Monday 22 August 2016

ပထမရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ဘ၀နေနည်း


ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံ ကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။

တာမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။ သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။ သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

လူကောင်းသည် အရှုးနှင့် ပြိုင်၍ အ-၀တ်မလှစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့် ပြိုင် ၍ ဒေါသမဖြစ်ကောင်း။

ကျားကြောက်၍ပြေးစဉ် ခွေးဟောင်းသည်ကို အရေးမယူရ။ ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။

ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။ မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။

ကာင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိတဲ့။

ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာမလိုအောင်ကို ပြည့်စုံလှပါတယ်။ သူတော်ကောင်းတရားကို မြတ်နိုးသူဟာ ပတ်ဝန်းကျင်က သံပုရာသီးကို ပေးလာရင်လည်း ကိုယ်က ဖျော်ရည်ဖြစ်အောင်လုပ်ပြီး သောက်တတ်ရမှာ ဖြစ်သလို၊ ဘယ်လို လောကဓံနဲ့တွေတွေ့ ပါရမီမြောက်အောင် နေတတ်ရင် ဘုရားလောင်းတို့ရဲ့ ဘ၀နေနည်းလို့ခေါ်နိုင်ပါတယ်။

မီးလောင်ထားတဲ့ စက္ကူဟာ ပွတ်သပ်ထိခတ်လိုက်တာနဲ့ ကြေမွသွားသလို ပတ်ဝန်းကျင်က ကိုယ်ကိုမလိုပြောတဲ့ ကဲရဲ့သံလေး ကြားရခါမျှနဲ့လည်း ဒေါသအပူမီးတွေလောင်မြိုက် ခံရမယ်ဆိုရင် ဘ၀နေနည်း မမှန်တော့ကြောင်း ဆုံးမထားပါတယ်။ လောက လူတချို့က သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာမပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ ရှုံချမှုတွေရှိတတ်ကြပါတယ်။ များသောအားဖြင့်သည်းခံ နိုင်ဖို့ မလွယ်ကူ တတ်ကြ ပါဘူး။ ကိုယ်က သည်းခံနေလိုက်တာနဲ့ ခန္တီပါရမီမြောက်သွားတဲ့အတွက် ဘာမှ မကုန်ဘဲ အမြတ်ရလိုက်မှာပါ..။ ကဲရဲ့သူ၊ပြစ်တင်သူ အဖို့မှာတော့ အမြတ်မရတဲ့အပြင် အရင်းပါရှုံးသွားမှာပါ။ တကယ်တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်းထုတ်ပေးသွားတာပါ။ ရအောင်ယူတတ်ရမှာဖြစ်ပါတယ်။

အားလုံးလိုအင်ဆန္ဒပြည့် ဝကြပါစေ
                                                                                                                        

Sunday 21 August 2016

သူတော်ကောင်းလက္ခဏာ


ဘုန်းကြီး ဟောဖို့ စိတ်ကူးထားတာ “သူတော်ကောင်းဆိုတဲ့ လက္ခဏာ” ဟာ ဘယ်လိုလဲလို့ သူတော်ကောင်းရဲ့ အကြောင်းကို ဟောပေးမယ်။

ယော ဝေ ကတညူ ကတဝေဒီ ဓီရော, ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊ ဒုက္ခိတဿ      သက္ကစ္စံ ကရောတိ ကိစ္စံ, တထာဝိဓံ သပ္ပုရိသံ ၀ဒန်္တိ။

ယော ဓီရော-နဂိုမူလ၊ဓာတ်ခံရသဖြင့်၊ဘ၀နောက်နှောင်း၊ ကောင်းထက်ကောင်းဖို့၊လမ်းကြောင်းတီထွင်၊ အကြင်ပညာ့ရှင်သည်၊ ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့၊ပြုထားအပ်ဖူး၊မြတ်ကျေးဇူးကို၊ အထူးရှိသရွေ့၊သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်၊ကျေးဇူးရပ်ကို၊ တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည်လည်းကောင်း၊ ဟုတွာ-ဖြစ်၍၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ၊မိတ်ကောင်းရှိသည်၊ ဒဠှဘတ္တိ-ထိုမိတ်ကောင်းလဲ၊အသဲစွဲမျှ၊အမြဲမပြတ်၊ ဆည်းကပ်လေ့ရှိသည်၊ ဟောတိ-ဖြစ်၏။

ဒုက္ခိတဿ-မိမိမျက်မှောက်၊ဒုက္ခရောက် သဖြင့်၊ ပံ့ထောက်မဲ့ဟူ၊ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး၊ဆေးဝါးပေးလျက်၊ လုပ်ကျွေးသမှု၊ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ၊ သနားညှာလျက်၊များစွာပုံသေ၊ပြုစုတတ်ပေ၏။ တထာဝိဓံ- သို့ကလိုဂုဏ်အင်၊စုံလင်ပေသည့်၊ ပညာရှိအပေါင်း၊သူတော်ကောင်းကို၊ သပ္ပုရိသံ-မြင့်ထက်မြင့်သည့်၊အကျင့်အလွန်ကောင်း၊ သူတော်ကောင်းဟူ၍၊ ၀ဒန္တိ-ဘုရားစသား- ပုဂ္ဂိုလ်များက၊လေးစားကြည်ဖြူ၊ ချီးမွမ်းတော်မူကြလေသတည်း။

“ကိုယ့်ကိုကို စဉ်းစားရအောင်”

တထာဝိဓံ - သို့ကလိုဂုဏ်အင်၊စုံလင်ပေသည့်၊ ပညာရှိအပေါင်း။သူတော်ကောင်းကို၊ သပ္ပုရိသံ-ဘ၀နောက်နှောင်း၊ကောင်းထက် ကောင်းမည့်၊ လမ်းကြောင်းတီထွင်, သူတော်စင်ဟူ၍၊ ၀ဒန္တိ-ဘုရားစသား၊ပုဂ္ဂိုလ်များက၊လေးစားကြည်ဖြူ၊ ချီးမွမ်းတော်မူကြကုန်၏တဲ့။

“သပ္ပုရိသ”ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ - ယော ဓီရော-ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်၊အကြင်ပညာရှင်သည်- အားလုံး စိတ်တွေမှာလေ ကိုယ့်ကိုယ်ကို ပြန်သွင်းထားလိုက်၊ ဘုန်းကြီးက ဘုန်းကြီးကိုယ်ကို ပြန်ပြီးတော့ စိတ်ထားမယ်၊ ယခု အလှူရှင်ဖြစ်တဲ့ ဆရာဝန်တို့၊ ဆရာဝန်ကတော်တို့က သပ္ပုရိသ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံသလား၊မပြည့်စုံဘူးလား။ ပြည့်စုံရင် ဘယ်လောက် ပြည့်စုံတယ်ဆိုတာကို စဉ်းစားရအောင်။ကိုယ့်ကိုယ်ကို ကိုယ့်စိတ်က အာရုံပြုထားလိုက်။ကိုယ့်ရဲ့ ဘ၀တစ်သက်တာ လာခဲ့တဲ့ အကြောင်းအရာတွေ ပြန်ပြီးတော့ စဉ်းစားရင် “အင်း .. ဒီဂုဏ်နဲ့ ဒီအင်္ဂါနဲ့တော့ ငါပြည့်စုံတယ်၊ ပြည့်စုံတာမှ ဘယ်လောက် ပြည့်စုံတယ်။ သို့မဟုတ် ဒီအင်္ဂါတော့ ငါ ဘယ်လောက် လိုသေးတယ်” အဲဒါ စဉ်းစားရအောင်လေ။

“ဓာတ်ကိုယ်ကြီးက ဓာတ်ခံတွေပါလာ”

ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်၊ဘ၀နောက်နှောင်း၊ ကောင်းထက်ကောင်း ဖို့, လမ်းကြောင်းတီထွင်၊ အကြင်သူတော် စင်သည်၊-- “နဂိုမူလ, ဓာတ်ခံရသဖြင့်” လို့ ဒါလေး စဉ်းစားရမယ်။

ဘုန်းကြီးတို့တစ်တွေဟာ ဓာတ်တွေ စုပေါင်းနေတဲ့ ခန္ဓာကိုယ်၊ ဥပမာ-မျက်လုံးမှာ စက္ခုဓာတ်ရှိတယ်။ နားထဲမှာ သောတဓာတ် သောတပသာဒ ရှိတယ်။ နှာခေါင်းထဲမှာ ဃာနဓာတ် ဃာနပသာဒ ရှိတယ်။ အဲဒီလို စသည်ဖြင့် ဟဒယထဲမှာ မနောဝိညာဏဓာတ် စိတ်ဝိညာဉ်တွေ ရှိတယ်။ ဒီပြင် စိတ်ဝိညာဉ်မှ တစ်ပါး စေတသိက်ဆိုတဲ့ တရားတွေ တချို့သော ရုပ်တွေက ဓမ္မဓာတ်၊ အားလုံး ခန္ဓာကိုယ်ကြီးဟာ ဓာတ်ကောင်ကြီး။

“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်” လို့ ဆိုတော့ အဲဒီ ဓမ္မဓာတ်ထဲက ဘုန်းကြီးတို့ ဓာတ်ခံတွေ ဘ၀သံသရာမှာ ဓာတ်ကောင်ကြီး အဖြစ်နဲ့ လာခဲ့ရာက အဲဒီ ဓာတ်ခံပါလာတယ်။ မကောင်းတဲ့သူက မကောင်းတဲ့ ဓာတ်ခံပါလာ၊ ကောင်းတဲ့သူက ကောင်းတဲ့ဓာတ်ခံ ပါလာတယ်။ ဒါလေးကို ဘုန်းကြီးတို့ မယုံကြည်နိုင်ကြတဲ့ သူများအတွက် ထပ်ပြီးတော့ စဉ်းစားကြအုန်းစို့ရဲ့။

“ဓာတ်ခံပါလာတာ မယုံဘူးလား”

ကလေးတစ်ယောက် ဖွားမြင်လာတယ်ဆိုတော့ ဒီမိ ဒီဖ အတူတူပဲ။သွေးသားတွေဖြစ်ပြီးတော့ ပေါက်ဖွားလာတဲ့ သားသမီး စိတ်ချင်းတူရဲ့လား။ မတူပါဘူး၊ ကောင်းပြီ အရည်အချင်း၊ဉာဏ်ချင်း တူရဲ့လား။မတူဘူး။ကောင်းပြီ။ လုံ့လ၀ီရိယချင်း တူရဲ့လား၊မတူဘူး။ ထားစမ်း ဒီတစ်မိ တစ်ဖထဲ ဆိုပေမယ့် အချိန်ချင်းက အကြီးနဲ့ အငယ်နဲ့ အသက်နဲ့ ဆိုတာတွေ ကွဲလို့ မတူတာ ထင်ပါရဲ့ လို့ ဆိုတော့ အမွှာမွေး ယောက်ျားလေး နှစ်ယောက်၊မိန်းကလေး နှစ်ယောက် အမွှာမွေးတယ်။တူဖို့ ကောင်းတယ်။ မိသွေး ဖသွေး တစ်သွေးထဲ။တကတဲ ရှေ့ဆင့် နောက်ဆင့် မွေးလာတယ်။တူဖို့ ကောင်း၊ ရုပ်ချင်းကတော့ သွေးသားအကြောင်းတွေက အထောက် အပံ့ရတော့ ရုပ်ချင်းကတော့ အတော်တူတယ်၊ တစ်ခါတစ်ခါ ခွဲမရအောင် တူတယ်။ စိတ်ချင်း ဘယ့်နှယ်နေတုန်း။မတူလိုက်တာ။ ဉာဏ်ချင်း ဘယ့်နှယ်နေတုန်း။မတူလိုက်တာ။ လုံ့လ၀ီရိယချင်း ဘယ့်နှယ်နေတုန်း။ မတူလိုက်တာ၊ နောက်တော့ အကျိုးပေးချင်ကော။ အို မတူလိုက်တာ။နောက်ဆုံး ရောဂါဘယချင်းကော၊ အို မတူလိုက်တာ၊ သေတော့ကော မတူလိုက်တာ။ သြော် တစ် ယောက်နှင့် တစ်ယောက် မတူတာ ထောက်လို့ရှိရင် ဓာတ်ခံချင်း ကွဲလာပြီ။

“တစ်ကန့်စီ တစ်ကန့်စီ စဉ်းစား”

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရ သဖြင့်၊ ဘ၀နောက်နှောင်း, ကောင်း ထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်” စဉ်းစားရမယ်။ဘုန်းကြီးက မစဉ်းစားဘဲနဲ့ နမော်နမဲ့ ကြီးလာတဲ့သူတွေကို တယ်မကျေနပ်ဘူး။ စဉ်းစဉ်းစားစားနဲ့ဆိုတဲ့ စကားကို ပြောရအုံးမယ်။ ဒီဘုန်းကြီးတို့ဟာ တစ်ကန့်စီ တစ်ကန့်စီ စဉ်းစားတာဟာ အင်မတန် ကောင်းတယ်။

ဟိုဘက် ဘ၀က တစ်ကန့်၊ ယခုဘ၀က တစ်ကန့်။ နောက်လာမယ့် ဘ၀က တစ်ကန့်။အဲဒီတော့ တစ်ကန့် တစ်ကန့်မှာလေ အင်မတန် ကောင်းအောင် ကြိုးစားလိုက်လို့ရှိရင်ဖြင့် အို တစ်ခါထည်း တက်ပြီးတော့ ဘ၀ပေါင်းများစွာ သွားပြန်ရော။ ဒီတော့ ဘုန်းကြီးက ဒီဘ၀ကို တစ်ကန့်လို့ ယူထားတယ်။ဟိုလွန်ခဲ့တဲ့ ဘ၀ပေါင်းများစွာက တစ်ကန့်၊ အဲဒီ ဓာတ်ခံတွေက ယခု ပါလာတယ်။ ငါ့မှာ ပါလာတယ်၊ ယခု အလှူ့ဒကာမှာ ရဟန်းအမမှာ ပါလာတယ်။ဟိုဘက် ဘ၀က ဓာတ်တွေဟာ ဒီအကန့်ထဲ ပါလာ၊ဒီဘ၀ ဒီအကန့်ထဲ ပါလာ၊ ဒါလေးကို မြတ်စွာဘုရားက ဘယ်လိုများ အမိန့် ရှိတုန်း။--

ကုသလာကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်တဲ့၊ ကမ္မံ-ကမ္မ စေတနာသည်၊ ၀ိပါကာနံ-အကျိုးဝိပါက်တို့အား၊ ကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏ တဲ့။

“ကမ္မသတ္တိအရ ဓာတ်ခံပါလျက်ရှိ”

ဟိုဘ၀က ကုသိုလ်ပြုပြု၊အကုသိုလ်ပြုပြု အဲဒီ ကုသိုလ် အကုသိုလ်ကံက ဓာတ်ခံ အဖြစ်နဲ့ ခန္ဓာကိုယ်မှာ သတ္တိကျန်ရစ်တယ်။ ဘာသတ္တိလဲ ကမ္မပစ္စည်းသတ္တိ ကျန်ရစ်တယ်။ အဲဒီ ကမ္မပစ္စည်း သတ္တိက သင့်တော်တဲ့ အချိန်ကျရင် အကျိုးပေးပါရော။ ဒါကြောင့် အဲဒီ ဓာတ်ခံလေးဟာ ပြန်ပြီးတော့ စဉ်းစားရမယ်။ကိုယ့်ကိုယ်ကို ဒီအကန့်ကနေပြီးတော့ လွန်ခဲ့တဲ့ ဘ၀သံသရာကို မှန်းကြည့်လို့ ရှိရင် ငါ ဘယ်လို ဓာတ်ခံ ပါလာသလဲ။ ငါ ဒီဘ၀ အကျိုးပေးတဲ့ မျိုးရိုး ဘယ်လို ဓာတ်ခံကြောင့်၊ ဘယ်လို အမျိုးအရိုး လာပေးတယ်။ ငါ ဒီဘ၀မှာ ရုပ်အဆင်းက ဘယ်လိုကုသိုလ် ဓာတ်ခံကြောင့် ဘယ်လို ရုပ်အဆင်းမျိုး လာပေးတယ်။

ငါ ဒီဘ၀မှာ စည်းစိမ် ဥစ္စာက ဘယ်လိုဓာတ်ခံကြောင့် စည်းစိမ်ဥစ္စာ လာပေးတယ်၊ ဒါ လေးတွေ ဒီကံနဲ့ ကံရဲ့ အကျိုးပေးပုံတွေ ကြည့်ရင် ငါဘယ်လို ဓာတ်ခံ ပါလာတယ်။

