းလို့ ဆိုတော့ မဂ်ဓာတ်၊ဖိုလ်ဓာတ်၊အရိယာဓာတ်၊ ရဟန္တာဓာတ်ထိအောင် သွားရမှာ။ ဓာတ်မြင့်သွားရအောင်။

“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်” နည်းနည်းကလေး ကောက်ပေးလိုက်စမ်း။
အို ဓာတ်တွေကို လွဲလို့၊ တကတဲ ဓာတ်မတိုးတဲ့ အပြင် ဓာတ်မှားတွေ ဖြစ်ပြီး ဓာတ်ကျသွားမှာ။ မရိုးလို့ရှိရင် ဓာတ်ကျသွားမှာ။

ဘာ မရိုးသလဲ၊ အလုပ်တစ်ခု လုပ်လို့ရှိရင် ဂုဏ်လိုချင်တယ်၊ အဲဒါ မရိုးတာ။ ဂုဏ်လိုချင်တယ် ဆိုတဲ့ ဥစ္စာဟာ တရားကိုယ်က (လောဘ ပါလာတယ်၊) အဲဒီ ကတဲက ဓာတ်နည်းနည်း ညံ့သွားပြီ။ အဲ ဘုန်ကြီးက အခု တရား ဟောနေတယ်။

တရားဟောတဲ့ ဥစ္စာ အို အရှင်ဘုရား - ဘယ်လို ညာလို စသည်ဖြင့် နာမည် လိုချင်တယ် ဆိုရင် လောဘ ပါလာတယ်။ အဲဒီ လောဘဟာ ဓာတ်ကျသွားတယ်။အဲ ပရိယာယ် မာယာနဲ့ သူများ အထင်ကြီးအောင် ဟန်ပန်လေသံနဲ့ လုပ်နေ သရွေ့ ဓာတ်တွေကျပြီးတော့ “လောဘ” ဖြစ်တယ်။

ဒါ့ကြောင့်-“ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား၊ ရိုးဖြောင့်သောအားဖြင့်”-နည်းနည်းများ ဂုဏ်လိုချင်တယ်ဆိုလို့ရှိရင် “ဟဲ့ နင် ဂုဏ် မလိုချင်နဲ့။ကိုယ့်ဓာတ်ကို မြှင့်တင်ရမယ်။” နည်းနည်းလေးများ နာမည် ကြီးချင်တယ်ဆိုလို့ရှိရင် “အို နာမည် မလိုချင်နဲ့။ ကိုယ်က တကဲတဲ သူတစ်ပါးကို ကောင်းစားအောင် လုပ်နေတဲ့ ဥစ္စာပဲ။

ဘာပြုလို့ ဒီကြားထဲ နာမည်လိုချင်တဲ့ လောဘ ပါနေရသလဲ။မေတ္တာဓာတ်၊ကရုဏာဓာတ် ဖြောင့်ဖြောင့်ကြီး နေပါစေလား” ဟောဒီလို ကိုယ့် ဓာတ်ကလေး ကိုယ်လေချိန်ပြီးတော့ စိတ်ဓာတ် နာမ်ဓာတ် ကလေးကို ချိန်ပြီးတော့ ကြည့်ရမယ်။ သွားတဲ့ ၊လာတဲ့၊ စားတဲ့၊ သောက်တဲ့အခါမှာလဲ ပရိယာယ် မာယာ ဟန်တွေ ပါသလားလို့ ရုပ်ဓာတ်ကလေးကို ချိန်ကြည့်ရမယ်။ ကိုယ့်ကိုကို ချိန်ကြည့်နေကြ ဆိုတော့ သူများကိုလေ ချိန်ကြည့်ရတာ သိပ်လွယ်လွယ်ကူကူနဲ့ နားလည်တာပဲ။သိတာပဲ။

“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ ရိုးဖြောင့်သော အားဖြင့်”-- ဖြောင့်ဖြောင့် ဘာဖြစ်ဖြစ် ရိုးရိုးဖြောင့်ဖြောင့်၊ အထက်လူကြီးက ငါ့ကို အထင်ကြီးအောင် ဒီလိုပါလားလို့ရှိရင်ကို တကတဲ လောဘကလေးကလေ ဓာတ်ကို နှိမ်ပြီးတော့ ဓာတ်ကို ဖျက်ဖျက်ပစ်တယ်။ တော်တော် မကျေနပ်စရာ ကောင်းတာ။ ဒီ မရိုးမဖြောင့်တဲ့ ဥစ္စာတွေဟာ မဖြောင့်ဘူးဆိုလို့ရှိရင် မှားပြီ။ လမ်းလွဲပြီ။လမ်းလွဲတယ် ဆိုကတဲက ဟို နိဗ္ဗာနဓာတ်ကို ရောက်ဖို့ရာကို အပုံကြီးခရီးတွေ ကွာသွားပြန်ပြီ။ဒါ့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် သွားမှ လမ်းဖြောင့် လို့ မဂ်ဓာတ်၊ဖိုလ်ဓာတ်၊နိဗ္ဗာနဓာတ်နဲ့ ကပ်သွားမယ်။

✦“ပထမ သူတော်ကောင်း ဂုဏ်အင်္ဂါ”✦

“ယောဓီရော-နဂိုမူလ၊ဓာတ်ခံရသဖြင့်၊ဘ၀နောက်နှောင်း၊ ကောင်းထက် ကောင်းဖို့၊လမ်းကြောင်းတီထွင်၊
အကြင်ပညာရှင်သည်၊ ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့၊
ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို၊အထူးရှိသရွေ့၊ သိလေ့ရှိသည်လည်းကောင်း”။

ဟော.. အင်္ဂါတစ်ပါး၊သူတော်ကောင်း အင်္ဂါတစ်ပါး၊ သူ တစ်ပါးက ဘာပြုဖူးတယ်။

ဥပမာ - တို့ငယ်ငယ်တုန်းက မိဘများကလေ တို့ကို ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်။ ကြည့်စမ်း ငါတို့က ငါတို့ သားသမီးကို ဘယ်လို စောင့်ရှောက်တယ်။ဒီလို ဆိုရင် ငါတို့မိဘက ငါတို့ကို ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ်နော်။ တို့ ဘာမှ မသိခင် လူမမယ်ကလေးဘ၀တုန်းက တို့ အဖေ၊အမေများက ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ်နော်။တို့ကို တို့ဘိုး ဘွားများက တို့ကို ချစ်တယ်လို့ ဆိုတယ်နော်။ တို့ကို ဘယ်လို ချစ်ရှာလိမ့်မယ်နော်၊ ဘယ်လို ယုယရှာလိမ့်မယ်နော်။ အားလုံး လေ ပြန်ပြီးတော့ သိရ၊တို့ဆရာသမားတွေကလေ
တို့ကိုဘယ်လို ချီးမြှောက်လိုက်လို့, ဘယ်လို စောင့်ရှောက်လိုက်လို့ တို့ ဒီအခြေအနေ ရောက်လာတယ်နော် သိရတယ်။

ဟိုနားဒီနား သွားရင်း လာရင်း မိတ်ကောင်း၊ ဆွေကောင်းတွေ တွေ့ပြန်လဲ “သြော် သူကလေ တို့ကို စောင့်ရှောက်ရှာတယ်”  တကတဲ ကျေးဇူးကို သိလို့။

ဒါ သူတော်ကောင်းလက္ခဏာ၊သူတော်ကောင်း လက္ခဏာ။အဲဒီလို ကျေးဇူးမသိဘဲနဲ့ ပြောင်းပြန် ပြန်ကြည့်လိုက်စမ်း၊ အို အမေ အဖေ ကျေးဇူး မတင်နိုင်ပေါင်။ဆရာသမား အို ကျေးဇူး မတင်နိုင်ပေါင်။ဘာ့ကြောင့် ညာကြောင့်နဲ့ သူတို့က ကျေးဇူး မတင်စရာနဲ့ ဆိုရင် သူတော်ကောင်းဆိုတဲ့ အဖြစ်မျိုးက ပြောင်းပြန် ပြန်ပြီးတော့ သွားပြန်တယ်။

✦“ဒုတိယသူတော်ကောင်း ဂုဏ်အင်္ဂါ”✦

“ကတညူ - သူတစ်ပါးတို့၊ ပြုထားအပ်ဖူး၊မြတ်ကျေးဇူးကို၊ အထူး ရှိသရွေ့၊သိလေ့ရှိသည်လည်းကောင်း၊
ကတဝေဒီ-သူများပြုအပ်၊ကျေးဇူးရပ်ကို၊တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည် လည်းကောင်း။”

နှစ်ချက်နော်၊ ကျေးဇူးတော့ သိပါရဲ့။ ကျေးဇူးဆပ်မယ့်အချိန် ကျတော့ တွန့်တွန့်နေတယ်။ ဒါက ဓာတ်ညံ့လို့၊ဓာတ်ညံ့လို့။

ကိုယ့် ကိုယ်ကို ကိုယ့်စိတ်ကို သေသေချာချာ ကြည့်နော်။ ကျေးဇူးဆပ်ရမယ့် အချိန်ကျတော့ စိတ်က တွန့်တွန့်သွားတယ်။နှမြောသလိုလို ပျင်းသလိုလို အဲသလိုဖြစ်တော့ ကျေးဇူးဆပ်ရမယ့်အချိန် သူ့ ကျေးဇူးတောင်မှ ကျေးဇူး မဆပ်ချင်သလိုလို။ အလကားပါ၊ဘယ့်နှယ် ညာ့နှယ် ဟောဒီလို စိတ်ကလဲ ဖြစ်တယ်။နှုတ်ကလဲ ပြောမိတတ်တယ်။