ငါ့ စိတ်နေ စိတ်ထားဟာလေ ဘယ်လို သဘောရှိတယ်။ ကောင်းတယ်၊မကောင်းဘူး၊ ကိုယ့်ဟာကို အသိဆုံး။အဲဒီ သိတဲ့ဥစ္စာကောင်းလဲ ရှေးဘ၀က ဓာတ်ခံပဲ, မကောင်းလဲ ရှေးဘ၀က ဓာတ်ခံပဲ။အဲဒီ ဓာတ်ခံဟာ ဒီအကန့် ရောက်လာတယ်။ ဒီအကန့် ရောက်လာတော့ ဒီအကန့် နောင်လာမယ့် ဘ၀သံသရာ လှမ်းမျှော်လိုက်တဲ့ အခါကျတော့ “ဟာ ဒီဘ၀ဓာတ်တွေဟာ နောင်လာမယ့် ဘ၀သံသရာတွေမှာ ဆက်အုံးမှာပါလား။ နိဗ္ဗာန်မရမချင်း ဆက်အုံးမှာပါလား” ဟော ဒီလို သဘောပေါက်တော့ အို ဒီဘ၀မှာလေ သိပ်ကောင်းအောင် ကြိုးစားချင်လာတဲ့စိတ် ဖြစ်လာတယ်၊ အလွန် ကောင်းတယ်၊ အလွန် ကောင်းတယ်။ဒါ မစဉ်းစားလို့ မဖြစ်ဘူး။

ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ... ဒါက ဓာတ်ကောင်းရလာလို့ အသိဉာဏ်တွေ ဘာတွေက ရှိလာလို့၊မိကောင်း ဖကောင်းတွေက အဆုံးအမတွေ ပေးလာလို့၊ ဆရာသမားကောင်းတွေက ညွှန်ပြလို့, ဆုံးမလို့၊ ကိုယ်ကလဲ လိုက် နာလို့, နားထောင်လို့ အဲဒီ ဓာတ်ကောင်း ပါလာတာ။ ဓာတ်ကောင်း ပါလာတာ။

ဓာတ်ကောင်း ပါမလာတဲ့သူကို မိကောင်း ဖကောင်းက အဲဒီဓာတ်ကောင်းပါဖို့ ဆုံးမပေမယ့် နားမထောင်ပေါင်။ ဆရာကောင်း သမားကောင်းက ဆုံးမပေမယ့် နားမထောင်ပေါင်။ဒါ ဓာတ်ကောင်း ပါမလာလို့ သိပ်ကြောက်စရာကောင်းတာ ဒီ ဓာတ်က- ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ... ကိုင်း ဘုန်းကြီးတို့ ဓာတ်ကောင်း အထိုက်အလျောက် ရကြပြီပဲ၊ ရလို့ ဒီအခြေအနေ ရောက်နေကြပြီ။ ဒါ လွန်ခဲ့တဲ့ ဘ၀ အကန့်ကို ကြည့်ရင် အလွန် အားရစရာ ကောင်းတယ်။ “အို တို့ အဆင့် အတန်း မနိမ့်သော ဘ၀မှာ စိတ်နေ စိတ်ထား မညံ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ တို့ ရောက်နေတယ်၊ ဒီအကန့်မှာ ရောက်နေတယ်။ အတော် အားရစရာ ကောင်းပါလားလို့” ကိုယ့်ကိုယ်ကို အင်မတန် ကျေကျေနပ်နပ် ဖြစ်ပြီးတော့ လာမယ့်ဘ၀ကို မျှော်လိုက်ရတယ်။

“ယော ဓီရော-နဂိုမူလ၊ ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”- ငါ ဒီဘ၀ ဒီအကန့်က ကြိုးစားလို့ရှိရင် သေသေချာချာ ဒီထက် မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ။ ဒီထက် ဉာဏ်တွေ မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ လုံ့လ၀ီရိယတွေ ထက်သန်လာမယ်။ ဘာလုပ်ဖို့လဲ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက် ပြုဖို့၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့၊ နိဗ္ဗာနပစ္စယော - နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ဖို့။

“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်၊ ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”- ဒါလေး ရပ်ပြီးတော့ ဘုန်းကြီးတို့ တစ်တွေ အခု တရား နာလာတဲ့ ဒကာတို့တစ်တွေအားလုံး တပည့်ဒကာမတွေအားလုံး စဉ်းစားရမယ်။

“ဓာတ်မကျအောင် ရိုးဖြောင့်ရမယ်။”
“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်၊
“အို မလွယ်လိုက်တာ၊
“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်၊
ကတညူ-သူတစ်ပါးတို့၊ပြုထားအပ်ဖူး၊
မြတ်ကျေးဇူးကို၊အထူးရှိသရွေ့၊
သိလေ့ရှိသည်လည်းကောင်း”။

အားလုံး လုပ်ရမယ့် သူတော်ကောင်းလက္ခဏာတွေဟာ ရိုးရိုး သားသား။စိတ်ဖြောင်ဖြောင့် ပရိယာယ် မပါဘူး။ဟန် မဟုတ်ဘူး။ သူများ အထင်ကြီးအောင်၊ဂုဏ်ရှိအောင်၊ ချီးမွမ်းခံရအောင်၊နာမည်ကျော်အောင် ဒီလို မဟုတ်ဘူး။ ရိုးရိုးကလေး ကိုယ့်စိတ်ဓာတ်ကို ကိုယ်မြှင့်တင်နေတာ။ ကိုယ့်ဓာတ်ကို ကိုယ်ကောင်း သထက်ကောင်းအောင် မြှင့်တင်နေတာ။ ဒီဓာတ်ဟာ ဘယ်ထိ အောင် သွားရမှာတုန်းလို့ ဆိုတော့ မဂ်ဓာတ်၊ဖိုလ်ဓာတ်၊အရိယာဓာတ်၊ ရဟန္တာဓာတ်ထိအောင် သွားရမှာ။ ဓာတ်မြင့်သွားရအောင်။

“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ရိုးဖြောင့်သောအားဖြင့်” နည်းနည်းကလေး ကောက်ပေးလိုက်စမ်း။
အို ဓာတ်တွေကို လွဲလို့၊ တကတဲ ဓာတ်မတိုးတဲ့ အပြင် ဓာတ်မှားတွေ ဖြစ်ပြီး ဓာတ်ကျသွားမှာ။ မရိုးလို့ရှိရင် ဓာတ်ကျသွားမှာ။

ဘာ မရိုးသလဲ၊ အလုပ်တစ်ခု လုပ်လို့ရှိရင် ဂုဏ်လိုချင်တယ်၊ အဲဒါ မရိုးတာ။ ဂုဏ်လိုချင်တယ် ဆိုတဲ့ ဥစ္စာဟာ တရားကိုယ်က (လောဘ ပါလာတယ်၊) အဲဒီ ကတဲက ဓာတ်နည်းနည်း ညံ့သွားပြီ။ အဲ ဘုန်ကြီးက အခု တရား ဟောနေတယ်။

တရားဟောတဲ့ ဥစ္စာ အို အရှင်ဘုရား - ဘယ်လို ညာလို စသည်ဖြင့် နာမည် လိုချင်တယ် ဆိုရင် လောဘ ပါလာတယ်။ အဲဒီ လောဘဟာ ဓာတ်ကျသွားတယ်။အဲ ပရိယာယ် မာယာနဲ့ သူများ အထင်ကြီးအောင် ဟန်ပန်လေသံနဲ့ လုပ်နေ သရွေ့ ဓာတ်တွေကျပြီးတော့ “လောဘ” ဖြစ်တယ်။

ဒါ့ကြောင့်-“ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား၊ ရိုးဖြောင့်သောအားဖြင့်”-နည်းနည်းများ ဂုဏ်လိုချင်တယ်ဆိုလို့ရှိရင် “ဟဲ့ နင် ဂုဏ် မလိုချင်နဲ့။ကိုယ့်ဓာတ်ကို မြှင့်တင်ရမယ်။” နည်းနည်းလေးများ နာမည် ကြီးချင်တယ်ဆိုလို့ရှိရင် “အို နာမည် မလိုချင်နဲ့။ ကိုယ်က တကဲတဲ သူတစ်ပါးကို ကောင်းစားအောင် လုပ်နေတဲ့ ဥစ္စာပဲ။

ဘာပြုလို့ ဒီကြားထဲ နာမည်လိုချင်တဲ့ လောဘ ပါနေရသလဲ။မေတ္တာဓာတ်၊ကရုဏာဓာတ် ဖြောင့်ဖြောင့်ကြီး နေပါစေလား” ဟောဒီလို ကိုယ့် ဓာတ်ကလေး ကိုယ်လေချိန်ပြီးတော့ စိတ်ဓာတ် နာမ်ဓာတ် ကလေးကို ချိန်ပြီးတော့ ကြည့်ရမယ်။ သွားတဲ့ ၊လာတဲ့၊ စားတဲ့၊ သောက်တဲ့အခါမှာလဲ ပရိယာယ် မာယာ ဟန်တွေ ပါသလားလို့ ရုပ်ဓာတ်ကလေးကို ချိန်ကြည့်ရမယ်။ ကိုယ့်ကိုကို ချိန်ကြည့်နေကြ ဆိုတော့ သူများကိုလေ ချိန်ကြည့်ရတာ သိပ်လွယ်လွယ်ကူကူနဲ့ နားလည်တာပဲ။သိတာပဲ။

“ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ ရိုးဖြောင့်သော အားဖြင့်”-- ဖြောင့်ဖြောင့် ဘာဖြစ်ဖြစ် ရိုးရိုးဖြောင့်ဖြောင့်၊ အထက်လူကြီးက ငါ့ကို အထင်ကြီးအောင် ဒီလိုပါလားလို့ရှိရင်ကို တကတဲ လောဘကလေးကလေ ဓာတ်ကို နှိမ်ပြီးတော့ ဓာတ်ကို ဖျက်ဖျက်ပစ်တယ်။ တော်တော် မကျေနပ်စရာ ကောင်းတာ။ ဒီ မရိုးမဖြောင့်တဲ့ ဥစ္စာတွေဟာ မဖြောင့်ဘူးဆိုလို့ရှိရင် မှားပြီ။ လမ်းလွဲပြီ။လမ်းလွဲတယ် ဆိုကတဲက ဟို နိဗ္ဗာနဓာတ်ကို ရောက်ဖို့ရာကို အပုံကြီးခရီးတွေ ကွာသွားပြန်ပြီ။ဒါ့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် သွားမှ လမ်းဖြောင့် လို့ မဂ်ဓာတ်၊ဖိုလ်ဓာတ်၊နိဗ္ဗာနဓာတ်နဲ့ ကပ်သွားမယ်။

✦“ပထမ သူတော်ကောင်း ဂုဏ်အင်္ဂါ”✦

“ယောဓီရော-နဂိုမူလ၊ဓာတ်ခံရသဖြင့်၊ဘ၀နောက်နှောင်း၊ ကောင်းထက် ကောင်းဖို့၊လမ်းကြောင်းတီထွင်၊
အကြင်ပညာရှင်သည်၊ ဝေ-စင်စစ်ဧကန်၊အမှန်စိတ်ထား၊ ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့၊
ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို၊အထူးရှိသရွေ့၊ သိလေ့ရှိသည်လည်းကောင်း”။

ဟော.. အင်္ဂါတစ်ပါး၊သူတော်ကောင်း အင်္ဂါတစ်ပါး၊ သူ တစ်ပါးက ဘာပြုဖူးတယ်။

ဥပမာ - တို့ငယ်ငယ်တုန်းက မိဘများကလေ တို့ကို ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်။ ကြည့်စမ်း ငါတို့က ငါတို့ သားသမီးကို ဘယ်လို စောင့်ရှောက်တယ်။ဒီလို ဆိုရင် ငါတို့မိဘက ငါတို့ကို ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ်နော်။ တို့ ဘာမှ မသိခင် လူမမယ်ကလေးဘ၀တုန်းက တို့ အဖေ၊အမေများက ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ်နော်။တို့ကို တို့ဘိုး ဘွားများက တို့ကို ချစ်တယ်လို့ ဆိုတယ်နော်။ တို့ကို ဘယ်လို ချစ်ရှာလိမ့်မယ်နော်၊ ဘယ်လို ယုယရှာလိမ့်မယ်နော်။ အားလုံး လေ ပြန်ပြီးတော့ သိရ၊တို့ဆရာသမားတွေကလေ
တို့ကိုဘယ်လို ချီးမြှောက်လိုက်လို့, ဘယ်လို စောင့်ရှောက်လိုက်လို့ တို့ ဒီအခြေအနေ ရောက်လာတယ်နော် သိရတယ်။

ဟိုနားဒီနား သွားရင်း လာရင်း မိတ်ကောင်း၊ ဆွေကောင်းတွေ တွေ့ပြန်လဲ “သြော် သူကလေ တို့ကို စောင့်ရှောက်ရှာတယ်”  တကတဲ ကျေးဇူးကို သိလို့။

ဒါ သူတော်ကောင်းလက္ခဏာ၊သူတော်ကောင်း လက္ခဏာ။အဲဒီလို ကျေးဇူးမသိဘဲနဲ့ ပြောင်းပြန် ပြန်ကြည့်လိုက်စမ်း၊ အို အမေ အဖေ ကျေးဇူး မတင်နိုင်ပေါင်။ဆရာသမား အို ကျေးဇူး မတင်နိုင်ပေါင်။ဘာ့ကြောင့် ညာကြောင့်နဲ့ သူတို့က ကျေးဇူး မတင်စရာနဲ့ ဆိုရင် သူတော်ကောင်းဆိုတဲ့ အဖြစ်မျိုးက ပြောင်းပြန် ပြန်ပြီးတော့ သွားပြန်တယ်။

✦“ဒုတိယသူတော်ကောင်း ဂုဏ်အင်္ဂါ”✦

“ကတညူ - သူတစ်ပါးတို့၊ ပြုထားအပ်ဖူး၊မြတ်ကျေးဇူးကို၊ အထူး ရှိသရွေ့၊သိလေ့ရှိသည်လည်းကောင်း၊
ကတဝေဒီ-သူများပြုအပ်၊ကျေးဇူးရပ်ကို၊တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည် လည်းကောင်း။”

နှစ်ချက်နော်၊ ကျေးဇူးတော့ သိပါရဲ့။ ကျေးဇူးဆပ်မယ့်အချိန် ကျတော့ တွန့်တွန့်နေတယ်။ ဒါက ဓာတ်ညံ့လို့၊ဓာတ်ညံ့လို့။

ကိုယ့် ကိုယ်ကို ကိုယ့်စိတ်ကို သေသေချာချာ ကြည့်နော်။ ကျေးဇူးဆပ်ရမယ့် အချိန်ကျတော့ စိတ်က တွန့်တွန့်သွားတယ်။နှမြောသလိုလို ပျင်းသလိုလို အဲသလိုဖြစ်တော့ ကျေးဇူးဆပ်ရမယ့်အချိန် သူ့ ကျေးဇူးတောင်မှ ကျေးဇူး မဆပ်ချင်သလိုလို။ အလကားပါ၊ဘယ့်နှယ် ညာ့နှယ် ဟောဒီလို စိတ်ကလဲ ဖြစ်တယ်။နှုတ်ကလဲ ပြောမိတတ်တယ်။

ဆိုပါတော့ ..မိဘတွေ ကျေးဇူးကို ကိုယ်က ပြန်ပြီး ဆပ်ရမယ့်အချိန်မှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် စိတ်ပါ လက်ပါ မဟုတ်တတ်ဘဲနဲ့ “အို ဒီလောက်ဆို တော်ရောပေါ့။အိုဒီလိုဆို တော်ရောပေါ့”
အဲသလို စသည်အားဖြင့် ကျေးဇူးဆပ်တဲ့ နေရာမှာလေ တွန့်ပြီးတော့ နေပြီဆိုရင် သူတော်ကောင်းဓာတ်
နည်းနည်း ညံ့နေတာ၊ ဆရာသမားနဲ့ စပ်လာလို့ရှိရင် ဆရာ သမားကျေးဇူးတွေ ငါ့မှာ ရှိတယ်။

အဲဒီ ကျေးဇူးတွေ ငါဆပ်ရမယ် ဆိုရင် ပြန်တွန့်နေတယ်။ ဆရာ့အလို တယ်မလိုက်ချင်ဘူး။ ဆရာ့ကို ပြန်ပြီးတော့ ရိုသေလေးမြတ်စွာနဲ့ ကျိုးကျိုးနွံနွံ တယ်ပြီး မနေချင်ဘူး။ဒါတွေလေ ကတဝေဒီဆိုတဲ့ ဂုဏ်အင်္ဂါ နည်းနည်းလေး ညံ့ပြီး ဓာတ်ရော့သွားတာ။

✦“အလောင်းတော် ခြင်္သေ့မင်း”✦

“ကတဝေဒီ-သူများပြုအပ်၊ကျေးဇူးရပ်ကို၊တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည်လည်းကောင်း။”
-ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားအလောင်းဟာ ခြင်္သေ့မင်း ဖြစ်တယ်။တစ်ခါတော့ တောင်ပေါ်က နေပြီး တစ်ဟုန်ထိုး ခုန်ပြီး ဖမ်းလိုက်တာ အကောင်ကို မဖမ်းမိဘဲနဲ့ ညွှန်ဗွက်ထဲ ကျနစ်ပါရောလား။ ပြန်ပြီးတော့ ထဖို့ရာ ထောက်စရာ၊ကန်စရာ ဘာမှ မရှိတော့ အားကလဲပဲ ဘယ်လောက် ကြိုးစားကြိုးစား ထောက်စရာ မရှိတော့၊ သူခုန်ပြီးတော့ ရုန်းမထွက်နိုင်ဘူး။ ရွှံ့ညွန်ထဲမှာ၊ အဲဒီအခါမှာ မြေခွေး တစ်ကောင်ဟာ မလှမ်းမကမ်း ရောက်လာတော့ ခြေင်္သေ့က လှမ်းခေါ်တယ်။