ဆိုပါတော့ ..မိဘတွေ ကျေးဇူးကို ကိုယ်က ပြန်ပြီး ဆပ်ရမယ့်အချိန်မှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် စိတ်ပါ လက်ပါ မဟုတ်တတ်ဘဲနဲ့ “အို ဒီလောက်ဆို တော်ရောပေါ့။အိုဒီလိုဆို တော်ရောပေါ့”
အဲသလို စသည်အားဖြင့် ကျေးဇူးဆပ်တဲ့ နေရာမှာလေ တွန့်ပြီးတော့ နေပြီဆိုရင် သူတော်ကောင်းဓာတ်
နည်းနည်း ညံ့နေတာ၊ ဆရာသမားနဲ့ စပ်လာလို့ရှိရင် ဆရာ သမားကျေးဇူးတွေ ငါ့မှာ ရှိတယ်။

အဲဒီ ကျေးဇူးတွေ ငါဆပ်ရမယ် ဆိုရင် ပြန်တွန့်နေတယ်။ ဆရာ့အလို တယ်မလိုက်ချင်ဘူး။ ဆရာ့ကို ပြန်ပြီးတော့ ရိုသေလေးမြတ်စွာနဲ့ ကျိုးကျိုးနွံနွံ တယ်ပြီး မနေချင်ဘူး။ဒါတွေလေ ကတဝေဒီဆိုတဲ့ ဂုဏ်အင်္ဂါ နည်းနည်းလေး ညံ့ပြီး ဓာတ်ရော့သွားတာ။

✦“အလောင်းတော် ခြင်္သေ့မင်း”✦

“ကတဝေဒီ-သူများပြုအပ်၊ကျေးဇူးရပ်ကို၊တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည်လည်းကောင်း။”
-ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားအလောင်းဟာ ခြင်္သေ့မင်း ဖြစ်တယ်။တစ်ခါတော့ တောင်ပေါ်က နေပြီး တစ်ဟုန်ထိုး ခုန်ပြီး ဖမ်းလိုက်တာ အကောင်ကို မဖမ်းမိဘဲနဲ့ ညွှန်ဗွက်ထဲ ကျနစ်ပါရောလား။ ပြန်ပြီးတော့ ထဖို့ရာ ထောက်စရာ၊ကန်စရာ ဘာမှ မရှိတော့ အားကလဲပဲ ဘယ်လောက် ကြိုးစားကြိုးစား ထောက်စရာ မရှိတော့၊ သူခုန်ပြီးတော့ ရုန်းမထွက်နိုင်ဘူး။ ရွှံ့ညွန်ထဲမှာ၊ အဲဒီအခါမှာ မြေခွေး တစ်ကောင်ဟာ မလှမ်းမကမ်း ရောက်လာတော့ ခြေင်္သေ့က လှမ်းခေါ်တယ်။

“အသင်မြေခွေး လာပါ၊လာစမ်းပါ” ဆိုတော့ မြေခွေးက လာရှာတယ်။လာလို့ အနားရောက်တော့ “ငါ့ကို ဗိုက်အောက်ကနေပြီး မ-ပေးပါ, မ-ပေးလို့ ရှိရင် ငါ့အားနဲ့ ငါ ကြိုးစားပြီးတော့ ရုန်းပါ့မယ်” ဆိုတော့ မြေခွေးက ကြောက်တယ်တဲ့။

“အရှင်သခင်ကို ကျွန်တော် မ-ပေးရမှာဆိုတော့”  “ကိစ္စမရှိပါဘူး, ငါ ကျေးဇူး သိတတ်ပါတယ်” ဆိုတော့ မြေခွေးက နည်းနည်းရဲလာပြီးတော့ အနားကပ်ပြီး ဟို ရွှံ့ကလေးတွေကို ယက်၊ အဲ ယက်ပြီးတော့ အနားကပ်ပြီး သူ့ခေါင်းက ဗိုက်အောက် ၀င်လောက်တဲ့အချိန်မှာ “ကြိုးစားလိုက်စမ်း သခင်” လို့ ဆိုပြီး အားပေးလိုက်တာ၊ ဟိုကလဲ လွှတ်ရုန်းလိုက်တာ တစ်ခါထဲ လွတ်ထွက်လာခဲ့ရော။

ဟာ ၀မ်းမြောက်ဝမ်းသာဖြစ်၊ ခြင်္သေ့ကလဲ ၀မ်းမြောက်ဝမ်းသာဖြစ်တယ်။ “အသင်မြေခွေး အသာ ဒီနား နေရစ်အုံး ဆိုပြီးတော့ သူက တစ်ခါထဲ ဟို သမင်တို့ ၊ဘာတို့ လိုက်ရှာဖမ်းပြီး ယူလာတယ်။

“စား မိတ်ဆွေ စား”။ မြေခွေးက နည်းနည်းလေးတော့ ရွံ့တွန့်တွန့်၊ “စား-စား” အမယ်လေး ကျေးဇူးတင်လိုက်တာ၊ ကျေးဇူး သိတတ်လိုက်တာ “စား-စား။” နောက်တော့ “လာ လိုက်ခဲ့၊ငါတို့နေတဲ့ ဂူထဲလိုက်ခဲ့”
ဆိုပြီးတော့ ခေါ်သွား။သူလဲ စားတယ်။ သူလဲ အားတွေဘာတွေ ရှိ၊ ခေါ်သွားပြီးတော့ “သင့်ရဲ့ကလေး တွေနဲ့ သင့်ရဲ့ မယားခေါ်ခဲ့။

တို့နဲ့ အတူတူနေရအောင်” ဟာ ဒီတော့ ရဲလို့ အတူတူနေ။ဟို တောကောင်တွေ၊ ဘာတွေ ဖမ်းမိပြီ ဆိုမှဖြင့်
“ဟာ စားကြ၊ မြေခွေးရဲ့ သား၊မယားပါ စားကြ” ပြီးတော့ သူ့ရဲ့ ကလေးတွေပါ၊ခြင်္သေ့ပါ၊ ခြင်္သေ့မပါ စားကြ။ဒီလိုနဲ့ အရေး ပါလိုက်တာ။ အရေးပါတော့ ခြင်္သေ့မက ကြာတော့ တယ်မကျေနပ်ချင်ဘူး။

ဘယ့်နှယ် ငါ့ ခြင်္သေ့ဟာ အရေးပါလွန်းတယ်။ ဘာလဲ ညာလဲနဲ့ စိတ်ထဲ မကျေမနပ်နဲ့ တောင်တွေး၊ မြောက်တွေး တွေးရာက ခြင်္သေ့တို့၊မြေခွေးတို့ အစာရှာသွားကြပြီဆို အတူတူ သွားကြ။ သွားကြပြီဆိုရင် သူက ခြင်္သေ့ကလေးတွေကို ပြောတယ်၊ “ဟဲ့ ဟိုမြေခွေး ကလေးတွေကို နင်တို့ တယ် အဖက်မလုပ်နဲ့။နည်းနည်းပါးပါး နှိပ်စက်” လို့ အမေက မြှောက်ပေးတယ်။

ခြင်္သေ့ကလေးတွေက မြေခွေးနဲ့ အရင်က တော်တော်ချစ်တာ။အမေက မြှောက်ပေးတာနဲ့ နည်းနည်းကလေး သူတို့က ကျယ်လာတယ်။ အဲ မြေခွေးမကိုလဲ သူတို့ နည်းနည်း စော်ကားမော်ကား လုပ်လာ ကြတယ်။

ဒီတော့ ပြန်လာတဲ့ အခါကျတော့ သူတို့ တိုင်ကြတယ်ကိုး။“ကျုပ်တို့ကို ဒီလိုပဲ နှိပ်စက်တယ် မနေချင်တော့ဘူး။တခြားသွားကြစို့ရဲ့” ဆိုတော့ မြေခွေးက ခြင်္သေ့ကို ပြောတယ်။

“သခင်... ကြာတော့ မုန်းလာတတ်တယ်။ ဒီလို ဒီလိုပဲ ကျုပ်တို့ အစာရှာ ထွက်တဲ့အခါကျတော့ ခြင်္သေ့မနဲ့ ကလေးတွေက ကျုပ်ကလေးတွေနဲ့ ကျုပ်ရဲ့ မိန်းမကို နှိပ်စက်သတဲ့” ဆိုတော့ ခြင်္သေ့ကလေ ခြင်္သေ့မကို ပြောတယ်။

“ရှင်မ ဟို ဘယ်လောက်အချိန်တုန်းက ငါ ဘယ်နှစ်ရက်လောက် ပြန်မလာတာ မင်း မှတ်မိသေးသလား။”