“အသင်မြေခွေး လာပါ၊လာစမ်းပါ” ဆိုတော့ မြေခွေးက လာရှာတယ်။လာလို့ အနားရောက်တော့ “ငါ့ကို ဗိုက်အောက်ကနေပြီး မ-ပေးပါ, မ-ပေးလို့ ရှိရင် ငါ့အားနဲ့ ငါ ကြိုးစားပြီးတော့ ရုန်းပါ့မယ်” ဆိုတော့ မြေခွေးက ကြောက်တယ်တဲ့။

“အရှင်သခင်ကို ကျွန်တော် မ-ပေးရမှာဆိုတော့”  “ကိစ္စမရှိပါဘူး, ငါ ကျေးဇူး သိတတ်ပါတယ်” ဆိုတော့ မြေခွေးက နည်းနည်းရဲလာပြီးတော့ အနားကပ်ပြီး ဟို ရွှံ့ကလေးတွေကို ယက်၊ အဲ ယက်ပြီးတော့ အနားကပ်ပြီး သူ့ခေါင်းက ဗိုက်အောက် ၀င်လောက်တဲ့အချိန်မှာ “ကြိုးစားလိုက်စမ်း သခင်” လို့ ဆိုပြီး အားပေးလိုက်တာ၊ ဟိုကလဲ လွှတ်ရုန်းလိုက်တာ တစ်ခါထဲ လွတ်ထွက်လာခဲ့ရော။

ဟာ ၀မ်းမြောက်ဝမ်းသာဖြစ်၊ ခြင်္သေ့ကလဲ ၀မ်းမြောက်ဝမ်းသာဖြစ်တယ်။ “အသင်မြေခွေး အသာ ဒီနား နေရစ်အုံး ဆိုပြီးတော့ သူက တစ်ခါထဲ ဟို သမင်တို့ ၊ဘာတို့ လိုက်ရှာဖမ်းပြီး ယူလာတယ်။

“စား မိတ်ဆွေ စား”။ မြေခွေးက နည်းနည်းလေးတော့ ရွံ့တွန့်တွန့်၊ “စား-စား” အမယ်လေး ကျေးဇူးတင်လိုက်တာ၊ ကျေးဇူး သိတတ်လိုက်တာ “စား-စား။” နောက်တော့ “လာ လိုက်ခဲ့၊ငါတို့နေတဲ့ ဂူထဲလိုက်ခဲ့”
ဆိုပြီးတော့ ခေါ်သွား။သူလဲ စားတယ်။ သူလဲ အားတွေဘာတွေ ရှိ၊ ခေါ်သွားပြီးတော့ “သင့်ရဲ့ကလေး တွေနဲ့ သင့်ရဲ့ မယားခေါ်ခဲ့။

တို့နဲ့ အတူတူနေရအောင်” ဟာ ဒီတော့ ရဲလို့ အတူတူနေ။ဟို တောကောင်တွေ၊ ဘာတွေ ဖမ်းမိပြီ ဆိုမှဖြင့်
“ဟာ စားကြ၊ မြေခွေးရဲ့ သား၊မယားပါ စားကြ” ပြီးတော့ သူ့ရဲ့ ကလေးတွေပါ၊ခြင်္သေ့ပါ၊ ခြင်္သေ့မပါ စားကြ။ဒီလိုနဲ့ အရေး ပါလိုက်တာ။ အရေးပါတော့ ခြင်္သေ့မက ကြာတော့ တယ်မကျေနပ်ချင်ဘူး။

ဘယ့်နှယ် ငါ့ ခြင်္သေ့ဟာ အရေးပါလွန်းတယ်။ ဘာလဲ ညာလဲနဲ့ စိတ်ထဲ မကျေမနပ်နဲ့ တောင်တွေး၊ မြောက်တွေး တွေးရာက ခြင်္သေ့တို့၊မြေခွေးတို့ အစာရှာသွားကြပြီဆို အတူတူ သွားကြ။ သွားကြပြီဆိုရင် သူက ခြင်္သေ့ကလေးတွေကို ပြောတယ်၊ “ဟဲ့ ဟိုမြေခွေး ကလေးတွေကို နင်တို့ တယ် အဖက်မလုပ်နဲ့။နည်းနည်းပါးပါး နှိပ်စက်” လို့ အမေက မြှောက်ပေးတယ်။

ခြင်္သေ့ကလေးတွေက မြေခွေးနဲ့ အရင်က တော်တော်ချစ်တာ။အမေက မြှောက်ပေးတာနဲ့ နည်းနည်းကလေး သူတို့က ကျယ်လာတယ်။ အဲ မြေခွေးမကိုလဲ သူတို့ နည်းနည်း စော်ကားမော်ကား လုပ်လာ ကြတယ်။

ဒီတော့ ပြန်လာတဲ့ အခါကျတော့ သူတို့ တိုင်ကြတယ်ကိုး။“ကျုပ်တို့ကို ဒီလိုပဲ နှိပ်စက်တယ် မနေချင်တော့ဘူး။တခြားသွားကြစို့ရဲ့” ဆိုတော့ မြေခွေးက ခြင်္သေ့ကို ပြောတယ်။

“သခင်... ကြာတော့ မုန်းလာတတ်တယ်။ ဒီလို ဒီလိုပဲ ကျုပ်တို့ အစာရှာ ထွက်တဲ့အခါကျတော့ ခြင်္သေ့မနဲ့ ကလေးတွေက ကျုပ်ကလေးတွေနဲ့ ကျုပ်ရဲ့ မိန်းမကို နှိပ်စက်သတဲ့” ဆိုတော့ ခြင်္သေ့ကလေ ခြင်္သေ့မကို ပြောတယ်။

“ရှင်မ ဟို ဘယ်လောက်အချိန်တုန်းက ငါ ဘယ်နှစ်ရက်လောက် ပြန်မလာတာ မင်း မှတ်မိသေးသလား။”

“မှတ်မိတယ်” အဲဒီတုန်းကလေ ငါ ရွှံ့ညွန်ထဲ ကျွံနေတော့ ဟောဒီ မြေခွေးက ငါ့ကို ဗိုက်အောက် ကနေပြီးတော့ မ-ထုတ်လို့ ငါ အသက်ဘေး  ချမ်းသာရာ ရလာတယ်ကွယ်။ကျေးဇူးရှင်တွေကို မင်း မနှိပ်စက်ပါနဲ့” လို့ အဲဒီလို ပြောတော့မှ ခြင်္သေ့မလဲ သဘော ပေါက်ပြီးတော့ ချစ်ချစ်ခင်ခင် ပြန်ပြီးတော့ နေကြတယ်။သားစဉ် မြေးဆက် ခုနစ်ဆက်လုံးလုံး အချစ်မပျက်ကြဘူးတဲ့။

“ယော ဓီရော-နဂိုမူလ၊ဓာတ်ခံရသဖြင့်၊ ဘ၀နောက်နှောင်း၊ကောင်းထက်ကောင်းဖို့။
လမ်းကြောင်းတီထွင်၊အကြင်ပညာရှင်သည်။

“ဓာတ်ခံကောင်းတာမှ တန်ဖိုးရှိ” ကြည့်စမ်း - အလောင်းတော် ခြင်္သေ့မင်းဟာ ဓာတ်ခံရလာလို့ ကျေးဇူးသိ တတ်လိုက်တာ။ သိတာမှ အို တစ်ခါ ထဲ တကတဲ အစာတွေ ကျွေးးမွေးလိုက်၊ ဒီလိုတင် မဟုတ်ဘူး။
ဟို အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နေ။ နောက် သားစဉ်မြေးဆက် ချစ်ချစ်ခင်ခင် နေရစ်ဖို့ရန် ပြောပြ။အဲဒီလို ဓာတ်ခံကောင်းတာတွေ ဘုန်းကြီးက အားရတာ, အားရတာ။ဒီဓာတ်ခံက မပျက်ဘူး။ ဒီကောင်းတဲ့ ဓာတ်ခံက မပျက်ဘူး။ ခဏပန်းကလေး ပစ္စည်းဥစ္စာ ပေါလို့။ ခဏပန်းကလေး အမျိုးအဆွေ တင့်တယ်လို့။ ခဏပန်း ကလေး ရုပ်အဆင်းလှလို့ ဒါ အသုံးမကျပါဘူး။

မကြာခင် ဒီဘ၀ကလေး ကျော်လွန်ပြီး ဟိုတစ်ကန့် ရောက်သွားကြတာပဲ။ဒါဟာ ဘာမှ အားမကိုးလောက်ဘူး။ ဘာမှလဲ အထင်မကြီးလောက်ဘူး။ ဘာမှလဲ ဒီလိုပုဂ္ဂိုလ်မျိုးကို ကိုယ်က အရေးကြီးတယ် လို့ မယူလောက်ဘူး။အမှန်ကတော့ အဲဒီ ဓာတ်ခံကလေး ဘုန်းကြီးက သဘောကျတယ်ကိုး။ ။

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်”- အဲဒီဓာတ်ခံက ဘ၀ထဲ ပျောက်ပျောက် မသွားတာ ဘုန်းကြီးက ကြိုက်လွန်းလို့ ကြည့်စမ်းလေ။

ဘုရားရှင်ကိုယ်တော်မြတ်က “သဗ္ဗညုတဉာဏ် ရပါလို၏”  လို့ ဆုတောင်းလာတာ ဓာတ်ခံမပျက်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တဲ့အခါကျတော့ ဘုရားဖြစ်လာတယ်။

အရှင်သာရိပုတ္တရာက “ဉာဏ်ပညာ ကြီးရပါလို့ရဲ့”လို့ ဆုတောင်းပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလာ၊
ဘ၀တိုင်း ဉာဏ်ပညာကြီးချင်တယ်၊ ကြီးချင်တယ်ဆိုတဲ့ ဓာတ်ခံပါလာ။ ဒီတော့ အရှင်သာရိပုတ္တရာက တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တော့ ဟော ဧတဒဂ်ရ ပညာရှင်ကြီးဖြစ်ပြီးတော့ လာခဲ့ရ။ ဘုန်းကြီးက ဒါပဲ သဘောကျတယ်။

ခဏပန်း ပစ္စည်းဥစ္စာပေါတာလဲ တော်ပါတယ်လေ။ ဒါက ခဏ ပန်း ပေါသလား ဘာလားတော့  မသိဘူးပေါ့။ခဏပန်း အမျိုးအဆွေမြတ်တာလဲ ဒါလဲ တစ်ကန့်ပဲ၊ ဘာကြာတာ လိုက်လို့။ ခဏပန်း ရုပ်အဆင်းလှတာလဲ အို ဒါလဲ တစ်ကန့်ပဲ။ဘာကြာတာ လိုက်လို့။

အမှန်တန်ဖိုးရှိတာက သူ့ရဲ့ဓာတ်ခံကလေး ကောင်းနေတာလေးပဲ။ အဲဒါဟာဖြင့် တစ်ဘ၀လဲ မက၊ နှစ်ဘ၀လဲ မက၊ပရိနိဗ္ဗာန်စံတဲ့ ဘ၀တိုင်အောင် ဒီဓာတ်ခံကောင်းကလေးက လိုက်သွားမှာ ဖြစ်တော့
အဲဒါ ဘုန်းကြီးက တယ်ကျေနပ်တယ်။ တယ် ၀မ်းသာအားရဖြစ်တယ်။ ဒီသူ့အပေါ်မှာတော့ တယ်သဘောကျတယ်။ အဲဒီ ဓာတ်ခံကောင်းတယ်၊မကောင်းဘူး၊ ဘ၀သံသရာ လိုက်မယ် မလိုက်ဘူးဆိုတဲ့ ဒီအင်္ဂါတွေ
လျှောက်ကြည့်ပါ။

သူများ ကျေးဇူးကို သိတတ်သလား။ သူများကျေးဇူးကို ဆပ်ရမယ့် အချိန်ကျတော့  ရှောရှောရှူရှူ ဆပ်ရဲ့လား။အဲဒါတွေ ကြည့်ပါ။

“တတိယသူတော်ကောင်း ဂုဏ်အင်္ဂါ”

“ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး၊မြတ်ကျေးဇူးကို၊ အထူးရှိသရွေ့၊သိလေ့ရှိသည်လည်းကောင်း၊
ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို၊ တတ်သရွေ့ မှတ်သရွေ့၊ဆပ်လေ့ရှိသည်လည်းကောင်း၊
ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ဆရာကောင်းနှင့်၊ ဖော်ပေါင်းအတိ၊မိတ်ကောင်းရှိသည်လည်းကောင်း၊”

လောက ပေါင်းသင်းဆက်ဆံကြပေမယ်လို့ ဓာတ်တူချင်းမှသာ ပေါင်းလို့ ကောင်းတာ။ လူကောင်း လူကောင်းချင်း ပေါင်းလို့ တယ်ကောင်း။ လူမကောင်း၊ လူ မကောင်းချင်း ပေါင်းပြန်တော့လဲ တစ်ခါတစ်ခါ တယ်ကောင်းတယ်။

တစ်ခါတစ်ခါတော့ မကောင်းသည်အားလျော်စွာ တယ်ကြောက်စရာ ကောင်း၊ လူကောင်း လူကောင်းချင်း
သူတော်ကောင်း သူတော်ကောင်းချင်း၊ “သူတော်ချင်းချင်း, သတင်းလွေ့ လွေ့”  ဆိုတာလို၊ တယ်ပေါင်းလို့ သင်းလို့ ပြောလို့ ဆိုလို့ ကောင်း တယ်။

“ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ ဆရာကောင်းနှင့်”-ဒါ ကံကောင်းမှ ရတာ။ ဓာတ်ခံကောင်းတဲ့သူတွေ ကံကောင်းလာတဲ့  လူတွေမှ အမေကောင်း အဖေကောင်းနှင့် တွေ့တာ။ ဓာတ်ခံကောင်းလာတဲ့၊ကံကောင်းလာတဲ့သူမှ ဆရာကောင်းနဲ့ တွေ့တာ၊သမားကောင်းနဲ့ တွေ့တာ။

“ကလျာဏမိတ္တော-မိကောင်းဖကောင်း၊ဆရာကောင်းနှင့်၊ ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည် လည်းကောင်း။”

အပေါင်းကလဲ တယ်ကောင်း၊ နို့တကတဲ ကြည့်ရှုမယ့်သူနဲ့ မ, စမယ့်သူနဲ့ လမ်းကောင်းညွှန်ပြမယ့်သူနဲ့
အားပေးမယ့်သူနဲ့ တယ်ကောင်း၊ ဆရာသမားတွေ ကြည့်လိုက်တော့လဲ ပညာသင်ချိန် ပညာသင်ပေးတဲ့
ဆရာက ကောင်း။

အမိအဖတွေ ကြည့်လိုက်တော့လဲ အမိအဖတွေက သိက္ခာရှိရှိနဲ့၊အမိအဖတွေက အားကိုးစရာ
ကောင်းလိုက်တာ။
ပစ္စည်းဥစ္စာနဲ့၊သိက္ခာနဲ့၊ ပြောဆိုဆုံးမလို့။
အဲဒါကိုက ရှေးကံ ကောင်းမှ, ဓာတ်ခံကောင်းမှ
အကောင်းတွေ့တာ။
ဒါ့ကြောင့် ဆွေကောင်း မျိုးကောင်းတွေ တွေ့ကြလို့ရှိရင်
ဝမ်းသာစရာ။“သြော် ငါ့ဘ၀ ဟိုဘက်အကန့်တွေက
ငါ မညံ့ခဲ့လို့ ဒီအကန့်မှာ မိကောင်း ဖကောင်းနဲ့
တွေ့ရတယ်။ဆရာကောင်း သမားကောင်းနဲ့ တွေ့ရတယ်။
ဝမ်းသာစရာ၊ ဟိုဘက် အကန့်တွေက ငါ မညံ့ခဲ့လို့
ဒီအကန့် ဆရာကောင်း သမားကောင်းနဲ့ တွေ့ရ၊
သူတော်ကောင်း အပေါင်းအဖော်တွေနဲ့
တွေ့ပြန်လဲ ၀မ်းသာစရာ”။

“ကလျာဏမိတ္တော-မိကောင်းဖကောင်း၊
ဆရာကောင်းနှင့်၊ဖော်ပေါင်းအတိ၊မိတ်ကောင်းရှိသည်
လည်းကောင်း”-ဒါ ဂုဏ်အင်္ဂါ တစ်ခု၊ဓာတ်ခံကောင်းတဲ့
သူတော်ကောင်းရဲ့ လက္ခဏာတစ်ခု။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“စတုတ္ထသူတော်ကောင်း ဂုဏ်အင်္ဂါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဒဠှဘတ္တိ- ထိုမိတ်ကောင်းလည်း၊အသည်းစွဲမျှ၊
အမြဲမပြတ်, ဆည်းကပ်လေ့ ရှိသည်လည်းကောင်း”-
မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ပါရဲ့။
ပေါ့ပေါ့ဆဆ၊ဒီလိုဆိုရင် ဒီဂုဏ်အင်္ဂါ ညံ့တာပဲ။
ဆရာကောင်း၊မိကောင်းဖကောင်းနဲ့ တွေ့ပါရဲ့။
ပေါ့ပေါ့ဆဆ၊ဘာမှ မိကောင်းဖကောင်းမှန်း မသိဘူး။
ဘာမှ အဖော်အပေါင်းကောင်းမှန်း မသိဘူး။
အဲဒီလို မသိတော့ သူ ခွာပြီးတော့ တော်တဲ့နေရာ
သွား, တော်သလိုနေ၊ပြောတာ နားမထောင်။
အဲဒီလို ဆိုလို့ရှိရင်လဲ သူဟာ သူတော်ကောင်း
လက္ခဏာ ပျက်တယ်။