“မှတ်မိတယ်” အဲဒီတုန်းကလေ ငါ ရွှံ့ညွန်ထဲ ကျွံနေတော့ ဟောဒီ မြေခွေးက ငါ့ကို ဗိုက်အောက် ကနေပြီးတော့ မ-ထုတ်လို့ ငါ အသက်ဘေး  ချမ်းသာရာ ရလာတယ်ကွယ်။ကျေးဇူးရှင်တွေကို မင်း မနှိပ်စက်ပါနဲ့” လို့ အဲဒီလို ပြောတော့မှ ခြင်္သေ့မလဲ သဘော ပေါက်ပြီးတော့ ချစ်ချစ်ခင်ခင် ပြန်ပြီးတော့ နေကြတယ်။သားစဉ် မြေးဆက် ခုနစ်ဆက်လုံးလုံး အချစ်မပျက်ကြဘူးတဲ့။

“ယော ဓီရော-နဂိုမူလ၊ဓာတ်ခံရသဖြင့်၊ ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့။
လမ်းကြောင်းတီထွင်၊အကြင်ပညာရှင်သည်။

“ဓာတ်ခံကောင်းတာမှ တန်ဖိုးရှိ” ကြည့်စမ်း - အလောင်းတော် ခြင်္သေ့မင်းဟာ ဓာတ်ခံရလာလို့ ကျေးဇူးသိ တတ်လိုက်တာ။ သိတာမှ အို တစ်ခါ ထဲ တကတဲ အစာတွေ ကျွေးးမွေးလိုက်၊ ဒီလိုတင် မဟုတ်ဘူး။
ဟို အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နေ။ နောက် သားစဉ်မြေးဆက် ချစ်ချစ်ခင်ခင် နေရစ်ဖို့ရန် ပြောပြ။အဲဒီလို ဓာတ်ခံကောင်းတာတွေ ဘုန်းကြီးက အားရတာ, အားရတာ။ဒီဓာတ်ခံက မပျက်ဘူး။ ဒီကောင်းတဲ့ ဓာတ်ခံက မပျက်ဘူး။ ခဏပန်းကလေး ပစ္စည်းဥစ္စာ ပေါလို့။ ခဏပန်းကလေး အမျိုးအဆွေ တင့်တယ်လို့။ ခဏပန်း ကလေး ရုပ်အဆင်းလှလို့ ဒါ အသုံးမကျပါဘူး။

မကြာခင် ဒီဘ၀ကလေး ကျော်လွန်ပြီး ဟိုတစ်ကန့် ရောက်သွားကြတာပဲ။ဒါဟာ ဘာမှ အားမကိုးလောက်ဘူး။ ဘာမှလဲ အထင်မကြီးလောက်ဘူး။ ဘာမှလဲ ဒီလိုပုဂ္ဂိုလ်မျိုးကို ကိုယ်က အရေးကြီးတယ် လို့ မယူလောက်ဘူး။အမှန်ကတော့ အဲဒီ ဓာတ်ခံကလေး ဘုန်းကြီးက သဘောကျတယ်ကိုး။ ။

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်”- အဲဒီဓာတ်ခံက ဘ၀ထဲ ပျောက်ပျောက် မသွားတာ ဘုန်းကြီးက ကြိုက်လွန်းလို့ ကြည့်စမ်းလေ။

ဘုရားရှင်ကိုယ်တော်မြတ်က “သဗ္ဗညုတဉာဏ် ရပါလို၏”  လို့ ဆုတောင်းလာတာ ဓာတ်ခံမပျက်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တဲ့အခါကျတော့ ဘုရားဖြစ်လာတယ်။

အရှင်သာရိပုတ္တရာက “ဉာဏ်ပညာ ကြီးရပါလို့ရဲ့”လို့ ဆုတောင်းပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလာ၊
ဘ၀တိုင်း ဉာဏ်ပညာကြီးချင်တယ်၊ ကြီးချင်တယ်ဆိုတဲ့ ဓာတ်ခံပါလာ။ ဒီတော့ အရှင်သာရိပုတ္တရာက တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တော့ ဟော ဧတဒဂ်ရ ပညာရှင်ကြီးဖြစ်ပြီးတော့ လာခဲ့ရ။ ဘုန်းကြီးက ဒါပဲ သဘောကျတယ်။

ခဏပန်း ပစ္စည်းဥစ္စာပေါတာလဲ တော်ပါတယ်လေ။ ဒါက ခဏ ပန်း ပေါသလား ဘာလားတော့  မသိဘူးပေါ့။ခဏပန်း အမျိုးအဆွေမြတ်တာလဲ ဒါလဲ တစ်ကန့်ပဲ၊ ဘာကြာတာ လိုက်လို့။ ခဏပန်း ရုပ်အဆင်းလှတာလဲ အို ဒါလဲ တစ်ကန့်ပဲ။ဘာကြာတာ လိုက်လို့။