သူတော်ကောင်းဆိုတဲ့ ဥစ္စာ မိကောင်းဖကောင်း၊
ဆရာကောင်း သမားကောင်း မိတ်ကောင်း၊
ဆွေကောင်းတွေကို ခိုင်ခိုင် မြဲမြဲ မကွဲမကွာ
ဆက်ဆံရတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပဉ္စမသူတော်ကောင်း ဂုဏ်အင်္ဂါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ ဒဠှဘတ္တိ - ထိုမိတ်ကောင်းလဲ၊အသည်းစွဲမျှ၊
အမြဲမပြတ်၊ ဆည်းကပ်လေ့ရှိသည်။
ဟုတွာ-ဖြစ်၍၊ ဒုက္ခိတဿ -မိမိမျက်မှောက်၊
ဒုက္ခရောက်သဖြင့်၊ပံ့ထောက်မဲ့မူ၊ဆင်းရဲသူ၏၊”-

ကိုယ့်မျက်စိအောက်၊ဒုက္ခရောက်နေ၊ဘယ်လိုလုပ်မလဲ။
“ကိစ္စံ-စားသောက်နေရေး၊ဆေးဝါးပေး၍၊လုပ်ကျွေးသမှု၊
ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ၊
သနားညှာ၍၊များစွာပုံသေ၊ပြုတတ်ပေ၏။”-

ဒါက အရေးကြီး၊ ဒါလေးက ဓာတ်ခံကောင်းတယ်၊
မကောင်းတယ်ဆိုတဲ့ ဥစ္စာ အရေးကြီးတယ်။
ဓာတ်ခံ ဘယ်လောက် ကောင်းတယ်၊
မကောင်းတယ်ဆိုတာလဲ အရေးကြီးတယ်။
“ဒုက္ခိတဿ-မိမိမျက်မှောက်၊ဒုက္ခရောက်သဖြင့်၊
ပံ့ထောက်မဲ့မူ၊ဆင်းရဲသူ၏”တဲ့။

ကိုယ့်မျက်စိအောက် ဒုက္ခရောက်နေရင် ချက်ချင်းကူ၊
ချက်ချင်း ပြုစု၊ချက်ချင်း ကူညီပါ။ဒီတော့
ဒီကိစ္စလေးဟာလေ တယ်ပြီးတော့ ကျယ်ဝန်းတယ်။
ဥပမာ-ခရီးသွားတယ်၊ တစ်ယောက် ဒုက္ခရောက်နေ၊
ကိုယ်က ချမ်းချမ်းသာသာ သွားဆိုပါတော့။
လှည်းပေါ့နဲ့ တောရွာမှာ သွား။တစ်ယောက်က
လှည်း မရှိဘူး။ခြေလျင် သွားတယ်။
လှည်းကလဲ နွားများလဲ နည်းနည်း ပေါ့ပါသေးရဲ့။
နွားဘက်လဲ ကြည့်လိုက်ရမယ်။
ဟို ခြေလျင်သွားတဲ့ လူလဲ ကြည့်လိုက်ရမယ်။
သူ့တင်တဲ့အတွက် နွားတွေ မနည်းရုန်း
နေရမှာဖြင့်လဲ နွားတွေ မသနားရာကျမယ်။
တစ်ခါ နွားက ပေါပေါ့ပါးပါး ရှိရက်သားနဲ့
သူ့ကို “လာပါ လာပါဗျာ၊ လှည်းပေါ်မှာ”
ဒီလို မခေါ်ပြန်လို့ရှိရင်လဲ သူ့ကို မစောင့်ရှောက်ရာ
ကျမယ်။တစ်ခါ ဘုမသိ ဘမသိနဲ့ ဒီလူ့ ခေါ်မိလို့မို့
တကတဲ လှည်းပေါ်ကျမှ ဓားပြတိုက် သွားရင်လဲပဲ
အခက်။ဒီလို စဉ်းစားစရာက ရှိတယ်။

“ဒုက္ခိတဿ-မိမိမျက်မှောက်၊ဒုက္ခရောက်သဖြင့်၊
ပံ့ထောက် မဲ့မူ၊ဆင်းရဲသူ၏။”-
ဒီတော့ တယ် နယ်ကျယ်တယ်။မီးရထားပေါ်မှာ
အများစီးတဲ့ တွဲပေါ်မှာ စီး၊ ကိုယ်က နေရာလေး
ကောင်းကောင်းရ။ကိုယ့် နေရာလေး နည်းနည်းလေးများ
ကျယ်နေတဲ့အခါ နည်းနည်းလေး ကျုံ့ မပေးချင်ဘူး။
ဒါ သူတော်ကောင်းလက္ခဏာ သိပ်ပျက်တာပဲ။
ဟာ ကိုယ့်နေရာလေး နည်းနည်းလေး ရှိပါသေးရဲ့။
ဟိုလူတွေ သိပ်ကြပ်၊ “နည်းနည်း ဒီတိုးပါဗျာ၊
ဒီလာတာပေါ့ဗျာ၊ ဟော ဒီနား နည်းနည်းလေးတော့
ရပါသေးရဲ့”။ဟော ဒီလိုဆိုတော့
သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။

တစ်ခါ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်အိမ် အနီးအပါးမှာ
ဘယ်သူဖြင့် သိပ်ဆင်းရဲတယ်။အဖိုးကြီး အဖွားကြီး
ဖြစ်နေတယ်၊ ဆင်းရဲတယ်။
ကိုယ်ကလဲ နည်းနည်း ပေးနိုင်ကမ်းနိုင်တယ်။
ဟော နည်းနည်းပါးပါး ပေးကမ်းလို့၊ထောက်ပံ့လို့၊
ဒီလိုဆိုတော့ သူ တော်ကောင်းလက္ခဏာ ရှိပြန်ရော။
ကိုယ့်က ပေးနိုင်ကမ်းနိုင်တော့ အရှိသားပဲ။
ဘာမှ ပေးခြင်းကမ်းခြင်း မရှိဘူးဆိုတော့ ဟော
သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော။
မရှိဆင်းရဲတဲ့ သူကပါလာ၊ အဲ သူမကျန်းမမာ
ရောဂါတွေ ဖြစ်နေ။ကိုယ့်ဆေးဝါးလဲ အရှိသားနဲ့၊
တတ်လဲတတ်နိုင်သားနဲ့ အဲဒါ မကုဘူးဆိုပြန်ရင်
သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော။

တစ်ခါ မရှိဆင်းရဲတဲ့ သူတဲ့၊ဆေးဝါး သူ့ခမျာ
မစားရလို့တဲ့၊အို ဒီလိုဆိုရင် ကိုယ့် ဆေးဝါး ရှိသားပဲ
ဆိုပြီးတော့ ပြုစုလို့၊ဆေးဝါးပေးလို့၊ဟောသလို ဆိုတော့
သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။

-【မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ】

-【အရှင်သုဝီရ @ U Thu Mukha - မဟာဂန္ဓာရုံ】


Friday 19 August 2016

ဝေဒနာ ပယ်သတ်နည်း


" ဝိပဿ     နာ" စတင်အားထုတ်နေကြသော သူတော်ကောင်း ဓမ္မမိတ်ဆွေများ အတွက်ရော၊ အခုမှစပြီး စတင် တရားအားထုတ်ကြမည့် ဓမ္မမိတ်ဆွေများ အတွက် ရည်စူးပြီး "ဝေဒနာ"ကို ဘယ်လို "ပယ်သတ်"မလဲ ဆိုတာ မရေးခင်၊ "ဝေဒနာ"ဆိုတဲ့ စကားလုံးကို သိဖို့ လိုအပ်ပါတယ်။တစ်ချို့ လည်း နားလည်သဘောပေါက်ပြီးသား ဖြစ်ကြမှာပါ။

ပုထုဇဉ်တွေ အနေနဲ့  အများစု က "နာကျင် ကိုက်ခဲ" မှ "ဝေဒနာ" ဆိုပြီး မှတ်ယူနေကြတဲ့ လူတွေ များပါတယ်။ အဲဒီအတွက်ကြောင့် ဝေဒနာ အကြောင်းကို အကြမ်းဖျင်းရှင်းပြပါရစေ...
ဝေဒနာက (၃)မျိုးရှိပါတယ်။

(၁) ခံသာ တဲ့ဝေဒနာကို "သုခဝေဒနာ"လို့ခေါ်တယ်။
(၂) မခံသာတဲ့ဝေဒနာကို "ဒုက္ခဝေဒနာ"လို့ခေါ်တယ်။
(၃) ခံသာတာလဲမဟုတ်၊မခံသာတာလဲမဟုတ်တဲ့ ဝေဒနာ ကို "ဥပေက္ခာဝေဒနာ"လို့ ခေါ်ပါတယ်။

အဲဒီဝေဒနာ ( ၃ )မျိုးထဲက.. "ဒုက္ခဝေဒနာ" အကြောင်းဘဲ လောလောဆယ် ပြောပါရစေ။
ဘာလို့ လဲဆိုတော့..
တရားအားထုတ်ကြသူတိုင်း ကြုံတွေ့ ကြရတာ၊နာကျင် ကိုက်ခဲ တဲ့" ဝေဒနာ" ပါ။ ဓမ္မမိတ်ဆွေများဟာ "ဝေဒနာ" လို့ ပြောလိုက်တာနဲ့ အဲဒီ "ဒုက္ခဝေဒနာ" ကြီး ကို ပြေးပြေးမြင်နေကြပါတယ်၊ တရားအားထုတ်တဲ့ အခါ အဲဒီဝေဒနာ ပေါ်လာမှာ ကို စိုးရိမ်ကြတယ်၊ ခန္ဓာရှိသ၍.. "ဝေဒနာ" ကပေါ်တာ ဓမ္မတာတရားပါ။ မိမိတို့ ကိုးကွယ်နေတဲ့ မြတ်စွာဘုရားကိုယ်တော် တောင် ပျောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ပျောက်အောင် လုပ်ပေးနိုင်တာ.. မြတ်စွာဘုရားရှင်ကိုယ်တိုင် ရှာတွေ့ ထားတဲ့ မှန်ကန်တဲ့ "ဗုဒ္ဓတရားတော်"တွေ ကသာ အဲဒီ " ဝေဒနာ " ကို ကုစား ပေးနိုင်တာပါ။

"ဝေဒနာ လာသေးလား " " ဝေဒနာချုပ်သွားပြီလား" "ဝေဒနာ" "ဝေဒနာ"ဆိုတဲ့ စကားကို တရားအားထုတ်ဖူးသူတိုင်း တရားစခန်းတိုင်းမှာ ဘဲ ဖြစ်ဖြစ် အချင်းချင်း တရားဆွေးနွေး၍ သော်လည်ကောင်း၊ တရားနာကြားစဉ် ၌ သော်လည်ကောင်း အမြဲကြားရတဲ့ စကားလုံးဖြစ်နေပါတယ်.. နာကျင်တာကို ဘဲ "ဝေဒနာ" လို သတ်မှတ်ကြတာကိုလည်း အပြစ်လို့ မပြောလိုပါဘူး၊ နာကျင်တာက ထင်ရှားနေတာကိုး...။

ဒါကြောင့်မို့ တရားအားထုတ်တဲ့ အချိန်တိုင်း ဓမ္မမိတ်ဆွေ တို့  အများအားဖြင့် ကြုံတွေ့ ရတဲ့ အဲဒီ နာကျင် ကိုက်ခဲမှု"ဒုက္ခ ဝေဒနာ"ကို ဘယ်လို ရှုပြီးပယ်သတ် တယ် ဆိုတာ၊ ဖတ်ရှုထားသမျှအား ...ဓမ္မဒါနပြုလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ...
"ရောဂါ နှင့် ဝေဒနာ"ကို တော့ ကွဲအောင် ကြည့်ရပါမယ်။ ကိုယ်ထဲမှာ "နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ" အဲဒါက "ရောဂါ" ပါ။ အဲဒီ ကိုယ့် အနာရောဂါ ကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာ ကတော့ "ဝေဒနာ(ခံစားချက်)" ဖြစ်ပါတယ်။

အဲဒီဖောက်ပြန်တဲ့ ရောဂါကိုဘဲ.."နာလှချည်" ရဲ့ ဆိုပြီး သွားကြည့်နေရင် သိပ်အခံရ ခက်ပါတယ်။
"စိတ် "ထဲ မှာ ရှိနေတဲ့ အဲဒီ "မခံသာတဲ့" ဝေဒနာ(ခံစားချက်)ကို ကြည့်ပေးပါ။

"မခံသာတဲ့ ဝေဒနာ"က သပ်သပ်။
"ရောဂါ"က သပ်သပ်...ဆိုတာ မြင်လာပါလိမ့်မယ်။
အဲဒီ မခံသာတဲ့စိတ် ကို ရှုကြည့်နေလိုက် ရင် တော့ "ကိုယ်မှာနာနေတာ" ဟာ မဆိုင်တော့ဘူး.. ဆိုတာ မြင်လာမှာပါ။

ဥပမာ...
သူများဖြစ်တာလေး ကို ကြည့်နေရသလို၊ ဆရာဝန်က လူမမာ ကို ကြည့်နေရသလိုပါဘဲ... ကိုယ် ပါ ရောပြီး မနာတော့ပါဘူး။ ကိုယ်နာတာချဉ်း သွားကြည့်နေရင် ၊ကိုယ်ရောစိတ်ပါ ရောပြီးနာသွားပါလိမ့်မယ်။ "မခံနိုင်ဘူး။ ပြင်ချင်တယ်။ ပြောင်းချင်တယ်" အဲဒီ စိတ်ကလေးဖြစ်လာရင်လည်း..အဲဒီဖြစ်တဲ့ စိတ် ကို သိပေးပါ။

ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီ"စိတ်ကလေး"ကို ဘဲ သတိထားပြီးကြည့်ပေးပါ။ မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။

ဥပမာ တစ်ခုထပ်ပေးရရင်တော့....
မီးဖိုပေါ်မှာ တည်ထားတဲ့ ဟင်းချိုအိုး က ဟင်းချို ကို "အပေါ့၊အငံ" မြည်းသလိုပါဘဲ။ အဲဒီလို "အပေါ့ အငံ" ကို မြည်းတဲ့ အခါမှာ မီးဖိုပေါ်မှာ ရှိတဲ့ ဟင်းချိုအိုး ပွက်ပွက်ဆူနေတာကို ပူမှန်း သိလျက်....ဇွန်း နဲ့ ခပ်ပြီး မြည်းကြတယ်မဟုတ်လား။ ဘာလို့ ပူမှန်း သိသလဲ ဆိုတော့ မှုတ်ပြီး သောက်ကတည်း က "ပူမှန်း" သိလို့ ပါ။

အဲဒီလို ဟင်းရေအပူကြီး ပါးစပ်ထဲကို ရောက်တဲ့အခါ..
"ပူတာကို..အာရုံပြုကြ တာလား"
"အပေါ့..အငံ ကို အာရုံပြုကြ တာလား"
ဓမ္မမိတ်ဆွေတို့  အနေနဲ့ .."ပူတာကို သတိမထားကြပါဘူး..ဂရုမစိုက်ပါကြဘူးနော်။
"အပေါ့အငံ"ကိုပဲ သတိထား ကြပါတယ်။
"အပေါ့အငံ"ကိုပဲ အကဲခတ် ကြပါတယ်။

အဲဒီဥပမာ တွေလို....
ပုထုဇဉ်တွေဟာ အများအားဖြင့် နာတာ၊ကျင်တာကြီး ကို ဂရုစိုက်၊ ကိုက်တာ၊ခဲတာကြီး ဂရုစိုက်နေကြတာများပါတယ်။

သူ့ ကို ဂရုမစိုက်ပါ နဲ့ .... "အပေါ့အငံ"နဲ့ တူတဲ့.."မခံချင်တာကို ခံစားနေရတဲ့ စိတ်"ကလေးကို ဂရုစိုက် ရပါမယ်။ နာကျင်တဲ့..အပေါ်မှာ ခံစားတယ် ကိုက်ခဲနေတဲ... အပေါ်မှာ ခံစားတယ်။

ခံစားတာ "ဝေဒနာ" ကိုး....။ အဲဒီ" ဝေဒနာ" အပေါ့အငံ ကိုသာ ကိုယ်က အကဲခတ် ဖမ်းရမှာ ဖြစ်ပါတယ်။
အဲဒီလို...မဖမ်းဘဲ နဲ့ အပေါ့ အငံ နဲ့၊ ငါ နဲ့ ပေါင်းပြီးတော့ ပူတာကြီး အာရုံပြုပြီး ကြောက်နေတယ်။ ဒီတော့...အရသာကို မသိတော့ဘူး ဖြစ်သွားတယ်။

ဟင်းချိုသောက်သလို...ပူတာကို ဂရုမစိုက်ပါဘူး။ အပေါ့အငံ ကို ဂရုစိုက်တယ်။
နာကျင်၊ ကိုက်ခဲတာကြီး ပေါ်လာတယ်။ ပေါ်လာတဲ့ နာကျင်၊ ကိုက်ခဲတာ ကို ပဓာန မထားပါနဲ့။ သာမညထားပါ။

အဓိက က ဘယ်သူလဲ၊ နာကျင်၊ ကိုက်ခဲတာ အပေါ်မှာ မခံချင်တာ ခံစားနေရတာ။ အဲဒီ ခံစားနေရတဲ့ သ ဘောကသာ အဓိက ဖြစ်ပါတယ်။နာကျင်၊ ကိုက်ခဲတာဟာ သာမညပါ။ အဲဒီလို ဟင်းမြည်းသလိုပဲ ဓမ္မမိတ်ဆွေတို့ " ဝေဒနာ" ခံစားတဲ့ သဘောကို ရှုချင် ရင် အဲလို ရှုရင် အဆင်ပြေဆုံးလို့ ယူဆမိပါတယ်။

ဒီလိုနဲ့ ... နာကျင်နေတဲ့ ဒုက္ခဝေဒနာ ဟာ ဘယ်ရောက်နေမှန်းမသိ.....ပျောက်ချက်သား ကောင်းနေတော့မှာပါ...ဘဲ။

အကျဉ်းချုပ်အနေနဲ့ .... အောက်ဆုံးအဆင့် " သောတာပန် " တည်ပြီးသား အရိယာပုဂ္ဂိုလ် ကတော့.. အဲဒီ "နာကျင်ကိုက်ခဲတဲ့.. ဒုက္ခဝေဒနာ " ကျော်လွှားတတ်ကြတဲ့ သူတွေချည်းပါဘဲ.. ။

ဒါကြောင့်...ဓမ္မမိတ်ဆွေများ အနေနဲ့ လည်း အရင်ဆုံး "သောတာပတ္တိမဂ်" ရရှိတဲ့ ပုဂ္ဂိုလ်ထူးများ ဖြစ်ကြပါစေလို့  ဆန္ဒပြုရင်း ဓမ္မဒါန ပြုလိုက်ပါသည်။

(ခန္ဓာ-၅ပါးတစ်ဦး)
••••••••••••••••••••••••••••••••
ကိုးကား-
( ရွှေဥမင်ဆရာတော် ဘုရားကြီး ဟောကြားသောသြဝါဒများ နှင့် ပြည် ဝိဇ္ဇောဒယ (သဲအင်း) ဆရာတော်ကြီး ဦးသီရိဓမ္မ ဟောကြားတော်မူသော တရားတော်များ မှ ကောက်နှုတ်၍ ဓမ္မဒါန ပြုပါသည် )

Thursday 18 August 2016

မေတ္တာပို့စဉ် စိတ်ထားနည်း


စူးရှအောင် အဘယ်သို့ မေတ္တာဖြန့်ရပါမည်နည်း။

မေတ္တာဖြန့်ရာတွင် ရည်ညွှန်းသော သြဒိသမေတ္တာ မရည်ညွှန်း သော အနောဓိသမေတ္တာနှစ်မျိုးရှိရာ အနောဓိသမေတ္တာထက် သြဒိသမေတ္တာကစူးရှသည်။

သြဓိသတွင်လဲ မြင်ဖူးသူ မမြင်ဖူးသူရှိပြန်ရာ မမြင်ဖူးသူထက် မြင်ဖူးသူကို စူးရှသည်။
မြင်ဖူးသူတွင်လဲ အမြင်နည်းသူထက် အမြင်များသူကို စူးရှသည်။
အမြင်များသူတွင်လဲ အကျွမ်းမဝင်သူထက် အကျွမ်းဝင်သူကို စူးရှသည်။
အကျွမ်းဝင်သူတွင်လဲ နေ့အခါထက် ညအခါ စူးရှသည်။
ညအခါတွင်လဲ မေတ္တာအပို့ခံရသူက လှုပ်ရှားနေသူ ထက် ငြိမ်နေသူကို စူးရှသည်။
ငြိမ်နေသူတွင်လဲ အမှတ်တမဲ့ဖြန့်ခြင်းထက် ချိန်၍ ဖြန့်ခြင်းက စူးရှသည်။

သို့ဖြစ် လေရကား မကျန်းမာ၍ဖြစ်စေ တစ်စုံတစ်ခုကြောင့်ဖြစ်စေ ဆင်းရဲဒုက္ခတွေ့နေသူအား နေ့ရက် အချိန် မျက်နှာပုံ နေထိုင်ပုံစသည်တို့ကိုသိအောင် ချိန်းဆိုပြီး ထိုသူ၏ နှလုံးအိမ်ကိုဖြစ်စေ ခံတွင်းပေါက်ကိုဖြစ်စေ သေသေချာချာ ချိန်လျှက် “မည်သူချမ်းသာပါစေ” ဟူသော မေတ္တာဓာတ်ကို ထပ်တလဲလဲ စွဲစွဲမြဲမြဲ ဇွဲသန်သန်နှင့် ဖြန့်ဖြူးသွန်း လောင်းနိုင်ပါမူ သိသိသာသာ စူးရှသည်ကို တွေ့မြင်ရပါလိမ့်မည်။

သေဒကသုတ် ပါဠိတော်အရ “သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်” ဟူသောအလုပ်သည် ဗြဟ္မာ့ဝိဟာရ လုပ်ငန်းသာလျှင် ဖြစ်ကြောင်း ဟောတော်မူ၏။

မိမိမေတ္တာပွားပို့ခြင်းကြောင့် ကမ္ဘာသူကမ္ဘာသား (၃၁)ဘုံသူ၊ (၃၁)ဘုံသားတို့ အအေးဓာတ်ကူးကာ ချမ်းသာနိုင်သည့်သဘောသည် မည်သည့်ရှုထောင့် မည်သည့်အမြင်အရ မဆို ထင်ရှားလှပေသည်။ ကျေနပ်ထိုက်လှပေသည်။ ယုံကြည်အားကိုးထိုက်လှပေသည်။ မေတ္တာပွားခြင်းဖြင့် သတ္တဝါများအတွက် အကောင်းဆုံးသော အကျိုးဆောင်ခြင်း ဆုလာဘ်ကြီးများကို ဝေငှ နေခြင်းပင်ဖြစ်၍ တန်ဖိုးကြီးမြတ်လှသော အသက်ရှင်ရခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

မေတ္တာပို့စဉ် စိတ်ထားနည်း

၁။ မေတ္တာမပွားပို့မီ မိမိတစ်ကိုယ်လုံး သန့်စင်သွားစေရန် ဦးစွာသီလဖြင့် ဆေးကြောပါ။(ငါးပါးသီလ ရှစ်ပါးသီလ ခံယူပါ)။ ပို့လွှတ်ရာ၌ ပို၍ အင်အားကြီးအားစေရန် ဂုဏ်တော်များကို ပွားများကာ တစ်ကိုယ်လုံး မွှမ်းထုံ ထားရမည်။

၂။မေတ္တာ၏ သဘောအဓိပ္ပါယ်ကို ကျေညက်အောင် လေ့လာ၍ မေတ္တာအင်အားကို အကြွင်းမဲ့ ယုံကြည်ရမည်။

၃။ အသက်ထင်ရှား ကျေးဇူးများ၍ လေးစားထိုက်သော ဆရာသမား ဘိုးဘွားမိဘနှင့် သာသနာ့အကျိုး သတ္တဝါ အကျိုးတို့ကို ဆောင်ရွတ်တော်မူကြသော ဆရာတော်ကြီးများ အရိယာသူတော်ကောင်းကြီးများအား အနည်းဆုံး ဆယ်ဦးခန့် သီးသန့်ရွေးချယ်၍ ဦးစွာပို့သရမည်။

၎။ပြီးလျှင် တိုင်းပြည် မြို့ရွာ အကြီးအကဲများနှင့် အရပ်ဆယ်မျက်နှာရှိ သတ္တဝါများကို မေတ္တာပို့လွှတ်ရမည်။

၅။ သတ္တဝါအများ ကောင်းစားချမ်းသာစေလိုသော မိမိပို့လွှတ်သည့် မေတ္တာလှိုင်းများ မိမိပို့လွှတ်ရာသို့ အမှန်တကယ် ရောက်ရှိသွားပြီ၊မေတ္တာခံသူများ အမှန်တကယ် ချမ်းသာနေကြပြီဟု စိတ်ထဲကယုံကြည်ထင်မှတ် နေရမည်။မေတ္တာခံသူထံ မိမိမေတ္တာရောက်ကြောင်း သင်ကိုယ်တိုင် သိလာပါလိမ့်မည်။

၆။ ငါသည် တစ်လောကလုံး ငြိမ်းချမ်းသာယာရေးအတွက် ၆၄ ကမ္ဘာတိုင်တိုင် အာနိသင်အား မကုန်ဆုံး နိုင်အောင် အင်အားကြီးမားသော အကောင်းဆုံး အမြတ်ဆုံး ကုသိုလ်ကြီးကို လုပ်နေသူဖြစ်သည် ဟု ဝမ်းမြောက်ကာ အသက်မှန်မှန်ရှူ သက်သာသော အနေအထားဖြင့် အဆက်မပြတ် ပို့လွှတ်ရမည်။

၇။ကိစ္စတစ်စုံ တစ်ရာ ဆောင်ရွတ်ရန်ရှိသောအခါ သွားမည့် နေရာ သွားကိစ္စနှင့်စပ်သမျှ တစ်ဦးချင်း မြင်အောင် ကြည့်ပြီး “ချမ်းသာပါစေ”ဟု မေတ္တာအအေးဓာတ်များကို ကြိုတင်ပို့လွှတ်ထားရမည်။သတ္တဝါတစ်စုံတစ်ဦးနှင့် ကြုံတွေ့ရာ၌လဲ အလျင်ဦးအောင် မိမိက စတင်မေတ္တာပို့ပေးပါ။( သို့သော် မိမိအကျိုးရမှု မိမိအားအနှောင့် အယှက် မပေးစေလိုမှုများ အလျှင်းမပါရှိစေရ။ ထိုသူများ ချမ်းသာကောင်းစားစေချင်သည့် စိတ်ကိုသာ ဖြစ်ပွားနေစေရမည်။)

၈။တတ်နိုင်လျှင် မေတ္တာခံယူသူ တည်ငြိမ်အေးဆေးစွာ နေချိန်မျိုး( ဥပမာ- ညအိပ်နေချိန်မျိုးမှာ) ပို့လွှတ်ရမည်။ (သို့ရာတွင် အိပ်မွေ့ချသကဲ့သို့ အမိန့်ပေးခြင်း ၊ စုံစမ်း စမ်းသပ်ခြင်းမျိုး မဖြစ်စေရ)။လိုအပ်လျှင် နိမိတ်ထင်လွယ် အောင် ထိုသူ၏ တစ်ကိုယ်လုံးပေါ် ဓာတ်ပုံကို အသုံးပြုနိုင်သည်။

၉။မေတ္တာခံယူသူကို မိမိအနီးအပါး၌ မျက်နှာချင်းဆိုင် ထိုင်လာနေသကဲ့သို့ စိတ်ညွှတ်ယူ၍ ထိုသူ၏ မျက်စိ မျက်နှာ ပုံပန်းသဏ္ဍာန်ကို ဓာတ်ပုံရိုက်သကဲ့သို့ ခြေဆုံးခေါင်းဆုံး ကွက်ကွက်ကွင်းကွင်း ထင်အောင်မြင်အောင် ကြည့်ပြီး အထပ်ထပ်ပွားပို့ရမည်။

မှတ်ချက်။ ။အရှင်ပညာစက္က၏ ပရိတ်တော် ဂါထာတော်များ စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။



Wednesday 17 August 2016

သေခါနီး ဝေဒနာခံစားရပုံ


သေတယ်ဆိုတာ အခုအကောင်းကြီးမြင်နေလို့ အကောင်းမတွက်နဲ့ ။ အကောင်းကြီးနဲ့ တွက်ရင်တော့ မှားလိမ့်မယ်။ သေခါနီး ပုဂ္ဂိုလ်တစ်ယောက်ကို ယပ်တောင်သွားမခတ်နဲ့ ၊ ဓားနဲ့ ခွဲသလိုပဲ ။ စကားသွားမပြောနဲ့ နားကို စူးနဲ့ ထိုးသလိုပဲ။ ဒါ ဦးဇင်း မှတ်တမ်းတွေလည်း ရှိပါတယ်။

သေခါနီးအခါကျတော့ သေတဲ့ပုဂ္ဂိုလ် ဘယ်လိုခံစားရသလဲဆိုရင် သေတယ်ဆိုတာ သီတတေဇော၊ ဥဏှတေဇော အပြန်အလှန် မဖလှယ်တော့တာကို ခေါ်တာ။

ဘယ်ရောဂါနဲ့ ဘယ်လိုပဲသေသေ ဓာတ်လေးပါး ပြိုကွဲမှ သေလို့ ရတယ်။ ဓာတ်လေးပါး ပြိုကွဲဖို့ က အပူအအေး မဖလှယ်တော့တာကို ဆိုလိုတာ။

ခုထွန်းထားတဲ့ မီးဟာ ပူတလှည့် အေးတလှည့် ၊ တစ်ကြိမ်ပူပြီးရင် တစ်ကြိမ်အေးတာ၊ တောက်လျှောက်သာ ပူသွားရင် လောင်သွားမှာပေါ့။ ပူတလှည့် အေးတလှည့် ပတ်နေတာ။
ခင်ဗျားတို့ ကျုပ်တို့ ရုပ်တွေလည်း ပူတလှည့် အေးတလှည့် မရှိဘူးလား။

ပူတလှည့် အေးတလှည့် ၊ တင်းတလှည့် တောင့်တလှည့်၊ ထုံတလှည့် ကျင်တလှည့်၊ တွန်းတလှည့် ကန်တလှည့် ၊ ယိုတလှည့် ဖွဲ့ တလှည့်၊ အဲလို အပြန်အလှန်ဖြစ်နေမှ ဓာတ်လေးပါး မျှတတယ်ခေါ်တယ်။

အဲဒီ ဓာတ်လေးပါးမှာ ဓာတ်သုံးပါးကို ဦးဆောင်တာက တေဇောဓာတ်က ဦးဆောင်တယ်။ သေခါနီးလူ သွားကြည့်ရင် ဘာတွေ့ လဲ၊ သွေးသွားစမ်းကြည့်ရင် ဒီပုဂ္ဂိုလ် သွေးဆုတ်ပြီ ဆိုရင် သေပြီပေါ့။ သွေးဆိုတာက တေဇောဓာတ်၊ အပူဓာတ်လို့ ခေါ်တယ်၊ သွေးမလျှောက်တဲ့ နေရာ အေးတာပဲ။

အဲတော့ သေပြီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပူပြီးရင် အေး၊ အေးပြီးရင် မပူတော့ဘဲနဲ့  အပူဓာတ်ဖြစ်တဲ့ သွေးတွေဟာ ခန္ဓာကိုယ်ရဲ့ ခြေဖျား လက်ဖျား ခေါင်းဖျားကနေ တဖြည်းဖြည်းနဲ့ ဗဟိုချက် နှလုံးကို လာစုခဲပါတယ်။ အပူခဲတာ တချို့ မသေခင် အရေပြားတွေ လောင်မနေဘူးလား။ မသေသေးဘူး၊ လောင်နေတာ၊ အပြင်ကမီးနဲ့ ခန္ဓာက မီးနဲ့ အတူတူပဲ။ အခုယောဂီတို့ က အပူအအေး ဖလှယ်မျှတနေလို့ ။ တချို့ အပူချိန် ၁၀၄ လောက်ဆို ကယောင်ကတမ်း ငန်းဖမ်းမလာဘူးလား။

အဲဒါ အပူ၊ မသေသေးဘူး။ အဲလောက် အဟုန်ရှိတဲ့ အပူတွေဟာခေါင်းဖျား ခြေဖျား လက်ဖျားကနေ စုလာပြီးတော့ နှလုံးအိမ်ရောက်ရော။ နှလုံးအိမ်ကို အပူတွေ စုခဲတော့ နှလုံးက ဘာဖြစ်သွားလဲ၊ ကျွတ်ကျွတ်ဆူအောင် လောင်မြိုက်တော့တာပေါ့။ ရေနွေးအိုးကို မီးများများထိုးသလို ဆူပွတ်မလာဘူးလား။

သေခါနီးပြီဆိုတဲ့သူဟာ ဓာတ်လေးပါး ပြိုကွဲဖို့ ရာ အပူတေဇောက နှလုံးအိမ်ကို စုတော့ မီးတွေ ခဲလာတယ်။ ကဲ ခင်ဗျားတို့ စိတ်ကလေး ရေနွေးအိုးတည်သလို အထိုးခံရပြီ ဆိုရင် ဘယ်နှယ့်နေမလဲ။ ချမ်းသာပါ့မလား၊ အဲဒါက ဥဏှတဇော။ နှလုံးအိမ်ထဲကို မီးခဲနဲ့ ထိုးသလို ခံရပါပြီ။ ပေါ့ပေါ့လျှော့လျှော့နဲ့ တော့ မတွက်ကြနဲ့ ။ အကောင်းဘက်နဲ့ မတွက်ကြနဲ့။ သေခါနီးတော့ အားရှိသေးလား။ အာဟာရတွေ ပြတ်ပြီ။