အမှန်တန်ဖိုးရှိတာက သူ့ရဲ့ဓာတ်ခံကလေး ကောင်းနေတာလေးပဲ။ အဲဒါဟာဖြင့် တစ်ဘ၀လဲ မက၊ နှစ်ဘ၀လဲ မက၊ပရိနိဗ္ဗာန်စံတဲ့ ဘ၀တိုင်အောင် ဒီဓာတ်ခံကောင်းကလေးက လိုက်သွားမှာ ဖြစ်တော့
အဲဒါ ဘုန်းကြီးက တယ်ကျေနပ်တယ်။ တယ် ၀မ်းသာအားရဖြစ်တယ်။ ဒီသူ့အပေါ်မှာတော့ တယ်သဘောကျတယ်။ အဲဒီ ဓာတ်ခံကောင်းတယ်၊မကောင်းဘူး၊ ဘ၀သံသရာ လိုက်မယ် မလိုက်ဘူးဆိုတဲ့ ဒီအင်္ဂါတွေ
လျှောက်ကြည့်ပါ။

သူများ ကျေးဇူးကို သိတတ်သလား။ သူများကျေးဇူးကို ဆပ်ရမယ့် အချိန်ကျတော့  ရှောရှောရှူရှူ ဆပ်ရဲ့လား။အဲဒါတွေ ကြည့်ပါ။

“တတိယသူတော်ကောင်း ဂုဏ်အင်္ဂါ”

“ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး၊မြတ်ကျေးဇူးကို၊ အထူးရှိသရွေ့၊သိလေ့ရှိသည်လည်းကောင်း၊
ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို၊ တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည်လည်းကောင်း၊
ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ဆရာကောင်းနှင့်၊ ဖော်ပေါင်းအတိ၊မိတ်ကောင်းရှိသည်လည်းကောင်း၊”

လောက ပေါင်းသင်းဆက်ဆံကြပေမယ်လို့ ဓာတ်တူချင်းမှသာ ပေါင်းလို့ ကောင်းတာ။ လူကောင်း လူကောင်းချင်း ပေါင်းလို့ တယ်ကောင်း။ လူမကောင်း၊ လူ မကောင်းချင်း ပေါင်းပြန်တော့လဲ တစ်ခါတစ်ခါ တယ်ကောင်းတယ်။

တစ်ခါတစ်ခါတော့ မကောင်းသည်အားလျော်စွာ တယ်ကြောက်စရာ ကောင်း၊ လူကောင်း လူကောင်းချင်း
သူတော်ကောင်း သူတော်ကောင်းချင်း၊ “သူတော်ချင်းချင်း, သတင်းလွေ့ လွေ့”  ဆိုတာလို၊ တယ်ပေါင်းလို့ သင်းလို့ ပြောလို့ ဆိုလို့ ကောင်း တယ်။

“ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ ဆရာကောင်းနှင့်”-ဒါ ကံကောင်းမှ ရတာ။ ဓာတ်ခံကောင်းတဲ့သူတွေ ကံကောင်းလာတဲ့  လူတွေမှ အမေကောင်း အဖေကောင်းနှင့် တွေ့တာ။ ဓာတ်ခံကောင်းလာတဲ့၊ကံကောင်းလာတဲ့သူမှ ဆရာကောင်းနဲ့ တွေ့တာ၊သမားကောင်းနဲ့ တွေ့တာ။

“ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ဆရာကောင်းနှင့်၊ ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည် လည်းကောင်း။”

အပေါင်းကလဲ တယ်ကောင်း၊ နို့တကတဲ ကြည့်ရှုမယ့်သူနဲ့ မ, စမယ့်သူနဲ့ လမ်းကောင်းညွှန်ပြမယ့်သူနဲ့
အားပေးမယ့်သူနဲ့ တယ်ကောင်း၊ ဆရာသမားတွေ ကြည့်လိုက်တော့လဲ ပညာသင်ချိန် ပညာသင်ပေးတဲ့
ဆရာက ကောင်း။

အမိအဖတွေ ကြည့်လိုက်တော့လဲ အမိအဖတွေက သိက္ခာရှိရှိနဲ့၊အမိအဖတွေက အားကိုးစရာ
ကောင်းလိုက်တာ။
ပစ္စည်းဥစ္စာနဲ့၊သိက္ခာနဲ့၊ ပြောဆိုဆုံးမလို့။
အဲဒါကိုက ရှေးကံ ကောင်းမှ, ဓာတ်ခံကောင်းမှ
အကောင်းတွေ့တာ။
ဒါ့ကြောင့် ဆွေကောင်း မျိုးကောင်းတွေ တွေ့ကြလို့ရှိရင်
ဝမ်းသာစရာ။“သြော် ငါ့ဘ၀ ဟိုဘက်အကန့်တွေက
ငါ မညံ့ခဲ့လို့ ဒီအကန့်မှာ မိကောင်း ဖကောင်းနဲ့
တွေ့ရတယ်။ဆရာကောင်း သမားကောင်းနဲ့ တွေ့ရတယ်။
ဝမ်းသာစရာ၊ ဟိုဘက် အကန့်တွေက ငါ မညံ့ခဲ့လို့
ဒီအကန့် ဆရာကောင်း သမားကောင်းနဲ့ တွေ့ရ၊
သူတော်ကောင်း အပေါင်းအဖော်တွေနဲ့
တွေ့ပြန်လဲ ၀မ်းသာစရာ”။