ခင်ဗျားတို့ ထမင်း မစားဘဲ နှစ်ရက်နေကြည့်စမ်း။ အာဟာရအကုန်ပြတ်တော့ အားအင်တွေ အကုန် ကုန်ခမ်းနေတဲ့ ရောဂါ၊ အားအင်တွေ ပြတ်တောက်နေတော့ တော်လှန်နိုင်သေးလား၊ ရေလည်း မသောက်နိုင်တော့ဘူး၊ ထမင်းလည်း မစားနိုင်တော့ အားအင်တွေ ကုန်ခမ်း ရက်စက်တဲ့ ရောဂါကလည်း ပြင်းထန်တဲ့အချိန်၊ အဲဒီလို တွက်ရမှာ ဒီလို အကောင်းကြီးတွေ ရှိမယ်များ မတွက်နဲ့ ။

အဲတော့မှ အပူနှုတ်လိုက်တော့ အအေးကျန်တယ်တဲ့။ ပူတာနဲ့ အေးတာ ဘယ်ဟာက ပြင်းထန်လဲ။ ပူတာက ပြင်းထန်တယ်ဆိုရင် ရေခဲတိုက်ထဲ သွားနေကြည့်ပါလား။ အေးတာရော ချမ်းသာရဲ့ လား။ ဒီဆောင်းတွင်း အေးလိုက်တာကွာ`အရိုးကွဲမတက်ဘဲ လို့ မပြောဘူးလား။

အေး မှတ်ထား၊ သေခါနီး အရိုးကွဲတာပဲ။ ဥဏှတေဇော အပူက နှလုံးအိမ်စုပြီးတော့ အပြင်မှာ သီတတေဇော အအေးဓာတ် မကျန်ဘူးလား။ အရိုးတွေကို ပလာယာနဲ့ ညှပ်နဲ့ တူပေါ်တင်ပြီး တစ်ချောင်းချင်း ခွဲနေသလို။ ဦးဇင်းက ခံစားပြီး ပြောတာ။ ဒီစိတ်ရဲ့ ပါဝါ အပူအအေးကို ဒီစိတ်နဲ့ ပြောင်းလွဲကြည့်တာ။ ပြောင်းလဲကြည့်တဲ့အခါကျတော့ စိတ်ရဲ့ ပါဝါ ဇီးရိုးထိ ကိုယ့်ဘာသာ ချကြည့်တဲ့အခါကျတော့ ချက်ချင်း ရှိန်းဆို တခါတည်း အပူဓာတ်တွေ နှလုံးအိမ်မှာစုပြီးတော့ အပြင်မှာ အေးတာ။ ဘယ်လောက်ထိလဲဆိုရင် ဆက်ပြီးတော့ ချရင် သေများသေတော့မယ်။ အရိုးတွေက ခွပ်ကနဲ ခွပ်ကနဲ ကျွတ်ကနဲ အဲလို ခံစားနေရတယ်။ ဒါ ကိုယ့်ဘာသာကိုယ် စိတ်နဲ့ တရားနဲ့ လုပ်ကြည့်တာ။

သီတတေဇော အအေးဓာတ်ရဲ့ သဘောကလည်း အရိုးတွေ အက်ကွဲမတက် ခံစားရတယ်။ ဒီနှလုံးအိမ်မှာလည်း အပူဓာတ်က တ၀ုန်းဝုန်းဆူအောင် ခံစားရတယ်။ တခါ နားထဲကပါ တ၀ူးဝူးနဲ့ ကြားနေရတယ်။ နှလုံးသွေးတွေ ဆူပွက်တာ။ ဆက်သာ လုပ်ရင် သေသွားမလား အောက့်မေ့ရတယ်။ အဲဒီတော့မှ သီတတေဇောနဲ့ ဥဏှတေဇော မဖလှယ်တော့မှ ကျန်တဲ့ ဓာတ်တွေက ပြိုကွဲသွားတော့၊ တွန်းတာနဲ့ ကန်တာ
မလျှော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ၊ တောင့်တင်းပြီး ပြတ်ထွက်မသွားဘူးလား။

သေခါနီးတော့ တွန်းတာကလည်း ဆက်တွန်းတော့မယ်၊ ကန်တာကလည်း ဆက်ကန်တော့မယ်ဆိုတော့ ဟောဒီခန္ဓာကိုယ်ကြီးကို အ၀တ်ရေညှစ်သလို လိန်ညှစ်နေသလိုပဲ ၊ တွန်းတဲ့ ၀ါယောကလည်း ဆက်တွန်းနေသလို ကန်တဲ့ ၀ါယောကလည်း ဆက်ကန်နေတော့မယ်ဆိုရင် လိန်ညှစ်မလာဘူးလား။ သေတဲ့သူ သွားစမ်းရင် တောင့်တောင့်ကြီး ဖြစ်မနေဘူးလား။ အဲဒါ အညှစ်ခံထားရတာ။

အဲဒီလို လိန်ညှစ်မတက် ပြတ်ထွက်မတတ် ခံစားရသလို၊ အဲဒိလိုညှစ်တော့ အထဲထဲမှာရှိတဲ့ ရေတွေက ထွက်မလာဘူးလား။ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးဟာ ခင်ဗျားတို့ ကြည့်တော့ ဇီးကင်းလောက် ရှိတယ်၊ ဟိုမှာတော့ မချိမဆန့် ခံစားနေရတယ်။ ချွေးတစ်ပေါက် ထွက်လာတာဟာ သံချောင်းတုံးတုံးကြီးနဲ့  အသားတွေကြားထဲက ဖြတ်ထွက်လာသလို ခံစားရတယ်။

ချွေးပေါက်တစ်ပေါက် အပြင်ရောက်လာဖို့ ဟာ အသားတွေကို အမျှင်အမျှင် ဖြတ်ထွက်လာရတယ်။ အဲလိုထွက်လာတော့ မခံနိုင်ဘူး။ တစ်ဖက်ကလည်း လိန်ညှစ်နေတယ်၊ တစ်ဖက်ကလည်း နှလုံးကို သွေးပွက်ပွက်ဆူအောင် ပူနေတယ်။ အရိုးတွေက ကွဲမတက်လည်း ဖြစ်နေတယ်၊ အသားထဲက ဆူးနဲ့ ထိုးသလိုလည်း ချွေးတွေ ထွက်နေတယ်။ ချွေးက တစ်ပေါက်တည်းလား၊ ပြည့်နှက်နေလား၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး သံချောင်းတွေနဲ့ ထိုးနေသလိုပဲ။ အဲဒီက ချွေးပေါက်တစ်ပေါက်က စီးလာတယ်ဆိုတာက အသားကို တုတ်နဲ့ တဖြည်းဖြည်းချင်း ခြစ်ချနေသလို ခံစားရတယ်။ သဘောပေါက်ပြီလား။

အဲဒီသေဘေးနဲ့ ကြုံလာရင် ချမ်းသာဖို့ လိုပါသည်။ သူဋ္ဌေးကြီး မဖြစ်ရင် နေပါစေ ၊ အသေတတ်ဖို့ လိုပါသည်။ အာဏာရှိကြီး နာမည်ကျော်ကြီး မဖြစ်ရင်နေပါစေ ၊ အသေတတ်ဖို့ လိုပါသည်။

တရားစခန်းမှာ ဘာလာယူတာလဲ၊ အသေတတ်မယ့် ပညာလာယူတာ။ သေတယ်ဆိုတာ ဟောဒီရုပ်ကြီး ပြင်းထန်စွာ နှိပ်စက်တာ။ ပြင်းထန်စွာ နှိပ်စက်တဲ့အခါမှာ ဆောက်တည်ရာ မရအောင် ဖြစ်နေတဲ့ စိတ်ကလေးက ချုပ်ငြိမ်းပြီးတော့ ချမ်းသာစွာ သေနိုင်ဖို့  တရား လိုတယ်။

ဒကာ ဒကာမတို့ က မျက်လုံးကြီးဖွင့်ပြီးတော့ လူမြင်လူသိနဲ့  သူကဘယ်လောက်ချမ်းသာပြီ၊ သူက ဘယ်လောက်တိုးတက်လာပြီ၊ သူက ဘယ်လိုပညာတတ်တယ်၊ ကားတွေစီးနိုင်ပြီ၊ ဘီလျံနာကြီးဖြစ်နေပြီ၊
ဘယ်လိုဝတ်ဆင်နိုင်ပြီ၊ ဘယ်လောက် အဆောက်အဦးတွေဆောက်နိုင်ပြီ၊ ဘယ်လို စက်ရုံကြီးတွေတည်နိုင်ပြီလို့  ဒါပဲမြင်မနေကြဘူးလား။

သူတော်ကောင်းတွေက သေပြီးဟိုဘက် ဘ၀ဆိုးတွေရောက်နေတာကိုမြင်တယ်။ ခင်ဗျားတို့ မြင်ရဲ့ လား၊ မမြင်ဘူး။ အဲဒါ အခွင့်အရေးဆုံးရှုံးသွားပြီ။. ဆုံးရှုံးတယ်ဆိုတာ ဒီမဂ်တရား ဖိုလ်တရားမှ လက်လွတ်လိုက်ရပါပြီဘုရားလို့ ပြောတာ။

ဒါကြောင့် ဒကာဒကာမတွေ အခွင့်အရေးကြုံတဲ့အချိန် သာသနာနဲ့ကြုံတဲ့အချိန် မဂ်တရား ဖိုလ်တရားကို စိုက်ပျိုးပါ။

ဒီမဂ်တရား ဖိုလ်တရားဆိုတာ ကမ္ဘာကြီးပေါ်တိုင်း သာသနာပေါ်ပါ့မလား၊ မပေါ်ဘူးနော်။ အဲဒါကို ဒကာဒကာမတွေ နောင်တမရနဲ့ ။

(အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ
ဟောကြားသော နိဒါန်းတရား+အချိန်ရှိခိုက်
စိုက်ပျိုးလိုက် တရားတော်မှ )


ဆုတောင်းခြင်း


(၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ။

ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း ဆုတောင်းသည့်အလေ့ ရှိကြသည်။ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေး ယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါ သည်။ တောင်းဆိုလေ့ရှိကြသည့် ဆုအများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွား တိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘဝလိုအပ်ချက်များစွာတို့ ဖြစ်ကြသည်။

ထိုသို့ ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်။ မရရှိကြ သည်များလည်း ရှိပါသည်။ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှ အစပြု၍ ဘုရားအဖြစ်တိုင်အောင် ဆုတောင်းမှုကို ရှေးဦးစွာပြုရကြောင်း၊ ပြီးလျှင် တောင်းသည့် ဆုအလျောက် လိုအပ်သည့် ပါရမီများကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင် ညွှန်ပြထား ပါသည်။

ဘုရားအဖြစ်တိုင်အောင် ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့် ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆိုထားခြင်းမရှိပါ။

ဗုဒ္ဓရှင်တော်လက်ထက်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် အခြားရဟန်းများအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့် တပည့်သံဃာတော်များက တောင်းသောဆုများ ပြည့်စုံကြပါစေဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရသည်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် တရားအရှည်ကို ဟောလေ့မရှိဘဲ တောင်းသောဆုများ၊ လိုအပ်သော ဆုများ လပြည့်ညတွင် ထွက်ပေါ်သော ရွှေလမင်းကြီးကဲ့သို့ ဝင်းဝင်းပပ ပြည့်ဝ ကြပါစေဟု ဆုကိုသာ ပေးလေ့ရှိကြောင်းကို ပါဠိစာပေတွင် တွေ့ရသည်။ ဆိုခဲ့ ပြီးသည်များကို ထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း ဆုတောင်းသင့်သည်ဟု မှတ်သားရပါမည်။

ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီ ပုထိုးများနှင့် ရဟန်း သံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်။ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ နှင့် မြန်မာတို့၏နှလုံးသားတွင် အမြစ်တွယ် နေပြီ ဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့် ရှေးကျသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့် တွေ့ရသည်။

အရှင်မဟာသီလဝံသ၏ ဆုတောင်းခန်းပျို့သည် ရှေးခေတ် ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်းမှုကို မည်မျှ နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့် အကောင်းဆုံး သာဓက ကျမ်းစာတစ်ခုဖြစ်ပါသည်။ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံး သည်ကိုလည်း ပြရာရောက်သည့် သာဓကလည်း ဖြစ်ပါသည်။ အရှင်၏အမြင်တွင် ဆုတောင်းခြင်းသည် စိတ်ကို တစ်မျိုးတစ်ဖုံ အားပေးရာရောက်သည်၊ နှစ်သိမ့်ရာရောက် သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်။

ဘဝတွင် တစ်ခါတစ်ရံ လက်လှမ်းမမီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီ တောင်းဆို လိုက်ရလျှင် စိတ်များစွာ သက်သာရသည်ကို ဆုတောင်းလေ့ရှိသူတိုင်းက သိကြသည်။ သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမျှ ဆုတောင်းသက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်။ လိုချင် သည့်ဆုသည် အဖိုးထိုက်တန်လေလေ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်။

ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရား အထံတွင် ဘုရားဆုတောင်းခဲ့သော သုမေဓာရှင်ရသေ့သည် လေးအသင်္ချေ၊ ကမ္ဘာတစ်သိန်း ဒုက္ခများစွာကို ရင်ဆိုင်ကျော်လွှားရင်း အများတကာ မပြုနိုင်သည့် ဘဝအရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တော်များတွင် လေ့လာသိရှိနိုင်သည်။

ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ ရှိကြသည်ကို လက်တွေ့ ပတ်ဝန်းကျင်တွင်မက ဆဒ္ဒန်ဆင်မင်း ဝတ္ထုတွင် တွေ့ရသည်။ စူဠ သုဘဒ္ဒါသည် လင်သားအပေါ် အမျက်ထားပြီး နောင်ဘဝတွင် လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင်သား ၏အစွယ်ကို နားတောင်းလုပ်ပြီး ပန်ဆင်နိုင်သူ ဖြစ်ရစေရန် ဆုတောင်းကြောင်း လေ့လာရသည်။

မည်သည့်ဆုကို တောင်းသည်ဖြစ်စေ တောင်းဆို သူ၏စိတ်သည် ထိုဆုအတွက် အမှန်တကယ် ပြင်းပြ ထက်သန်ပြီး တောင်းသည့်ဆုကိုရစေတတ်သည့် အားထုတ်ကြိုးစား ဖွယ်များကို ဖြည့်ဆည်းလျှင် မိမိ တောင့်တသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေအထောက်အထား၊ လက်တွေ့အထောက်အထားများအရ အတည်ပြုနိုင်ပါသည်။

လူတို့တွင် ဘဝတစ်ခုအတွက် ရင့်ကျက်ပြီးသူ၊ ဘဝများစွာအတွက် ရင့်ကျက်ပြီးသူဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်။ ဘဝတစ်ခုအတွက် ရင့်ကျက်ပြီးသူတို့သည် ဘဝတစ်ခု ကောင်းစားမှုကို ဆုတောင်းလေ့ရှိပြီး ဘဝများစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘဝမှ လွတ်မြောက်ရေးကို ဆုတောင်းလေ့ ရှိကြောင်းကို တွေ့ရသည်။

ဘဝတစ်ခုတွင် ရင့်ကျက်ပြီးသူဟူသည် စာရေးသူအရှင်အပါအဝင် စာဖတ်သူအများကို ရည်ညွှန်းပါသည်။ ဘဝများစွာတွင် ရင့်ကျက်ပြီးသူဟူသည် တရား အမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါသည်။

အရှင်၏ ယခုစာတမ်းတွင် ဘဝတစ်ခုအတွက် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့် နေ့စဉ်ဆုတောင်းများ ကို အသေးစိတ်မဖော်ပြတော့ဘဲ ဘဝများစွာအတွက် ရင့်ကျက်ပြီး ကြသောသူတို့၏ အတုယူဖွယ် ဆုတောင်း ပုံများကို ဖော်ပြမည်ဖြစ်ပါသည်။

ငါးရာ့ငါးဆယ်ဇာတ်တော်များတွင် ကဏှဇာတ် ဟူ၍ရှိပါသည်။ ကဏှရသေ့ကြီး တရားကျင့်ရာ သစ်ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး အရှင်ရသေ့ အလိုရှိသောဆုကို တောင်းဆိုပါဟု ဆုဖြင့် ဖိတ်မန် သောကြောင့် ကဏှရသေ့သည် အရှင်သိကြားမင်း သင် ပေးနိုင်မည်ဆိုက ပေးပါဟု အစချီပြီး မှတ်သား အတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆို လိုက်ပါသည်။

(၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ။

ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျှင် ဘဝတစ်ခု ချမ်းသာရန်အတွက် တစ်စုံတစ်ရာ ဆုတောင်း မပါသည်ကို တွေ့ရပေသည်။ စာဖတ်သူတို့ နေ့စဉ်တောင်းဆိုတတ်သည့် ဆုများနှင့် များစွာပင် ကွာခြားနေသည်ကိုတွေ့ရသည်။ အတုယူ သင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်။ ကဏှဟူသော ပါဠိအမည်မှာ အမည်း = Black ဟု မြန်မာပြန်ဆိုရပါသည်။ ဇာတ်လမ်းအမည်သည် အမည်းဇာတ် ဟု နာမည် ခေါ်ဆို ထားသော်လည်း ကဏှရှင်ရသေ့ တောင်းသောဆုများမှာ မည်မျှဖြူစင် သန့်ရှင်းသည်ကို စာဖတ်သူ သိပြီးအတိုင်းပင် ဖြစ်ပါသည်။ လောကတွင် တစ်ခါတစ်ရံ ဂုဏ်နှင့်ဒြပ် ထပ်တူ မကျသည့်သဘောပင် ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း ကဏှဇာတ်မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်။ ထိုအထဲမှ ဒီပဲယင်းဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို စာဖတ်သူသို့ တင်ပြလိုပါသည်။

ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင် သာသနာပိုင်ဖြစ်ပြီး ပရမတ္ထစက္ခုကျမ်း အပါအဝင် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက် ရေးသားခဲ့သည့် ကျမ်းပြု ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ ဘဒ္ဒန္တဥာဏဝရ ဖြစ်ပါသည်။ ဆရာတော်ကြီးသည် သူ၏ ပရမတ္ထစက္ခု ကျမ်းနိဂုံးတွင် အောက်တွင်ဖော်ပြမည့် ဆု ဆယ်မျိုးကို တောင်းဆိုခဲ့ပါသည်။

(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ။
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ။
(၃) ငါသည် သူတစ်ပါး၏ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ။
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်။
(၅) ငါသည် အခြားသတ္တဝါများကို ညှဉ်းဆဲတတ်သူ မဖြစ်ပါစေနှင့်။
(၆) ငါ့အားလည်း အခြားသတ္တဝါတို့က မညှဉ်းဆဲကြပါစေနှင့်။
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်။
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်။
(၉) သတ္တဝါအပေါင်းသည် လမ်းကောက်ကို ရှောင်ရှား၍ လမ်းဖြောင့်ကို လျှောက်လှမ်းနိုင်ကြပါစေ။
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကို လျှောက်လှမ်းနိုင်သူ ဖြစ်ရပါစေ။

အထက်တွင်တင်ပြခဲ့သည်များမှာ ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်။
ဆရာတော်ကြီး၏ ဆုတောင်း ဆယ်မျိုးကို သုံးသပ်ကြည့်လျှင် ဆရာတော်ကြီးသည် လောကီစည်းစိမ်နှင့် ဘဝခံစားမှု တစ်စုံတစ်ရာကို ဆုမတောင်းဘဲ လူသားတို့အတွက် ကောင်းကျိုးများကိုသာ ဆုတောင်းခဲ့သည်ကို အတုယူလေးစားဖွယ် လေ့လာရပါသည်။

ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှား သည့် ဆုတောင်းနှင့်ပတ်သက် ဆက်စပ်သောဇာတ်လမ်း တစ်ခုမှာ အကိတ္တိဇာတ် ဖြစ်ပါသည်။ အကိတ္တိဇာတ်လမ်းသည် လည်း အထက်တွင်တင်ပြခဲ့သော ကဏှဇာတ်နှင့် အသွားဆင်တူပင် ဖြစ်ပါသည်။ သို့သော် ဆုတောင်းပုံချင်းကား ကွာခြားပါသည်။
အကိတ္တိ ဟူသော ပါဠိအမည်မှာ အ+ကိတ္တိ = မထင်ရှားသူ၊ မထင်ရှားခြင်း ဟူ၍ မြန်မာအဓိပ္ပာယ် သက်ရောက်ပါသည်။ သို့သော် ဇာတ်လမ်းတွင် ပါဝင်သော အကိတ္တိရသေ့၏ ဆုတောင်းများမှာ ကမ္ဘာကျော် ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်။

အကိတ္တိရှင်ရသေ့၏ မှတ်သား အတုယူဖွယ် ဆုတောင်းများမှာ -
(၁) လောဘမရှိသူ ဖြစ်ရပါလို၏။
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏။
(၃) လူမိုက်ကို ဘဝဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။
(၄) လူမိုက်အကြောင်း ဘဝဆက်တိုင်း မကြားရပါစေနှင့်။
(၅) လူမိုက်နှင့် ဘဝဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။
(၆) လူမိုက်နှင့် ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်။
(၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်။
(၈) ပညာရှိကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။
(၉) ပညာရှိအကြောင်း ဘဝဆက်တိုင်း ကြားရပါစေ။
(၁၀) ပညာရှိနှင့် ဘဝဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။
(၁၁) ပညာရှိနှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ။
(၁၂) ပညာရှိကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။
(၁၃) နံနက် အရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခန်းသည် ဖြစ်ပါစေ။
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။
(၁၈) သိကြားမင်းသည် ငါ၏အထံသို့ နောက်မလာပါစေနှင့်။

အကိတ္တိရှင်ရသေ့၏ဆုတောင်းများကို ခြုံငုံလေ့လာလျှင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည် ဖြစ်ပါသည်။

ဖော်ပြခဲ့ပြီးသည့် သူတော်သူမြတ် သုံးဦး၏ဆုတောင်းများတွင် ဘဝအတွက် ရလိုသည်များကို ဆုတောင်းသည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ် တောင်းဆိုကြ သည်ကို တွေ့ရသည်။ ယနေ့ လူတို့ နေ့စဉ်တောင်းဆိုနေကြသော ဆုတောင်းများနှင့် များစွာ ခြားနားသည်ကိုတွေ့ရပါမည်။

ဆုတောင်းများတွင်လည်း အေးချမ်းမှု အရိပ်အယောင်များကို ခံစား တွေ့မြင်ရသည်။ မိမိဘဝတွင် ဖြစ်ချင်သည် ရလိုသည်များထက် ကမ္ဘာလောကရှိ လူအများ၊ သတ္တဝါအများ၏ ချမ်းသာမှုအကျိုးစီးပွားများ ကို အလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူ ဖွယ်တွေ့ရ သည်။ အတုယူသင့်သည်ဟု စာရေးသူထင် မြင်မိပါသည်။

ပါဠိစာပေတွင် ဤကဲ့သို့သော အေးချမ်းသည့် ဆုတောင်းများ ရှိသကဲ့သို့ အလွန် ရက်စက်သည့် ဆုများစွာကို တောင်းကြသူများကိုလည်း များစွာ မှတ်တမ်းတင်ထားပါသည်။ ရက်စက်ကြမ်းကြုတ်သည့် ဆုတောင်း များဖြစ်သည့်တိုင် ထိုဆုများကို တောင်းဆိုသူများ၏ စိတ်ဓာတ် ပြင်းထန်ပုံ၊ လုံ့လပယောဂကြီးမှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့ဩဖွယ် ပြည့်ဝသည် များကို ပါဠိ နိကာယ်ကျမ်းကြီးများတွင် ဖော်ပြထားပါသေးသည်။

ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး စာဖတ်သူအနေဖြင့် မိမိဘဝနှင့် မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့် ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု စာရေးသူ ယူဆပါသည်။ မိမိချမ်းသာလျှင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျှင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျှင် ပို၍ပို၍ ကောင်းသည်။ တစ်ကမ္ဘာလုံး ချမ်းသာလျှင်ကား အကောင်းဆုံးဟု စာရေးသူ ယူဆပါသည်။
စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိ လူတို့ ချမ်းသာ စေမည့် ဆုထူးဆုမြတ်များကို တောင်းဆိုရရှိကြပါစေဟု ဆုမွန်ပြုအပ်ပါသည်။

(ကျမ်းကိုး-ကဏှဇာတက။ အကိတ္တိဇာတက။ ဇာတက ပါဠိတော်နှင့် အဋ္ဌကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊ အနုပဒဝဂ်၊ သင်္ခါရူပပတ္တိ သုတ္တဝဏ္ဏနာတို့ကို ကိုးကားပါသည်။)
မေတ္တာဖြင့် . . .
အရှင်ကေဝလ(အလင်းစက်)


သူ့စိတ်နဲ့ ကိုယ့်ကို ဖြစ်နေပြီလား


သတ္တလောကဆိုတဲ့ သက်ရှိသတ္တ၀ါများထဲမှာ လူသားဟာ အလုပ်အများဆုံးနဲ့ တူပါရဲ့။ လူနဲ့အနီးဆုံး သတ္တ၀ါ တွေထဲက တိရစ္ဆာန်ကိုပဲကြည့်ဦး သူတို့မှာ နေစရာအတွက် ပူစရာမလိုသလို၊ စားစရာအတွက်လဲ ပူစရာမလိုပြန်ဘူး။ ၀တ်စရာအတွက်ဆိုရင် တွေးကိုတွေးစရာမလိုတာပါ။ မကောင်းကျိုးကို ခံရတဲ့ သတ္တ၀ါတစ်ကောင်အနေနဲ့ အရှက်ဆိုတာ မရှိမှတော့ အ၀တ်ဆိုတာလဲ ဘယ်လိုပါ့မလဲ။ ဒါကြောင့်ပဲ ဘယ်တိရစ္ဆာန်ကြည့်ကြည့် အ၀တ်မရှိ ကြတာလေ။ အ၀တ်အစားမရှိလို့ အအေးပတ်ပြီးသေသွားလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ မြောက်ဝင်ရိုးစွန်းနဲ့ ရေခဲပြင်မှာနေကြတဲ့ ပိုလာဘဲယား ( Polar Bear) တွေ အ၀တ်မ၀တ်ဘဲ တစ်သက်လုံးနေနိုင်သွားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါဟာ အကုသိုလ်ရဲ့ အကျိုးကို အသက်ထက်ဆုံးခံစားသွားရတဲ့အဖြစ်ကြောင့်ပါပဲ။ ပြီးတော့ သူတို့အတွက် စားစရာလဲ လူတွေလို ပူစရာမလိုပြန်ဘူးလေ။ ဘာကြောင့်ဆို တိရစ္ဆာန်တွေအတွက် ဖန်တီးပေး ထားတဲ့ စားသောက်ဆိုင်ဆိုတာ ရှိမှမရှိတာ။ ဗိုက်ဆာရင် သွားရှာ၊ ရှာရင်တွေ့မှာပဲလေ။ ဒါကြောင့် သူတို့က ပူစ ရာကိုမလိုတာ။ ပူစရာလိုတယ်လို့ မထင်အောင်လဲ မောဟ အားကြီးတဲ့ သတ္တ၀ါတွေကိုး။

ဒါပေမယ့် အသိရှိတယ်လို့ ခံယူထားတဲ့ လူသားတွေကတော့ အပူတွေများနေဆဲပါပဲ။ စားစရာအတွက် ပူရတာကတစ်မျိုး၊ ၀တ်စရာအတွက် ပူစရာက တစ်ဖုံ၊ နေစရာအတွက် ကြောင့်ကြရတာက တစ်ကြောင်း ဒါလဲ ဖြစ်သင့်တာပါပဲ။ လူဆိုတာ အရှက်နဲ့ လူလုပ်နေတဲ့ သတ္တ၀ါတွေမို့လား။ ဒါကြောင့်ပဲ ၀တ်စရာဆိုတာ လိုအပ်တယ်လေ။ ပြီးတော့ ဂုဏ်သိက္ခာဆိုတာရှိနေပြန်တော့ စားစရာနဲ့ နေစရာဟာမရှိမဖြစ်နေရာမှာ ရောက်ရှိလာတာပေါ့။ မရှိတာကို ရှိအောင်ရှာဖွေရတာဟာ လူမှန်ရင် လုပ်ကိုလုပ်ရမယ့် အရာတစ်ခုပါပဲ။

လူဆိုတဲ့သတ္တ၀ါဟာ မရှိရင် မတရား လုပ်တတ်တယ်လေ။ ဒုစရိုက်ကို အသိရှိရက်နဲ့ ကျူးလွန်နေတဲ့ သတ္တ၀ါဆိုလို့ လူသားပဲရှိတာ။ ဒါဟာ မရှိရင် မရဘူးဆိုတဲ့ အဓိပ္ပါယ်ကို မီးမောင်းထိုးပြနေတာပါပဲ။ ခက်တာက စားစရာရှာလို့ စားစရာရလာတဲ့အခါ၊ ၀တ်စရာရှိုလို့ ၀တ်လာရတဲ့အခါ၊ နေစရာရှိလို့ ပြည့်လာတဲ့အခါတွေမှာတောင် ရှိတယ်လို့ မထင်တာက ပြဿနာ ရယ်။ တကယ်တော့ လူတွေက ရှိချင်တာသက်သက်ကြောင့် ရှာနေတာမှမဟုတ်တာ။ ပြည့်ချင်လို့ ရှာနေကြတာ။

လိုချင်မှု လောဘအာရုံကို ဖြည့်ပေးလို့ ပြည့်သွားတဲ့သူဆိုတာ သြကာသလောကမှာ မရှိပါဘူး။ အခုလဲ မရှိသလို၊ နောင်လဲရှိလာမှာမဟုတ်ပါဘူး။ ရှိလာ၊ ရလာတာနဲ့ ကျေနပ်ရောင့်ရဲရင် ဘ၀က ထင်သလောက်ခက်ခဲမှာမဟုတ်ပေမယ့် ရတာထက် ပိုရချင်၊ ရှိတာထက် ပိုရှိချင်တဲ့ စိတ်က လူတွေကို အပူထဲ တွန်းပို့သလိုဖြစ်သွား ရတာပါ။

လိုချင်မှုများလာတဲ့ လူတစ်ယောက် လိုချင်တာရလာတဲ့အချိန်မှာ ထီမထင်တဲ့ စိတ်ကြီးတွေ ၀င်လာတတ်ပါတယ်။ ဒါဟာ မာန ဆိုတဲ့ မကောင်းတဲ့ အရာတစ်ခုဝင်လာဖို့အတွက် လမ်းစပေးလိုက်သလိုပါပဲ။ မရှိခင်က ငြိမ်တဲ့စိတ်၊ နူးညံ့တဲ့စိတ်တွေဟာ ရှိလာတဲ့အချိန်မှာ ပြောင်းလဲရင်း လှုပ်လာတတ်တဲ့ သဘောပေါ့။ မသိမသာနဲ့ စိတ်တွေပြောင်းလဲ လာတာကိုလဲ ကိုယ်တိုင်သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့်လဲ ပတ်ဝန်းကျင်ကပြောတာပေါ့။ မာနကြီးသွားပြီလို့။ ဘ၀မေ့သွားပြီလို့လေ။

စိတ်ကိုညစ်နွမ်းစေမယ့် မာန၀င်လာရင် နောက်ထပ်လာမဲ့ မာနဆွေမျိုးတွေက နောက်မှာတန်းစီနေတာရယ်။ အောင်မြင်သွားတဲ့သူတစ်ယောက်က ကျရှုံးတာကို လက်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ ပတ်ဝန်းကျင်က သူ့ကို သူဋ္ဌေးအဖြစ်အသိအမှတ်ပြုထားတော့ သူ့အတွက် ပိုရှိအောင်လုပ်ရတော့မှာလေ။ ရှိတာနဲ့ပဲကျေနပ်နေမယ်ဆိုရင် သူဋ္ဌေးအဖြစ် လူတွေက ကြာကြာဘယ်လက်ခံတော့မလဲ။ ဒါကို ကောင်းကောင်း သိသူက အရှိနောက်လိုက်နေသူ။ အရှိသိက္ခာဆိုတာ ကျစရာလားပေါ့။ ဘ၀မှာ အားလုံးပြည့်စုံနေရင် မမှားဘူးလေ၊ ပြီးတော့ မျက်နှာမငယ်ရတော့ဘူးလေ။ စားစရာရှိ၊ ၀တ်စရာပြည့်၊ နေစရာသိနေတဲ့ သူတစ်ယောက်မှာ အပိုလို ချင်လို့ ဖြစ်လာတဲ့ စိတ်တွေပါ။

ကိုယ်ကကြိုးစားနေပေမယ့် ကိုယ့်ထက်သာသူနဲ့တွေ့ပြန်တော့ စိတ်ထဲက သိပ် မ ကြည်ချင်ဘူး။ ကိုယ်ပဲ ရချင်တာ။ ကိုယ်ပဲ အောင်မြင်ချင်တာ။ ကိုယ့်ကိုပဲ အများက ဂရုစိုက်စေချင်တာ။ အခု တော့ ပတ်ဝန်းကျင်က သူ့ထက် အများကို ပိုဂရုစိုက်နေပြီ။ သူဋ္ဌေးကြီးကိုယ်တိုင်က သူ့ထက်နေရာ ပိုပေးနေပြီ ဆိုတဲ့ အတွေးတွေနဲ့ နေ့နဲ့ ညကို ဖြတ်သန်းနေရပြီ။ အရင် မရှိခင်၊ မပြည့်ခင်က မဖြစ်ဖူးတဲ့ စိတ်တွေ အခုဖြစ်နေ ပြီ။ အရင်က သူများကို ဂရုမစိုက်တဲ့ စိတ်တွေ အခုတော့ ဂရုစိုက်နေရပြီ။ ကိုယ်နဲ့ အတူ အလုပ်လုပ်ပြီး ကိုယ့် ထက်သာမယ်ထင်တဲ့ သူကိုတော့ ကိုယ်သိတာကို မပေးချင်သလို၊ ကိုယ်ရှိတာကိုလဲ မရှယ်ချင်တော့ဘူး။ အရင်က အခေါ်အပြောရှိပေမယ့် အခုဆို တွေ့ရင်တောင် ခပ်ရှောင်ရှောင်ဖြစ်နေပြီ။ ဒါပေမယ့် စိတ်ထဲမှာတော့ သူ့ အကြောင်းတွေကို တွေးမိဆဲ။ သူ့ထက်သာအောင် ငါဘယ်လိုလုပ်ရမလဲလို့ပေါ့။