“ကလျာဏမိတ္တော-မိကောင်းဖကောင်း၊
ဆရာကောင်းနှင့်၊ဖော်ပေါင်းအတိ၊မိတ်ကောင်းရှိသည်
လည်းကောင်း”-ဒါ ဂုဏ်အင်္ဂါ တစ်ခု၊ဓာတ်ခံကောင်းတဲ့
သူတော်ကောင်းရဲ့ လက္ခဏာတစ်ခု။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“စတုတ္ထသူတော်ကောင်း ဂုဏ်အင်္ဂါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဒဠှဘတ္တိ- ထိုမိတ်ကောင်းလည်း၊အသည်းစွဲမျှ၊
အမြဲမပြတ်, ဆည်းကပ်လေ့ ရှိသည်လည်းကောင်း”-
မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ပါရဲ့။
ပေါ့ပေါ့ဆဆ၊ဒီလိုဆိုရင် ဒီဂုဏ်အင်္ဂါ ညံ့တာပဲ။
ဆရာကောင်း၊မိကောင်းဖကောင်းနဲ့ တွေ့ပါရဲ့။
ပေါ့ပေါ့ဆဆ၊ဘာမှ မိကောင်းဖကောင်းမှန်း မသိဘူး။
ဘာမှ အဖော်အပေါင်းကောင်းမှန်း မသိဘူး။
အဲဒီလို မသိတော့ သူ ခွာပြီးတော့ တော်တဲ့နေရာ
သွား, တော်သလိုနေ၊ပြောတာ နားမထောင်။
အဲဒီလို ဆိုလို့ရှိရင်လဲ သူဟာ သူတော်ကောင်း
လက္ခဏာ ပျက်တယ်။

သူတော်ကောင်းဆိုတဲ့ ဥစ္စာ မိကောင်းဖကောင်း၊
ဆရာကောင်း သမားကောင်း မိတ်ကောင်း၊
ဆွေကောင်းတွေကို ခိုင်ခိုင် မြဲမြဲ မကွဲမကွာ
ဆက်ဆံရတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပဉ္စမသူတော်ကောင်း ဂုဏ်အင်္ဂါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ ဒဠှဘတ္တိ - ထိုမိတ်ကောင်းလဲ၊အသည်းစွဲမျှ၊
အမြဲမပြတ်၊ ဆည်းကပ်လေ့ရှိသည်။
ဟုတွာ-ဖြစ်၍၊ ဒုက္ခိတဿ -မိမိမျက်မှောက်၊
ဒုက္ခရောက်သဖြင့်၊ပံ့ထောက်မဲ့မူ၊ဆင်းရဲသူ၏၊”-

ကိုယ့်မျက်စိအောက်၊ဒုက္ခရောက်နေ၊ဘယ်လိုလုပ်မလဲ။
“ကိစ္စံ-စားသောက်နေရေး၊ဆေးဝါးပေး၍၊လုပ်ကျွေးသမှု၊
ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ၊
သနားညှာ၍၊များစွာပုံသေ၊ပြုတတ်ပေ၏။”-

ဒါက အရေးကြီး၊ ဒါလေးက ဓာတ်ခံကောင်းတယ်၊
မကောင်းတယ်ဆိုတဲ့ ဥစ္စာ အရေးကြီးတယ်။
ဓာတ်ခံ ဘယ်လောက် ကောင်းတယ်၊
မကောင်းတယ်ဆိုတာလဲ အရေးကြီးတယ်။
“ဒုက္ခိတဿ-မိမိမျက်မှောက်၊ဒုက္ခရောက်သဖြင့်၊
ပံ့ထောက်မဲ့မူ၊ဆင်းရဲသူ၏”တဲ့။