ပိုရှိချင်တဲ့ စိတ်ကြောင့် နေ့အလင်းကိုလဲ ညအမှောင်လို ဖြတ်သန်းခဲ့ရပြီ။ ကိုယ်တိုင် အထင်သေးမခံချင် (မာန) ဘူးလေ။ သူ့ထက်တော့ နှာတဖြား သာမှ (ဣဿာ)။ ငါသိတာကို သူ့ကိုပြောလိုက်ရင် သူက ငါ့ထက်သာသွားမှာပေါ့ ( မစ္ဆရိယ) ဆိုတဲ့ အတွေးက လူတွေနဲ့ ပိုဝေးစေသလို သူငယ်ချင်းတွေနဲ့နေရင်း အထီးကျန်သလိုဖြစ်စေပါတယ်။ သူများထက် ငါပဲ သာရမယ် ဆိုတဲ့ (အတ္တ) အတွေးက သူကိုပိုအထီးကျန်စေတယ်ဆိုတာာ လူတွေသတိမထားမိလို့။ ဒါက အောင်မြင်လာသူအတွက်။

ပုံမှန်ရှင်သန်သူတွေလဲ သူများလောက်အဆင်မပြေရင်နေ သူများအောက်တော့ မကျချင်တာအမှန်။ ဒါကြောင့် ကြိုးစားရတာပဲ။ အောက်မကျချင် (မာန) တော့ အထက်ရအောင် (ဣဿာ) လုပ်ရမှာပေါ့။ ဒါကြောင့် အလုပ် ကို လုံးဝနောက်ကျမခံနိုင်ဘူး။ သူများထက် အမြန်ရောက်အောင် ဘစ်ကားဂိတ်ဆိုလဲ မြန်မြန်လျှောက်ရ၊ MRT ဆိုလဲ တိုးဝှေ့ရတယ်လေ။ ဒီလိုမှ မလုပ်ရင် အလုပ်ကို အချိန်မီ ဘယ်ရောက်မလဲ ဆိုတဲ့ ဆင်ခြေနဲ့ ကိုယ်ဖြစ်ချင် တာကို ဖုံးလွှမ်းထားတတ်တဲ့အဖြစ်တစ်ခုက နောက်မှာ အရိပ်မည်းလိုရှိနေတာကို သတိမထားမိကြ။

ဒီကြားထဲ အထင်သေးတတ်၊ ကြွားတတ်တဲ့သူတွေနဲ့ ပေါင်းရ၊ ဖေါ်ရရင် သူလိုကြွားတတ်အောင် လုပ်ရတာလဲအမော။ ထားစရာမရှိဘူးဆိုရင်တောင် ကြွားစရာလေးတော့ရှိမှဆိုတဲ့ (မာန) အတွေးလဲ ကြိုးကြား၊ ကြိုးကြားဝင်လာတတ်တာကိုး။ အနည်းဆုံး သူ့လောက်တော့ သုံးနိုင်မှဖြစ်မယ်လေ။ လူဆိုတော့ အဆင့်အတန်းရှိရမှာပေါ့။ မှန်ကန်တဲ့ အတွေးတစ်ခုလားလို့ မတွေးနိုင်ပေမယ့် ဒီလိုပဲ ရှင်သန်ရင်း အသက်တွေရလာရောပေါ့။ အသက်က အတွေ့အကြုံကိုရစေတော့ ပြစရာမရှိဘူးဆိုရင်တောင် အတွေ့အကြုံက သူ့ထက်သာတယ်လို့ အလိုလိုပြောမိပြီးသား။ တောင်းမှာ အကွပ် လူမှာ အ၀တ်ဆိုတဲ့ စကားအတိုင်း အ၀တ်အစားတွေကိုလဲ ရလာတဲ့ လစာနဲ့ စုနေရ တာ အခုဆိုဗီရိုအပြည့်။ ကြွားဖို့ ထည့်ထားတာမဟုတ်ပေမယ့် ကြုံရင်တော့ ကြွားမိရက်သား။

စားစရာဆိုလဲ ဒါ မျိုးကို မစားတတ်ပါဘူးလို့ ပြောမိနေပြီ။ နေစရာဆိုလဲ ဒါကြီးနဲ့ အိပ်ရမှာလားလို့ ရွေးချယ်မိနေပြန်ရော။ အရင်က ရှိတာဝတ်၊ ရတာစား၊ ဖြစ်သလိုနေတတ်ခဲ့ပေမယ့် ပတ်ဝန်းကျင်က သင်ပေးလိုက်တဲ့အတွက် ခေတ်မီတယ်ဆို တဲ့ စကားတစ်ခုနဲ့ ကိုယ့်ရဲ့ စိတ်တွေ၊ အတွေးတွေ၊ အမူအယာတွေ ပြောင်းလဲမှန်းမသိ ပြောင်းလဲခဲ့ရပြီ။ ကိုယ့်ထက်သာတဲ့သူနဲ့ အပြင်သွားရမယ်ဆိုရင် အ၀တ်အစားရွေးရတာလဲ အခါခါ၊ ပိုက်ဆံအိပ်ကြည့်ရတာလဲ အမော။

သြော်........... ဘ၀ရဲ့ အနှစ်သာရဆိုတာ သူများကြိုက်ဖို့အတွက်၊ သဘောကျဖို့အတွက် ကိုယ့်ဘ၀ကို ပြုပြင်ပြီးနေရပါလား။ တကယ်တော့ ကိုယ်စိတ်နဲ့ ကိုယ့်ကိုယ်အတိုင်း ရှိတာကိုဝအောင်စား၊ ရတာကို လှအောင် ၀တ်ပြီး နားစရာနေရာရှိရင်ရင် လုံလောက်ပြီမို့လား။ အခုတော့ လူ့အဆင့်အတန်းမီအောင်ဆိုပြီး တက္ကသိုလ်မှာ ဘွဲ့တွေယူရ၊ နိုင်ငံခြားမှာ ကျောင်းပြန်တက်ရနဲ့ အလုပ်ရှုပ်တဲ့ကြားထဲက အပိုတွေကိုထပ်လုပ်နေရပြီ။ အများ ကောင်းကျိုးအတွက် ငါတက်တယ်ဆိုတဲ့ အတွေးထက် အများထက် အစစအရာရာသာရမယ်ဆိုတဲ့ အတွေး ( မာန) က အများရှိကြမှာပါ။

တကယ်တော့ ဘ၀ကို ပိုင်ဆိုင်ကြသူအားလုံး အေးချမ်းစွာနေချင်ကြသူချည်းပါပဲ။ တိရစ္ဆာန်ပဲ့ဖြစ်နေပါစေ။ အတွေးကတော့ အတူတူပါပဲ။ စားစရာရှိခဲ့ရင် ဗိုက်အတွက် မပူရတော့သလို၊ ၀တ်စရာရှိရင် အလှအတွက်လဲ ပူစ ရာမရှိလိုတော့ဘူးလေ။ နေစရာရှိရင်တော့ ဘ၀အတွက် လုံလောက်ပါတယ်။

ဒါပေမယ့် အပိုလိုချင်၊ အပိုရချင်၊ သူများထက်သာချင်တဲ့ စိတ်က ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ့်ဘ၀နဲ့ ကိုယ့်ခန္ဓာကိုယ်ကို သူများအကြောင်းတွေးရင်း ဘ၀ကိုဖြတ်သန်းနေရပေါ့။ အားလုံးရဲ့ သွားရာလမ်းဟာ မပြောလဲသိနေပေမယ့် နေတုန်းခဏမှာတော့ အ ဆင့်အတန်းရှိချင်တယ်ဆိုတဲ့အတွေးက သူ့စိတ်နဲ့ ကိုယ့်ကိုဖြစ်စေတာပါပဲ။

ခန္ဓာကိုယ်ကြီးသာ ပိုင်ဆိုင်ထားရတာ အဆင့်အတန်းရှိရမယ်ဆိုတဲ့ ကိုယ့်ရဲ့ စိတ်ကတော့ ပတ်ဝန်းကျင်မှာ ကျန်ခဲ့ပြီ။ ဒါဆို သူ့စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်မှတော့ ဒီဘ၀မှာ ကိုယ့်ခန္ဓာကိုယ်ကို ထားခဲ့ပြီး သူ့စိတ်အတိုင်း ( ၀ိသမလောဘ၊ အတ္တ- ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ မောဟ) ဘ၀ကူးရတော့မှာပဲ။

ဒီဘ၀မှာ အောင်မြင်တယ်လို့ အများက သတ်မှတ်ကြပေမယ့် နောက်ဘ၀ကျရင် ရှုံးတယ်လို့ ကံက သတ်မှတ်ပေးမယ့်အဖြစ်မျိုးပါလား။

သူ့စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်အဖြစ် ဘ၀နေ့ရက်ကိုဖြတ်သန်းလာတာ ကြာပါရော့လား။ အသိပေးသူသာ မရှိခဲ့ရင် ဆက်သွားပြီး အရှုံးနဲ့ ကြုံရတော့မယ့်အဖြစ်ရယ်။ ရှိတာကိုစား၊ ရတာကိုဝတ်၊ ဖြစ်တာနဲ့နေရလို့ အများက ရှုံးသူ အဖြစ် သတ်မှတ်ချင် သတ်မှတ်ကြပါတော့။ ကံတရားက အရှုံးသမားအဖြစ် မသတ်မှတ်ရလေအောင် ကိုယ့်စိတ် နဲ့ ကိုယ့်ကိုယ်ဖြစ်အောင် နေမှပါလေ။

စာဖတ်သူများလဲ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုသာဖြစ်ကြပါစေလို့.....................
( အတ္တဒီပါ ဘိက္ခဝေ အတ္တသရဏာ၊ အနညသရဏာ၊ ဓမ္မဒီပါ ဘိက္ခဝေ ဓမ္မသရဏာ၊ အနညသရဏာ= ကိုယ့် ကိုယ်ကိုသာကိုးကွယ်ရာ၊ တရားသည်သာ အားထားရာ တရားတော်ကို ရေးဖွဲ့ခြင်းဖြစ်ပါ၏)

အရိယာတို့၏ မြင့်မြတ်သောနေနည်းများ


အရိယာ ဆိုတာ ကိုယ်အားဖြင့်၎င်း နှုတ်အားဖြင့်၎င်း ထိုမှတဆင့်စိတ်အားဖြင့်၎င်း စောင့်စည်းမှုရှိခဲ့ပြီးသူ။
အရင်းမူလ အနုသယနှင့် တပ်မက်မှု တဏှာကို နှုတ်ပယ်လျှက် ကိလေသာမီးချုပ်ငြိမ်းပြီးသူ။

ငြိမ်းအေးခြင်းသို့ရောက်ရှိ၍ စိတ်သည် ကိုယ်ခန္ဓာ၌ အသုဘ အနိစ္စ စသော အပြစ်တို့ကိုမြင်ပြီး ကိလေသာမှ လွတ်မြောက်ပြီးသူ။

အရိယာသူတော်စင်တို့နေနည်းမှာလည်း လွန်စွာကြည်ညိုထိုက်၏ ။ လေးစားကြည်ညို မြတ်နိုးပူဇော်ထိုက်ပါသည်။

ကောင်းစွာ စီရင်အပ်သော တရားဒေသနာရှိကုန်အပ်သော အရိယာတို့ကိုဖူးမျှော်ရခြင်းသည် ယုံမှားသံသယကင်းစေနိုင်သော နာကြားမှု ဟောကြားဆုံးမခြင်းကိုရစေ၏။ သြဝါဒကိုခံယူကျင့်သုံးခြင်းဖြင့် ပညာတိုးပွားစေ၏ ။

သူတော်ကောင်းတို့ထံသို့မေးလျှောက်ခြင်းသည် ပြဿ     နာ(ယုံမှားခြင်း)ကို ကင်းပြတ်နိုင်ပါသည်။ ပညာလည်းတိုးပါသည်။ အရိယာဝါသသုတ်တွင် အရိယာတို့၏ နေခြင်း ဆယ်ပါးကို အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ မြတ်ဗုဒ္ဓဟောကြားခဲ့ပါသည်။

*နီဝရဏ ငါးပါးကိုပယ်၍နေတော်မူ၏ ။

*အာရုံခြောက်ပါးတို့ကို သိလျှက် ဝမ်းနည်းဝမ်းသာမရှိဘဲ သတိသမ္ပဇဉ်နှင့်ပြည့်စုံလျှက် လျှစ်လျူရှုလျှက်နေတော်မူ၏။

*သတိ တည်းဟူသော အစောင့်အရှောက်ရှိသည့်စိတ်ဖြင့်နေတော်မူ၏ ။

*မှီဝဲသင့်သည်ကို မှီဝဲခြင်း ' သည်းခံသင့်သည်ကို သည်းခံခြင်း 'ရှောင်ရှားသင့်သည်ကိုရှောင်ရှားခြင်း ' ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်ခြင်းဟူသော မှီရာလေးခုဖြင့်နေတော်မူ၏ ။

*လောကသည် မြဲသည် မမြဲသည် ' အသက်သည် ဤကိုယ်ဖြစ်သည်' သတ္တဝါသည် သေပြီးနောက်ရှိသည် မရှိသည် အစရှိသော အမျိုးမျိုးသော သစ္စာဝါဒတို့ကို ပယ်ဖျက်၍ နေတော်မူလေ၏ ။

*ကာမ ' ဘဝ နှင့် အကျင့်မြတ်ဟူသည်တို့၌ ရှာမှီးခြင်းကို စွန့်ပစ်၍ နေတော်မူလေ၏ ။

*ကာမဂုဏ်၌ ကြံစည်မှု ' ပျက်စီးစေရန်ကြံစည်မှု ' ညှင်းဆဲရန်ကြံစည်မှု' အားလုံးကို ပစ်ပယ်၍ မနောက်ကျူသော အကြံဖြင့်နေတော်မူလေ၏ ။

*ဆင်းရဲ ချမ်းသာမရှိသော လျစ်လျှူရှုမှု ဥပက္ခာကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော
စတုတ္ထဈာန်ကို ဝင်စား၍ ကိုယ်ကိုပြုပြင်မှု ကာယသင်္ခါရငြိမ်း၍ နေတော်မူ၏ ။

*ရာဂ ဒေါသ မောဟ တို့မှ ကောင်းစွာလွတ်မြောက်ပြီးသော စိတ်ဖြင့်နေတော်မူ၏ ။

* ဤရာဂ ဒေါသ မောဟတို့ကို အကြွင်းမဲ့ပယ်ဖျက်ပြီးပြီဟု ကောင်းစွာလွတ်မြောက်ပြီးသော
ပညာဖြင့်နေတော်မူခြင်းဟူ၍အရိယာတို့၏ နေခြင်းဆယ်ပါးကို မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ပါသည်။

ဤသို့အရိယာတို့၏ဘဝနေနည်းတရားတော်အား မှတ်သားမိသည့်နေ့မှစ၍ တရားချစ်ခင်သူတော်ကောင်း သူမြတ်လောင်းတို့သည်လည်း အရိယာသူတော်စင်ကြီးများအား ကြည်ညိုမြတ်နှိုးမှုသဒ္ဓါတရားတိုးပွားခြင်းမှအစပြု၍ မိမိတို့၏ ဆိုင်ရာဆိုင်ရာသီလ ကုသိုလ် ဘာဝနာကုသိုလ် အရင်းထားလျက်နှလုံးရွှင်ပြခြင်း ဝမ်းမြောက်ခြင်း ပီတိကိုဖြစ်စေခြင်းတို့မှတဆင့် သုခချမ်းသာခြင်း သမာဓိတရားကိုကျင့်နိုင်ကြပါစေ

ကျင့်သည့်အတိုင်းဟုတ်မှန်စွာသိမြင်ခြင်းဖြင့် မိမိခန္ဓာကိုမတွယ်တာဘဲငြီးငွေ့လျက် တပ်မက်မှုကင်းကွာကြပါစေ။ သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကောင်းစွာမသွေ လွတ်မြောက်နိုင်ကြပါစေ။ ထို လွတ်မြောက်မှုကို သိမြင်ခြင်းဟူသော ကုသိုလ်သီလကြောင့် အရဟတ္တဖိုလ်ထိအဆင့်ဆင့်ဖြစ်ပေါ်လာသော အကျိုးအာနိသင်များကို အထက်ပါအတိုင်း ရရှိနိုင်ကြပါစေသတည်း။

http://thitkhat23.blogspot.sg/2014/12/blog-post_8.html


Thursday 11 August 2016

ရှစ်ပါးသီလ


နမောတဿ        ဘဂဝတော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ       ... ၃ခေါက်

သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ

ပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင်

ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို

အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿ     နတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍

နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အဟံ ဘန္တေ  တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)
အာမ ဘန္တေ

နမော တဿ      ဘဂ၀တော အရဟတော သမ္မာသဗ္မု ဒ္ဓဿ      ( သုံးကြိမ်)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

*အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊

*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊

*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

*၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊

*နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒဿန မာလာဂန္ဒ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
 ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်နံသာ နံသာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏

*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
 မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။