ကိုယ့်မျက်စိအောက် ဒုက္ခရောက်နေရင် ချက်ချင်းကူ၊
ချက်ချင်း ပြုစု၊ချက်ချင်း ကူညီပါ။ဒီတော့
ဒီကိစ္စလေးဟာလေ တယ်ပြီးတော့ ကျယ်ဝန်းတယ်။
ဥပမာ-ခရီးသွားတယ်၊ တစ်ယောက် ဒုက္ခရောက်နေ၊
ကိုယ်က ချမ်းချမ်းသာသာ သွားဆိုပါတော့။
လှည်းပေါ့နဲ့ တောရွာမှာ သွား။တစ်ယောက်က
လှည်း မရှိဘူး။ခြေလျင် သွားတယ်။
လှည်းကလဲ နွားများလဲ နည်းနည်း ပေါ့ပါသေးရဲ့။
နွားဘက်လဲ ကြည့်လိုက်ရမယ်။
ဟို ခြေလျင်သွားတဲ့ လူလဲ ကြည့်လိုက်ရမယ်။
သူ့တင်တဲ့အတွက် နွားတွေ မနည်းရုန်း
နေရမှာဖြင့်လဲ နွားတွေ မသနားရာကျမယ်။
တစ်ခါ နွားက ပေါပေါ့ပါးပါး ရှိရက်သားနဲ့
သူ့ကို “လာပါ လာပါဗျာ၊ လှည်းပေါ်မှာ”
ဒီလို မခေါ်ပြန်လို့ရှိရင်လဲ သူ့ကို မစောင့်ရှောက်ရာ
ကျမယ်။တစ်ခါ ဘုမသိ ဘမသိနဲ့ ဒီလူ့ ခေါ်မိလို့မို့
တကတဲ လှည်းပေါ်ကျမှ ဓားပြတိုက် သွားရင်လဲပဲ
အခက်။ဒီလို စဉ်းစားစရာက ရှိတယ်။

“ဒုက္ခိတဿ-မိမိမျက်မှောက်၊ဒုက္ခရောက်သဖြင့်၊
ပံ့ထောက် မဲ့မူ၊ဆင်းရဲသူ၏။”-
ဒီတော့ တယ် နယ်ကျယ်တယ်။မီးရထားပေါ်မှာ
အများစီးတဲ့ တွဲပေါ်မှာ စီး၊ ကိုယ်က နေရာလေး
ကောင်းကောင်းရ။ကိုယ့် နေရာလေး နည်းနည်းလေးများ
ကျယ်နေတဲ့အခါ နည်းနည်းလေး ကျုံ့ မပေးချင်ဘူး။
ဒါ သူတော်ကောင်းလက္ခဏာ သိပ်ပျက်တာပဲ။
ဟာ ကိုယ့်နေရာလေး နည်းနည်းလေး ရှိပါသေးရဲ့။
ဟိုလူတွေ သိပ်ကြပ်၊ “နည်းနည်း ဒီတိုးပါဗျာ၊
ဒီလာတာပေါ့ဗျာ၊ ဟော ဒီနား နည်းနည်းလေးတော့
ရပါသေးရဲ့”။ဟော ဒီလိုဆိုတော့
သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။

တစ်ခါ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်အိမ် အနီးအပါးမှာ
ဘယ်သူဖြင့် သိပ်ဆင်းရဲတယ်။အဖိုးကြီး အဖွားကြီး
ဖြစ်နေတယ်၊ ဆင်းရဲတယ်။
ကိုယ်ကလဲ နည်းနည်း ပေးနိုင်ကမ်းနိုင်တယ်။
ဟော နည်းနည်းပါးပါး ပေးကမ်းလို့၊ထောက်ပံ့လို့၊
ဒီလိုဆိုတော့ သူ တော်ကောင်းလက္ခဏာ ရှိပြန်ရော။
ကိုယ့်က ပေးနိုင်ကမ်းနိုင်တော့ အရှိသားပဲ။
ဘာမှ ပေးခြင်းကမ်းခြင်း မရှိဘူးဆိုတော့ ဟော
သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော။
မရှိဆင်းရဲတဲ့ သူကပါလာ၊ အဲ သူမကျန်းမမာ
ရောဂါတွေ ဖြစ်နေ။ကိုယ့်ဆေးဝါးလဲ အရှိသားနဲ့၊
တတ်လဲတတ်နိုင်သားနဲ့ အဲဒါ မကုဘူးဆိုပြန်ရင်
သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော။

တစ်ခါ မရှိဆင်းရဲတဲ့ သူတဲ့၊ဆေးဝါး သူ့ခမျာ
မစားရလို့တဲ့၊အို ဒီလိုဆိုရင် ကိုယ့် ဆေးဝါး ရှိသားပဲ
ဆိုပြီးတော့ ပြုစုလို့၊ဆေးဝါးပေးလို့၊ဟောသလို ဆိုတော့
သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။

-【မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ】

-【အရှင်သုဝီရ @ U Thu Mukha - မဟာဂန္ဓာရုံ】


1 comment: